ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ကြရာတွင် ရေနှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရန် လိုအပ်လျက်ရှိ

နေပြည်တော် ၂၂ ဖေဖော်ဝါရီ

ကမ္ဘာ့ရေနေ့ ၂၀၁၈ (World Water Day 2018) အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြား သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားအဆင့် ရေ အရင်းအမြစ် ကော်မတီဝင်များ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့ အစည်းများမှကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ရေချိုရရှိမှု၏ အရေးပါမှုနှင့် ရေချို အရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းသုံးစွဲနိုင်ရေး အာရုံစိုက်လာစေရန် မတ်လ (၂၂) ရက်ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလျှက် ရှိနေကြပါကြောင်း၊ ကမ္ဘာ့ရေနေ့သည် ရှားပါးသည့် အရင်းအမြစ်များ၏ စဉ်ဆက် မပြတ်တည်ရှိမှုကို အသုံးပြုနေသော အနာဂါတ်စိန်ခေါ်မှုများအတွက် ပြင်ဆင်ရန်သတိပေးသည့် နေ့တစ်နေ့လည်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု လုပ်ငန်းများကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် ရေနှင့်ဆက်နွှယ်သည့် နိုင်ငံတကာပူးပေါင်း လှုပ်ရှားမှုများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင်၂ဝ၁၄ ခုနှစ်မှစတင်၍ ကမ္ဘာ့ရေနေ့အထိမ်းအမှတ် အခမ်းအနား များကို အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကကြီးမှူး၍ ရေနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်သူများ၊ အစိုးရမဟုတ်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပ လျက်ရှိပါကြောင်း။

၂၀၁၈ခုနှစ်ကမ္ဘာ့ရေနေ့၏ အထူးပြုအကြောင်းအရာမှာ “Nature for Water” (ရေ အတွက်သဘာဝပတ်ဝန်းကျင်)ဖြစ်ပါကြောင်း၊ ၂၁ရာစုနှစ်အတွက် ရေဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် တည်ရှိနေသည့် သဘာဝပတ်ဝန်းကျင် အခြေအနေများကို မည်သို့အသုံးပြုနိုင်မည်ဆိုသည်ကို ဖော်ထုတ်ရန်ရည်ရွယ်၍ “Nature for Water” (ရေအတွက် သဘာဝပတ်ဝန်းကျင်) ဟုသတ်မှတ်ခြင်းဖြစ်ပါကြောင်း။ သဘာဝအခြေအနေများမှ ရှာဖွေတွေ့ရှိထားသည့် ရလဒ်များကိုအသုံးပြု၍ ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ရေထုညစ်ညမ်းမှု လျှော့ချခြင်းတို့တွင် အဖြေရှာဆောင်ရွက်နိုင်ရေး အတွက်လည်းဖြစ်ပါကြောင်း။

ယနေ့ ကမ္ဘာ့လူဦးရေ၏ (၂ ဒသမ ၁)သန်းခန့်သည် မိမိတို့အိမ်များတွင် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့်အတွက် ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိနေပါကြောင်း၊ ထို့ကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (Sustainable Development Goal)များတွင် “၂ဝ၃ဝ ပြည့်နှစ်၌ လူသားတိုင်းအတွက် ရေနှင့် မိလ္လာစနစ် ရရှိနိုင်ရေးနှင့် ရေရှည်စီမံခန့်ခွဲနိုင်ရေး” ဟူ၍ ရည်မှန်းချက်အမှတ် စဉ်(၆)တွင် ထည့်သွင်းဖော်ပြထားပါကြောင်း။

