ရွှေရောင်လွှမ်းမည့် နေ့သစ်များကို ဂုဏ်ပြုကြိုဆိုခြင်း

ကမ္ဘာတစ်ဝန်းလုံးတွင် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေအနေကို အသားပေးဖော်ဆောင် ရာတွင် အားကစားကဏ္ဍမှာ တစ်ခုအပါအဝင်ဖြစ်ပါ သည်။ အားကစား အဆင့်အတန်းမြင့်မားလာသည့် အလျောက် နိုင်ငံမှာလည်း အရှိန်အဝါတင့် ဂုဏ်ဝင့် ထည်လာနိုင်စေသည်။ အားကစားအောင်မြင်မှုမှ တစ်ဆင့်ရရှိလာသော အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မား ရေး စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ကိန်းဝပ်လာနိုင်ပေသည်။

ရှေးက အိုလံပစ်အားကစားပြိုင်ပွဲကို ဘီစီ ၇၇၆ ခုနှစ်ကတည်းက ကျင်းပခဲ့သိဟုသိရှိခဲ့ရသည်။ အိုလံပစ်အားကစားပြိုင်ပွဲမှာ သက်တမ်းရှည်ကြာသော အားကစားပြိုင်ပွဲ တစ်ခုဖြစ်ပြီး ပထမဆုံးအိုလံပစ် အားကစားပြိုင်ပွဲတော်ကို ဂရိနိုင်ငံ အေသင်မြို့တွင် စတင်ကျင်းပခဲ့သည်။ ကမ္ဘာ့အားကစားလောကတွင် အကျော်ကြားဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံတကာမှ အားကစားသမားမြောက်မြားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်ခွင့်ရရှိသည့် အားကစားသမားများမှာလည်း ကြီးမားသောအခွင့်အရေး၊ အောင်မြင်မှု လက်ဝယ်ပိုင်ပိုင်ရရှိသည့်အလား စိတ်မှာခံစားကြရ သည်။

အနိုင်မခံအရှုံးမပေး စိတ်ဓာတ်

အားကစားပြိုင်ပွဲများသည် ချစ်ကြည်ရေးကို အခြေခံ လျက်ရှိပေသည်။ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်သည်ကား အားကစားစိတ်ဓာတ်ဖြစ်သည်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရေးကို မထိခိုက်၊ ပိုမိုရင်းနှီးလာ ဖွယ်သာရှိသည်။ သန့်ရှင်းသော အားကစားစိတ်ဓာတ်များလည်း ပိုမိုဖြစ်ထွန်းလာနိုင်သည်။ သန့်ရှင်းသော ယှဉ်ပြိုင်ခြင်းသည် ရွှေကို မှတ်ကျောက်တင်ခံနိုင်သည့် အလား စံအခြေခံကောင်းများ ပိုင်ဆိုင်နိုင်ပေသည်။ တည်ငြိမ်လေးနက်သည့် အဓိပ္ပာယ်ကို ဖော်ဆောင်ပြီး ဘဝအဆင့်အတန်းမြင့်မားရေး၊ ထိုစိတ်ဓာတ်က ရေရှည်ဖေးကူသွားနိုင်သည်။

အားကစားသည် အရောင်အသွေး၊ အဆင်း တူညီသည်။ ကာလာမခွဲခြားဘဲ ယှဉ်ပြိုင်မှုကိုသာ ဦးတည် သည်။ ဇွဲ၊ လုံ့လ၊ ဝီရိယကို အခြေခံသည်။ ပြိုင်ဘက် ကောင်းကို ကြိုဆိုသည်။ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းကို ဗွေမယူဘဲ သင်ခန်းစာယူသည်။ အိမ်ကွင်း၊ အဝေးကွင်း မခွဲခြား တစ်သားတည်းတည်ရှိသည်။ စိုးရိမ်ထိတ်လန့်မှုကို ကျွမ်းကျင်မှုဖြင့် အနိုင်ယူစေသည်။ အိမ်ရှင်ကျင့်ဝတ်နှင့်အတူ အေးချမ်းတည်ငြိမ်မှုကို ပြသနိုင်ပြီး ကမ္ဘာ့အလယ်တွင် နိုင်ငံကြီးသားပီသသည့် စိတ်ဓာတ်ကို လှစ်ဟပြသနိုင်စေသည်။ လူအချင်းချင်း မေတ္တာမကင်းရင်းနှီးကြသည့် မိသားစုစိတ်ဓာတ်ကို မီးမောင်းထိုးပြသည်။

