ရွှေပိတောက် အဆင့်မြင့်ငါးဈေးကြီး အရောင်းအဝယ်များ စည်ကားလာစေရေး ဈေးသူဈေးသားများ မျှော်လင့်လျက်ရှိ

သစ္စာ

 

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရီမင်္ဂလာဈေးနှင့် ကပ်လျက်ရှိသော အဆင့်မြင့်တည်ဆောက် ထားသည့် ရွှေပိတောက် ငါးဈေးကြီးကို ဖွင့်လှစ်ခဲ့သည်မှာ ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် ငါးဈေးအင်္ဂါရပ်နှင့်အညီ တည်ဆောက်ထားသော ထိုဈေးကြီးမှာ ယနေ့တိုင် တိတ်ဆိတ်နေသည်မှာ ငါးနှစ်ကျော်ကြာမြင့် ခဲ့ပြီဖြစ်သည်။ လှိုင်မြစ်ဘေးတွင် တည်ရှိပြီး လေဝင်လေထွက် ကောင်းမွန်သည့်အပြင် ယာဉ်ဝင်၊ ထွက်နှင့် ရပ်နားရန်နေရာ၊ စားသောက်တန်းနှင့် သန့်စင်ခန်းများ ထားရှိသောကြောင့် ကျယ်ဝန်းစွာ တည်ဆောက်ထားသော၊ စည်ကားစွာ အရောင်းအဝယ်ပြုနိုင်သော ငါးဈေးကြီး တစ်ခုအဖြစ် ကုန်သည်များ၊ ငါးဒိုင်များနှင့် ဈေးသည်များ မြင်တွေ့လိုသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယနေ့တိုင် ထိုငါးဈေးတွင် ဈေးသည် ၁၅ ဦးသာ ရောင်းချလျက်ရှိ သောကြောင့် အဆင့်မြင့် ငါးဈေးအင်္ဂါရပ်နှင့် အညီ ပြန်လည်စည်ကားရန် မျှော်လင့်နေကြ ခြင်းဖြစ်သည်။

 


ငါးဈေးကြီးစည်ကားလာရန်မျှော်လင့်နေ

 


ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ ဝင်ရောက်သော ရေချိုငါး၊ ပုစွန်များနှင့် ပင်လယ်မှ ဝင်ရောက်သော ရေငန်ရေထွက်ပစ္စည်းများကို သန့်ရှင်းကျယ်ဝန်းစွာ ရောင်းချနိုင်ရန် သီရိမင်္ဂလာဈေးနှင့် ကပ်လျက်ရှိ မြေ ရှစ်ဧကကျော်ပေါ်တွင် ရွှေပိတောက် ငါးဈေးကြီးကို တည်ဆောက်ခဲ့ပြီး ယာဉ်ရပ်နားရာ နေရာနှင့် ဆိုင်ခန်းပေါင်း ၄၂၀၊ ရှော့ ဟောက် ၁၀ ခန်းကျော် ဖွင့်လှစ်ခဲ့သော်လည်း ယနေ့တိုင် ဆိုင်ခန်း ၁၅ ခန်းသာ ရောင်းချ လျက်ရှိသည်။ ရန်ကုန်မြို့၏ ပင်မငါးဈေးကြီး တစ်ခုအဖြစ် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သော်လည်း ထိုငါးဈေးမှ ဈေးသည်များမှာ စံပြငါးဈေးအပြင် လမ်းများပေါ်တွင် ယနေ့တိုင် ရောင်းချနေ၍ ဖြစ်သည်။ ငါးဈေးအင်္ဂါနှင့်အညီ လှိုင်မြစ်ဘေးတွင် တည်ဆောက်ထားသော ငါးဈေးကြီးမှာ ကားလမ်းပေါ်နှင့် ရပ်ကွက်လမ်းများပေါ်တွင် ရောင်းချလျက်ရှိသည့် စံပြငါးဈေးထက် များစွာ ခြောက်ကပ်လျက် ရှိသောကြောင့် ငါးနှစ်ကျော်ကြာ အခက်အခဲ မျိုးစုံကြားမှ ရောင်းချနေရသည့် ငါးဒိုင်များ အနေဖြင့် ငါးဈေးကြီး စည်ကားလာရန် အထူးမျှော်လင့်နေကြခြင်း ဖြစ်သည်။