ရေသည်သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ပါကြောင်း၊ ရေသည် လူသားများအသက်ရှင်သန်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက်မရှိမဖြစ် လိုအပ်သကဲ့သို့ တစ်ဘက်တွင်လည်း ရေကြောင့်ပင်သေကြေပျက်စီးဆုံးရှုံးရသည့် သဘာဝဘေး အန္တရာယ်များနှင့်လည်း ရင်ဆိုင်နေရပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ရေနှင့်ဆက်နွှယ်သည့် အခက်အခဲ ပြဿနာများကိုကမ္ဘာ့နေရာ အနှံ့အပြားတွေ့ကြုံ နေရပါကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ကြရာတွင် ရေနှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အင်တိုက်အားတိုက် ဆောင်ရွက်သွား ရန်လိုအပ်လျက်ရှိပါကြောင်း၊ တစ်ဘက်တွင်လည်း လူများ၏ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်နှင့်သက်ရှိများ ဘေးအန္တရာယ်မဖြစ်စေရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် အလယ်ပိုင်း ခြောက်သွေ့ဒေသများမှ လွဲ၍ ကျန်ဒေသများတွင် မိုးကောင်းမွန်စွာ ရွာသွန်းလေ့ရှိပြီး မြစ်ချောင်းများ၊ သဘာဝရေကန်များနှင့် ရေခိုအောင်းလွှာ အမြောက်အများရှိနေပါကြောင်း၊ လူဦးရေအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ရေးအတွက်ဖြစ်စေ လုံလောက်သည့် ရေအရင်းအမြစ်များရှိသည်ဟု ဆိုနိုင်ပါကြောင်း၊ ရေအရင်းအမြစ်ကို အသုံးချနိုင်မည့် အခွင့်အလမ်း (Potential) များပြားပါကြောင်း၊ အဆိုပါအခွင့်အလမ်းများကို အသုံးချနိုင်ရန် လိုအပ်နေဆဲ ဖြစ်သည့်အတွက် နိုင်ငံ အများစုကဲ့သို့ ရေကြီးခြင်း၊ ရေရှားပါးခြင်းနှင့် ရေထုညစ်ညမ်းခြင်းစသည့် ရေနှင့်ဆက်နွှယ်သည့် ပြဿနာများကို ခံစားနေရပါကြောင်း၊ ထို့ကြောင့်နိုင်ငံ၏ ရေအရင်းအမြစ်များ ကိုထိရောက် စွာစီမံခန့်ခွဲနိုင်ရေး၊ ထိရောက် ကောင်းမွန်သောရေကိုသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်း သိမ်းနိုင်ရေး၊ ရေသိုလှောင်နိုင်ရေး၊ ဝန်ကြီးဌာနအလိုက်မျှတစွာ ရေခွဲဝေသုံးစွဲနိုင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ရေနှင့်ဘတ်ဂျတ် ခွဲဝေသုံးစွဲနိုင်ရေးတို့အတွက်ရေနှင့် ဆက်နွှယ်သည့် ဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်း၍ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု (IWRM) ကိုအကောင်အထည်ဖော်ရေးသည် အရေးကြီးလှပါကြောင်း။

၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံကအိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့သည့် “အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများအတွက်အရေးပါသော တတိယအကြိမ် အာရှ-ပစိဖိတ်ရေ ညီလာခံ”တွင် ကောင်းမွန်သော ရေသံသရာစီမံခန့်ခွဲမှု ၊ စီမံအုပ်ချုပ်မှုနှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းပြီး ရေရှည်ရရှိနိုင်မည့် သောက်သုံးရေပေးဝေရေး၊ မိလ္လာစနစ်နှင့် ရေဆိုးစီမံခန့်ခွဲမှု ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရေးနှင့် တိုးချဲ့ရေးတို့အတွက် နိုင်ငံတော်အဆင့်၊ ဒေသန္တရအဆင့် ထိန်းသိမ်းကြီးကြပ်ရေး စီမံကိန်းများ ထူထောင်ရေး အပါအဝင် ရေနှင့် ဆက်နွှယ်သည့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအတွက် ငွေကြေးထောက်ပံ့ခြင်းကို စောင့်ကြည့်သည့် ဒေသတွင်း စနစ်တစ်ခု ထူထောင်ရေးတို့ကို ထည့်သွင်းဆွေးနွေး ခဲ့ပါကြောင်း။ ဆွေးနွေးမှုရလဒ်အဖြစ် Yangon Declaration ကို ထုတ်ပြန် ကြေညာခဲ့ပြီး ၂ဝ၁၈ခုနှစ်၊မတ်လအတွင်းဘရာဇီးနိုင်ငံတွင် ကျင်းပမည့် World Water Forum 2018 တွင် ထည့်သွင်း ဆွေးနွေးနိုင်ရေးအတွက် အာရှ - ပစိဖိတ်ရေဖိုရမ်နှင့် ပူးပေါင်းပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း။

၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၈ခုနှစ်အထိကို “ရေဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ အတွက်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ဆယ်စုနှစ်” ဟု ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံက သတ်မှတ်ထားပါကြောင်း။

အဆိုပါ ဆယ်စုနှစ်အတွက် ရည်ရွယ်ချက်များလည်းချမှတ်ထားပါကြောင်း၊ ရေဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆယ်စုနှစ်ကို ဒေသတွင်း၌သာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ အတူတကွ ပါဝင်အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။

ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအတွက် အဓိကလိုအပ်နေသည့်လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ဖွံ့ဖြိုးတိုးတက်မှုများရရှိရေးအတွက် မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ရေအရင်းအမြစ်များ အားလုံးကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် အဓိကကျသည့် မြစ်များနှင့် မြစ်ဝှမ်းများကို စနစ်တကျစီမံခန့်ခွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ လိုအပ်သည့်ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများနှင့် ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်များ တည်ဆောက်မှုနှင့် အတူရေနှင့်ဆက်နွှယ်သည့် ဌာနအဖွဲ့ အစည်းများရှိဝန်ထမ်းများနှင့် ပတ်သက်ဆက်နွှယ်သူများအားလုံးကို လည်းစွမ်းဆောင်မှု အရည်အသွေးမြှင့်တင်ရေး လုပ်ငန်းများကိုတစ်ပြိုင်တည်း ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း။

နိုင်ငံအတွက်အရေးပါသည့် ရေနှင့်ဆက်နွှယ်သောရေပေးဝေမှု၊ မိလ္လာနှင့် ရေသန့် စနစ်များပြည့်စုံကောင်းမွန်စေရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေအားလျှပ်စစ်၊စက်မှုလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး စီမံဆောင်ရွက် မှုများတွင် အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ရေအသုံးပြု သူများ အကြားရေသုံးစွဲမှုနှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတ၊ နည်းပညာပူး ပေါင်းဆောင်ရွက်ရေး၊ ဆွေးနွေးတိုင်ပင်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း တိုးမြှင့် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါ ကြောင်း။