ကမ္ဘာကသိအောင် ပြသ

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ဖြစ်သည့် မိမိတို့ မြန်မာနိုင်ငံမှာလည်း ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးကို အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်တွင် ခမ်းနားကြီးကျယ်စွာ လက်ခံကျင်းပ ပေးနိုင်ခဲ့သည်။ ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် ထူးခြားဆန်းပြားသော အက၊ အလှ၊ ရိုးရာပြကွက်များဖြင့် မြန်မာ့အလှ၊ မြန်မာ့စိတ်ထားကို ကမ္ဘာကသိအောင် ပြသနိုင်ခဲ့သည်။ ဒေသတွင်းနိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေသော ပွဲတော်ကြီးလည်း ဖြစ်ပါသည်။ နှစ်နှစ် လျှင် တစ်ကြိမ်သာ ကျင်းပခွင့်ရသည့်ပွဲတော်ကြီးတွင် အာဆီယံဒေသတွင်း နိုင်ငံများမှ အားကစားနည်း အလိုက် အင်တိုက်အားတိုက် ကြိုးစားယှဉ်ပြိုင်ဆင်နွှဲခဲ့ သည်ကို တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ဆု တံဆိပ်ရရှိမှုမှာ ရွှေ ၈၆ ခု၊ ငွေ ၆၂ ခု၊ ကြေး ၈၅ ခုဖြစ်ပြီး အဆင့်ရပ်တည်မှုမှာ ဒုတိယနေရာတည်ရှိခဲ့သည်။ မြန်မာ့အားကစားသမားများမှာ ဆုတံဆိပ်အမျိုးမျိုးဖြင့် နိုင်ငံ့ဂုဏ်ကို ထူးကဲစွာဂုဏ်ဆောင်နိုင်ခဲ့ကြလေသည်။

အတွေ့အကြုံများစွာရရှိခဲ့

ထို့အပြင်မြန်မာ့ခြင်းလုံးအားကစားမှာ အောင်မြင်ခဲ့ သည်ဟုဆိုရပေမည်။ ခြင်းလုံးသည် မြန်မာ့ရိုးရာ အားကစားနည်း တစ်ခုလည်းဖြစ်သည်။ လူအများစုနှင့် ရင်းနှီးကျွမ်းဝင်ပြီး မြို့ပြ၊ ကျေးလက်မကျန် ကစားလေ့ရှိသော အားကစားနည်း ဖြစ်သည်။ လူကြီးများ သာမက လူငယ်၊ လူလတ်မကျန် ဝါသနာအရ ခြင်းခတ် ကြလေ့ရှိသည်။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်းကို ပထမဆုံးအကြိမ်ဖြစ် ထည့်သွင်းကျင်းပနိုင်ခဲ့ခြင်းက မြန်မာလူမျိုးတစ်စုလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ် ကောင်းလွန်းလှပါသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများစွာရှိသည့်အနက် ထင်ရှားလေးနက်သည့် အာဆီယံအဆင့် အားကစား ပြိုင်ပွဲများမှာ ဆီးဂိမ်းပြိုင်ပွဲ၊ မသန်စွမ်း အားကစားပြိုင်ပွဲနှင့် တက္ကသိုလ်များအားကစား ပြိုင်ပွဲတို့ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ နှင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတို့ကို အောင်မြင်စွာ လက်ခံကျင်းပပေးနိုင်ခဲ့ပြီ ဖြစ်သည်။ မိမိတို့နိုင်ငံမှာလည်း အိမ်ရှင်နိုင်ငံအဖြစ် အတွေ့အကြုံများစွာရရှိခဲ့သည်။ အလားတူပြိုင်ပွဲများ ဆက်လက်ကျင်းပနိုင်ရေး အတွေ့အကြုံကောင်းများရရှိခဲ့သဖြင့် ကြိုတင်ပြင်ဆင်မှု၊ လေ့ကျင့် အားထုတ်မှုတို့ကို ကောင်းစွာပြုလုပ်နိုင်ခဲ့ကြပေသည်။

အာဆီယံအဆင့် တက္ကသိုလ်များအားကစားပြိုင်ပွဲ ကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံများအတွင်း နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့သော အားကစားပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ မြန်မာတက္ကသိုလ် အားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲအစကာလတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်မတိုင်မီ ကျန်နှစ်များအတွင်း ဝင်ရောက်ယှဉ်ပြိုင် နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ ပြိုင်ပွဲစဉ် တစ်လျှောက် ဆုတံဆိပ်ရရှိခဲ့မှုမှာ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် ၁၄ ခုရရှိခဲ့ပြီး ပိုက်ကျော်ခြင်း အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု ဆွတ်ခူးနိုင်ခဲ့ ကြောင်း လေ့လာသိရှိခဲ့ရ ပါသည်။