 


“ဒီဈေးမှာ အခြေအနေဆိုးနေပြီ။ ငါးဈေးကြီးဖွင့်ချိန်ကစပြီး ဒီနေ့ထိ ကျွန်တော်တို့ ရောင်းလာကြတာ။ စံပြငါးဈေးက ဒီမှာလာ ပေါင်းမယ်ဆိုတော့ အဆင့်မြင့် ဆောက်ထားတဲ့ ဈေးဖြစ်တဲ့အတွက် အများကြီးမျှော်လင့်ထားခဲ့တယ်။ စံပြဈေးက ကားလမ်းပေါ်နဲ့ ရပ်ကွက်လမ်းတွေပေါ်မှာ ငါးဒိုင်တွေဖွင့်ပြီး စည်စည်ကားကားနဲ့ အရောင်းအဝယ်ဖြစ်နေချိန်မှာ ဒီဈေးကတော့ ခြောက်ကပ်နေမြဲပဲ။ တစ်နေ့ စည်ကားနိုးနဲ့ မျှော်နေရတာကြာပါပြီ။ ဈေးနဲ့ပတ်သက်တဲ့ အခွန်အခတွေကို လစဉ်ပေးတယ်။ ပိုင်ရှင်ရှိပြီး မဖွင့်တဲ့ဆိုင်တွေ အခွန်အခ မပေးတဲ့အတွက် တိုင်းဒေသကြီးအတွက်လည်း နစ်နာသလို ကြံ့ကြံ့ခံပြီး ရောင်းနေရတဲ့ ဈေးသည်လည်း နစ်နာတယ်။ ရှိတဲ့ဆိုင်လေးတွေက ကုန်ပစ္စည်းချပေးတဲ့ ငါးကန်ပိုင်ရှင်နဲ့ နယ်ကကုန်သည်တွေကို မျက်နှာမပျက်အောင်၊ ဝမ်းရေးအတွက် လုပ်ငန်းရပ်မသွားအောင် မနည်းကျားကန်နေ ရတယ်” ဟု ရွှေပိတောက်ငါးဈေးမှ ငါးဒိုင် ပိုင်ရှင်ဖြစ်သူ ဦးမျိုးအောင်က ပြောကြားသည်။

 

mdn
ရွှေပိတောက် ငါးဈေးကြီးအတွင်းရှိ ငါး၊ ပုစွန်ဒိုင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-စည်သာ

 


၂၄ နာရီ ဖွင့်လှစ်ရောင်းချလျက်ရှိ

 


ရွှေပိတောက်ငါးဈေးတွင် ဆိုင်ခန်းပေါင်း ၄၂၀ နှင့် ရှော့ဟောက်တန်း ၁၀ ခန်းကျော်၊ ဈေးရုံပေါင်း ရှစ်ရုံတည်ဆောက်၍ (၁၁ x ၁၈) ပေကျယ်ဝန်းသော ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၃၃၀ အတွက် ဦးစွာ ကျပ်သိန်း ၆၀ သွင်းရပြီး မရောင်းရသေးသော ဆိုင်ခန်း ၄၀ ကျော်သာ ကျန်ရှိကြောင်း သိရသည်။ ရွှေပိတောက်ငါးဈေး မစည်ကားသောကြောင့် ကြည့်မြင်တိုင် စံပြငါးဈေးတွင် သွားရောက် ရောင်းချသည့်အတွက် ရွှေပိတောက် ငါးဈေးတွင် ဈေးသည် ၁၅ ဦးသာ ကျန်ရှိနေခြင်းဖြစ်သည်။ ညနေ ၅ နာရီမှ နံနက် ၁ နာရီအထိ ရွှေပိတောက်ငါးဈေးတွင် ရေထွက်ပစ္စည်းများ ရောင်းချပြီး စံပြငါးဈေးတွင် ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ ကားလမ်းပေါ်နှင့် ရပ်ကွက်အတွင်း ရောင်းချသည့်အပြင် ဈေးရုံအတွင်း ၂၄ နာရီ ဖွင့်လှစ် ရောင်းချလျက်ရှိသည်။

