ရေရှည်တည်တံ့ခိုင်မြဲ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း

၁၀ ဧပြီ

 

၁၉၆၂ ခုနှစ်၌ ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာအား သိမ်းယူ၍ဆိုရှယ်လစ်စနစ် ထူထောင်နိုင်ရန် အတွက် တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းအားလုံးကို နိုင်ငံတော်ပိုင်ပြုလုပ်ခဲ့ပါသည်။ ဤလုပ်ရပ်သည် တိုင်းပြည်၏ စီးပွားရေးယန္တရားတစ်ရပ်လုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေခဲ့ပါသည်။အစားထိုး အကောင်အထည် ဖော်ခဲ့သော ဆိုရှယ်လစ်စီးပွားရေးစနစ်၏ မူဝါဒအမှားအယွင်းနှင့် အလွဲလွဲအချော်ချော် စီမံခန့်ခွဲမှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်ခဲ့ရပါသည်။ တပ်မတော်ကအုပ်ချုပ်ခဲ့သည့်ကာလ၌ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံး အကောင်အထည်ဖော်ခဲ့သော်လည်း သယံဇာတ အားပြုစီးပွားရေးကိုယုံကြည်ရာ ကုမ္ပဏီကြီးတို့ဖြင့်သာ အကောင်အထည်ဖော်ခဲ့သောကြောင့် တိုင်းပြည် စီးပွားရေး၏ အခြေခံသည် ကျဉ်းမြောင်းခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ် ဟန်ချက်ညီညီ စနစ်တကျ အပြည့်အဝ လည်ပတ်ရေးကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိပါ။

 

လူထုအစိုးရသစ်သည် ဤသမိုင်းအမွေအားလုံးကို လွှဲပြောင်းလက်ခံရယူခဲ့ရပါသည်။ သို့ဖြစ်ပါ၍ လူထုအစိုးရသစ်၏ အဓိကတာဝန်တစ်ရပ်မှာဈေးကွက်စီးပွားရေးစနစ် ဟန်ချက်ညီညီ စနစ်တကျ အပြည့်အဝလည်ပတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံတော်ယန္တရားများ အချင်းချင်းကြား၌ လည်းကောင်း၊ နိုင်ငံတော်ယန္တရားများနှင့် ပုဂ္ဂလိကကဏ္ဍတို့ကြား၌ လည်းကောင်း ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်ရေးကို လူထုအစိုးရသစ်က ပုံဖော်ဖန်တီးပေးရမည် ဖြစ်ပါသည်။ လူထုအစိုးရသစ်၏ နှစ်နှစ်တာ အုပ်ချုပ်မှုကာလအတွင်းပြည်ထောင်စုဝန်ကြီးဌာနတို့၏ လုပ်ငန်းစီမံကိန်းတို့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့၏ လုပ်ငန်းစီမံကိန်းတို့ကြား ဆက်စပ် ချိတ်ဆက်မှုသည် အားနည်းနေဆဲဖြစ်ပါသည်။ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership)သည်လည်း အားနည်းနေဆဲဖြစ်ပါသည်။ တိုင်းပြည်၏ စီးပွားရေးလုပ်ငန်း စီမံကိန်းတို့အား အာဆီယံစီးပွားရေးရိပ်မြုံ (AEC)ကဲ့သို့သော နိုင်ငံတကာစီးပွားရေးလုပ်ငန်းတို့နှင့် ဆက်စပ်အကောင်အထည်ဖော်မှုမှာလည်း အားနည်းနေဆဲဖြစ်ပါသည်။ တိုင်းပြည်၏ ဖြတ်သန်းခဲ့သော သမိုင်းကြောင်းအရ လူထုအစိုးရသစ်သည် ဤစိန်ခေါ်မှုတို့ကို ရုတ်တရက်ချက်ချင်း ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပါ။

 

လူထုအစိုးရသစ်အနေဖြင့် ဤစိန်ခေါ်ချက်တို့ကို ရုတ်တရက် ချက်ချင်းကိုင်တွယ်ဖြေရှင်း၍ မရနိုင်သော်လည်း ဤစိန်ခေါ်ချက်တို့ကို သုံးသပ်ခြင်းအားဖြင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းတို့ကြား မည်ကဲ့သို့ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်မည်ကို ပုံဖော်ချမှတ်နိုင်မည် ဖြစ်ပါသည်။ ဤကဲ့သို့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်ရေးကို ဦးတည်လျက် လူထုအစိုးရသည် ရေရှည်တည်တံ့ခိုင်မြဲဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတစ်ရပ်ကို ရေးဆွဲလျက်ရှိပါသည်။ အဆိုပါ ရေရှည်တည်တံ့ခိုင်မြဲဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရေးဆွဲရာ၌ မဏ္ဍိုင်ကြီးသုံးရပ်အပေါ် အခြေခံထားပါသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မဏ္ဍိုင်တစ်ခု၊ သာယာဝပြောမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် မဏ္ဍိုင်တစ်ခု၊ လူသားများနှင့်ကမ္ဘာမြေသည် မဏ္ဍိုင်တစ်ခု ပေါင်း သုံးခုဖြစ်ပါသည်။ ဤအခြေခံမဏ္ဍိုင်ကြီး သုံးရပ်အပေါ်မူတည်၍ ရည်မှန်းချက် ငါးရပ်ချမှတ်ထားပါသည်။

 

ဤရည်မှန်းချက် ငါးရပ်အပေါ်အခြေခံ၍ မဟာဗျူဟာ (၂၈)ခုကိုရေးဆွဲထားပြီး ဤမဟာဗျူဟာတို့ကို အကောင်အထည်ဖော်ပေးမည့် လုပ်ငန်းအစီအစဉ်၂၃၈ ကိုလည်း ချမှတ်ထားပါသည်။ ဤသည်တို့မှာ ရေရှည်တည်တံ့ခိုင်မြဲ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ အဓိကလက္ခဏာရပ်များ ဖြစ်ပါသည်။ အထက်၌ ဖော်ပြထားသည့် အချက်အလက်တို့ကို သုံးသပ်ခြင်းအားဖြင့် လူထုအစိုးရသစ်သည် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဆုတ်မနစ်လေးလေးနက်နက် အကောင်အထည်ဖော်နေသည်မှာ ပေါ်လွင်ထင်ရှားပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။