မျှော်လင့်ချက်ကိုယ်စီဖြင့်

၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ဒီဇင်ဘာလ ၈ ရက်မှ ၁၉ ရက် အထိ လက်ခံကျင်းပပေးခွင့်ရရှိခဲ့သည်။ အိမ်ရှင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘော ဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တီမောနှင့် ဘရူနိုင်းနိုင်ငံ ၁၁ နိုင်ငံဖြင့် အင်အား ၂၀ဝ၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပေသည်။ အားကစား ပြိုင်ပွဲများတွင် တက္ကသိုလ်အသီးသီးမှ အားကစား မောင်မယ်များဖြင့် အားကစားနည်း ၁၇ နည်းမျိုး၊ ပြိုင်ပွဲအမျိုးအစား ၂၀၁ မျိုး ယှဉ်ပြိုင်သွားမည်ဟုလည်း သိရှိရပါသည်။ ပြိုင်ပွဲများမှာ ဘောလုံး၊ မြားပစ်၊ စစ်တုရင်၊ ဂေါက်သီး၊ ပြေးခုန်ပစ်၊ ပီတန်း၊ လှေလှော်၊ တင်းနစ်၊ ရေကူး၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ ဗိုဗီနမ်၊ ကြက်တောင်ရိုက်၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံးအားကစားနည်းများ ပါဝင်နေသည်ကို တွေ့ရသည်။ နိုင်ငံအလိုက် အားကစားတက္ကသိုလ် မောင်မယ်များသည် မိမိတို့နိုင်ငံအတွက် ဖြူစင်ထိုက်တန်သော ရွှေတံဆိပ်ဆုများရယူပေးနိုင်ရန် မျှော်လင့်ချက် ကိုယ်စီဖြင့် ယှဉ်ပြိုင်ကစားကြမည်ကို ယုံကြည်မျှော်လင့်မိပါသည်။

မြန်မာ့အားကစားမောင်မယ်တို့မှာလည်း မိမိနိုင်ငံ၊ မိမိလူမျိုး ဂုဏ်ယူဖွယ် ရွှေတံဆိပ်ဆုများ ရယူနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။ ပွဲမဝင်ခင် ကြိုတင်ပြင်ဆင်မှုများစွာဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ပိုက်ကျော်ခြင်းနဲ့ ရိုးရာခြင်းလုံး အားကစားပြိုင်ပွဲများကို အောင်နိုင်ရေးစိတ်ဓာတ်ဖြင့် ကြိုတင်လေ့ကျင့် ထားခဲ့ကြသည်။ လက်ရွေးစင်အားကစားသမား အသီးသီးရွေးထုတ်ပြီး အားကစားရွာတွင် စခန်းသွင်းလေ့ကျင့် ပေးနိုင်ခဲ့သည်။ ထိုက်တန်စွာ ဆွတ်ခူးရယူမည့် ဆုတံဆိပ်များအတွက် မကြာမီ အချိန်ကာလတွင် စိတ်ကူးအိပ်မက်အသီးသီး အကောင်အထည် ပေါ်လာတော့မည် ဖြစ်ပါသည်။

ထို့အတူ အလေ့အကျင့်များခြင်းသည် အောင်မြင်မှုကို ဖြစ်စေနိုင်ကြောင်း လက်တွေ့နယ်ပယ်တွင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်တော့မည်ဖြစ်သည်။ မြန်မာလူမျိုးများသည် ယဉ်ကျေးသော၊ ဖော်ရွေပျူငှာသော အိမ်ရှင်စိတ်ဓာတ်အပြည့် ရှိသူများဖြစ်ကြသည်။ မြန်မာ့စိတ်ရင်းဖြင့် နိုင်ငံတကာမှ လာရောက်ယှဉ်ပြိုင်သူများကို နွေးထွေးစွာ ကြိုဆိုဧည့်ခံလျက် ရှိသည်။ ပြိုင်ပွဲဝင် အားကစားမောင်မယ်များမှာလည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် ကြိုးစားမှုများစွာဖြင့် ယှဉ်ပြိုင် ကြိုးစားကြပေလိမ့်မည်။ ပွဲစဉ်အဆင့်ဆင့် အနိုင်ရရှိရေး ဇွဲနပဲဖြင့် လှေခွက်ချည်းကျန် အလံမလဲစိတ်ဓာတ်များ မြဲခိုင်နေမည်ကို ယုံကြည်ပါသည်။ ယုံကြည်မျှော်လင့်ချက် ပန်းတိုင်သည် အနိုင်ရရှိရေးဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲဝင် မြန်မာ့အားကစားမောင်မယ်များသည် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ရေး ရေကုန်ရေခန်းစိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်လျက် ရွှေရောင်လွှမ်းသော နေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစား ပြိုင်ပွဲနေ့ရက်များကို ဂုဏ်ပြုလိုက်ရပါသည်။

ထက်ဝေအောင်(စစ်ကိုင်း)