ယနေ့ကျင်းပသည့် ကမ္ဘာ့ရေနေ့ -၂ဝ၁၈ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအပါအဝင်ရေနှင့် ဆက်နွှယ်သက်ဆိုင် သူများအားလုံး၏ ဆွေးနွေးအကြံပြုချက်များသည် နိုင်ငံ၏ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုအတွက် လိုအပ်သည့် မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် များစွာ အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ ရေဆိုင်ရာ လုပ်ငန်းများသည် နိုင်ငံအသီးသီး၏ဖွံ့ဖြိုး တိုးတက်မှုများအတွက် အဓိကကျသည့် လုပ်ငန်းများဖြစ်သည့်အတွက် မှန်ကန်သည့် အကျိုးရလဒ်များရရှိစေရန် ကမ္ဘာ့ကုလ သမဂ္ဂမှချမှတ်ထားသည့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (Sustainable Development Goals) ကို ဆက်လက် ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့်ရေ အရင်းအမြစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Video Projector ဖြင့် ရှင်းလင်းပြသသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ရေနေ့ ၂၀၁၈ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens၊ World Bank Country Director Ms. Ellen Goldstein နှင့် တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ကမ္ဘာ့ရေနေ့ ၂၀၁၈ အခမ်းအနားတွင် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ၊ စဉ်ဆက်မပြတ်ဆည်မြောင်းဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုများနှင့်အဖြေများ၊ ရေကြီးရေလျံမှုအတွက် ကြိုတင်သတိပေးစနစ်၊ ကုန်းတွင်းပို့ဆောင်မှု အနေအထားနှင့် ဖွံ့ဖြိုးရေးစီမံချက်၊ အမျိုးသားရေဖြန့်ဝေမှု မြောင်းများနှင့် သန့်ရှင်းရေးအတွက် တည်ဆောက်မှုများ၊ ရန်ကုန်ကြေငြာချက် အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ရေနှင့်ပတ်သက်သည့် ပါဝင်ထောက်ပံ့ မှုများ၊ မြန်မာရေချိုကဏ္ဍ၊ စိုက်ပျိုးရေးအခြေပြု လုပ်ငန်းများအတွက် ရွှေ့လျားရေစွမ်းအား ဆိုင်ရာအခြေအနေများ၊ ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ တက်လှမ်းမှုများ၊ မြန်မာနိုင်ငံအတွင်းရှိ အဓိက ရေဝေရေလဲ ဒေသကြီးများတွင် ရေအရင်းအမြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကနဦးဆောင်ရွက်မှုများ၊ ရေဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုနှင့် လုပ်ငန်းများကို ပြည်သူလူထုထံ အသိပညာပေးဖြန့်ဖြူးခြင်း၊ ရေအတွက် သဘာဝပတ်ဝန်ကျင်၊ မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း စက်မှုလုပ်ငန်း၊ ရေနှင့်ကျန်းမာရေး၊ ရေထိန်းသိမ်းရေးနှင့် ရေဘေးအန္တရာယ် ကာကွယ်ခြင်း၊ ရေအရင်းအမြစ်စီမံခန့်ခွဲခြင်း၊ ကျေးလက်ရေပေးဝေရေး ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ၏ ရေဘောတူညီချက်နှင့်မြန်မာ၊ ဧရာဝတီရေအရင်းအမြစ် များ အသုံးချမှု၊ တောင်တမန်အင်း ရေညစ်ညမ်းမှုမှ သင်ခန်းစာများ၊ ဧရာဝတီမြစ်ဝှမ်းဒေသ အစီရင်ခံချက်၊ ချင်းတွင်းမြစ်ဝှမ်းဒေသ အဖွဲ့အစည်းမှတစ်ဆင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ထိန်းသိမ်းမှု၊ ဧရာဝတီမြစ်ကြောင်းပို့ဆောင်ရေး၊ ဧရာဝတီ မြစ်နှင့်မြန်မာ့စီးပွားရေး၊ သဘာဝဘေးလျော့ပါးရေး ရှုထောင့်၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်း အပါအဝင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ နိုင်ငံတကာ ရေအသုံးချမှု စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံရှ ိရေအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ၊ မြန်မာ့စွမ်းအင် စီမံချက်၊ လူငယ်အင်ဂျင်နီယာများ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ အဆိုအမိန့်များ၊ မြန်မာနိုင်ငံရှိ သဘာဝကန်ကြီးများတွင် ရေနှင့်ပတ်သက်သည့် ရောဂါဖြစ်ပွားမှုအခြေအနေ ထိန်းချုပ်ခြင်း ဆိုင်ရာအကြောင်းအရာများနှင့် ဘရာဇီးနိုင်ငံတွင်ကျင်းပမည့် ၈ ကြိမ်မြောက် ကမ္ဘာ့ ရေဖိုရမ်တွင် ထည့်သွင်းဆွေးနွေးမည့် အကြောင်းအရာများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။