ရွှေတိဂုံစေတီတော်နှင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်တို့၌ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အခမ်းအနားများ ကျင်းပ

 

ရန်ကုန်  ဩဂုတ် ၁၁

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက် ၅ နာရီမှ စတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

 

ရှေးဦးစွာ ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ကြသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) နှင့် အသံမစဲ မေတ္တာပို့ အောင်ပွဲ အခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များက မေတ္တာအခါတော်နေ့ မေတ္တာသုတ် ပါဠိတော်များကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် စေတီတော်ရင်ပြင် ရှေးဟောင်ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ပန်းစေတီများကို ပင့်ဆောင်လျက် ရင်ပြင်တော်တစ်ပတ် လက်ယာရစ်လှည့်လည် ပူဇော်ကြပြီး စေတီတော်ရင်ပြင် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်း မုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာ ဘုရားများအား ပန်းစေတီများကပ်လှူပူဇော်ကြသည်။

 

ဆက်လက်၍ ဝါတွင်းသီလခံယူပွဲနှင့် ရေစက်ချမ င်္ဂလာအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒစရိယ ဆရာတော်ကြီးနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မှုကြပြီး ဂေါပကအဖွဲ့ဝင်များ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက် ကြည်ညိုကြသည်။

 

အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒ စရိယ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ တိပိဋကဓရ ပါဋိ ပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူး ပြည်သူများက ဩဝါဒစရိယဆရာတော်ကြီးနှင့် ပင့်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒ စရိယ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ တိပိဋကဓရ ပါဋိပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှုအစုစုတို့ အတွက်ရေစက်သွန်းချ အမျှပေးဝေးကြသည်။

 

ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များက ဩဝါဒစရိယ ဆရာတော်ကြီးနှင့် ပင့်သံဃာတော်များအား ရွှေတိဂုံစေတီတော် ရောင်တော်ဖွင့် တန်ဆောင်း၌နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့ပြင် ဆဌသင်္ဂါယန သာသနသမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဓမ္မပူဇာ မင်္ဂလာသဘင်အခမ်းအနားနှင့် သက်လွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဂေါပကရုံးရှိ အာရုံခံ တန်ဆောင်းအပေါ်ထပ်၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များက နတ်ဗြဟ္မာများ ပင့်ဖိတ်ခြင်း၊ သမ္မာသမ္ဗုဒ္ဓသုံးလောက ထွဋ်ထားမြတ်စွာဘုရားကို ပင့်လျှောက်ခြင်း၊ ကမ္ဘာအေးဘုရားရှိခိုးဖြင့် ပူဇော်ကန်တော့ခြင်း မေတ္တာသုတ် အမွှန်းကို ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာသုတ်ပါဋိတော်များ ရွတ်ဖတ်ပူဇော်ခြင်း တို့ကို ဆောင်ရွက်ကြသည်။

 

ထို့နောက် သက်လွှတ်ပွဲကို စေတီတော်ရင်ပြင်၌ ဆက်လက်ကျင်းပရာ ရှေးဦးစွာ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များက စေတီတော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ဇီဝိတဒါနအဖြစ် ငှက်များကို လွှတ်ပေးကြကြောင်းသတင်းရရှိသည်။

 

သတင်း-ဓါတ်ပုံ-ကိုကိုဇော်(သတင်းစဉ်)