 


ရွှေပိတောက် ငါးဈေးကို ၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ယာဉ်ရပ်နားရာ နေရာ၊ စက်လှေဆိုက်ကပ်ရာ ဗောတံတား၊ ရေ၊ လျှပ်စစ်မီးနှင့် လေဝင်လေထွက် ကောင်းသော ဈေးရုံကြီးများရှိသော်လည်း ဈေးသည်အနည်းငယ်သာ ရှိသောကြောင့် အဆင့်မြင့် ငါးဈေးကြီး စည်ကားပါက သတ်မှတ်ဈေးအတွင်း အရောင်းအဝယ် လုပ်ဆောင်ခြင်းဖြင့် ကားလမ်းပေါ်တွင် ရေထွက်ပစ္စည်းများ ရောင်းချမှု ကင်းဝေးစေမည့်အပြင် နေ့စဉ် နံနက်ပိုင်း ကြည့်မြင်တိုင် ကားလမ်းပေါ်တွင် လွင့်ပျံ့နေသော ငါးညှီနံ့များ ရှူရှိုက်ရခြင်းမှ ကင်းဝေးစေလျက် ရပ်ကွက်နေပြည်သူတို့ နေ့စဉ်ခံစားနေရသော စိတ်အနှောင့်အယှက်များလည်း ကင်းဝေးသွားစေမည် ဖြစ်သည်။

 


“ဈေးသည်တွေကို ကျွန်မတို့ နေ့စဉ်မျှော်ရတယ်။ ကုန်သည်တွေက လာချင်ပေမယ့် ဒီမှာ ဈေးမစည်လို့ မလာချင်ကြဘူး။ အဲဒီမှာပဲ ရောင်းနေကြတော့ ကုန်ပစ္စည်းရှိရာမှာ ဝယ်နေရတယ်။ ခါးပိုက်နှိုက်၊ လုယက်မှုနဲ့ အဝင် အထွက် သွားလာမှုခက်ခဲပေမယ့် စံပြငါးဈေးမှာပဲ အခက်အခဲတွေကြားထဲက ကုန်ပစ္စည်း ယူနေရတာလည်း ရှိတယ်။ စံပြငါးဈေးထက် ဈေးနှုန်းနည်းပေမယ့် ဒီမှာမဝယ်ကြဘူး။ ကားလမ်းပေါ်မှာ ရောင်းတဲ့ငါးကိုပဲ လုဝယ်နေကြတာ။ ဒီဈေးမှာ အခွန်အခပေးပြီး သတ်မှတ် စည်းကမ်းအတိုင်း ရောင်းနေတဲ့ ဈေးသည်တွေလည်း ယဲ့ယဲ့လေးပဲကျန်တော့တယ်။ ဒီဈေးကြီး ပြန်စည်လာမလားဆိုတဲ့ မျှော်လင့်ချက် နဲ့ပေါ့လေ။ ဈေးသည်တွေ ဒီနေရာမှာ ပြန်ရောင်းရင် ရွှေပိတောက်ငါးဈေး စည်လာမှာအမှန်ပဲ” ဟု ရွှေပိတောက်ငါးဈေးမှ ငါးဒိုင် ပိုင်ရှင် ဒေါ်ချိုချိုမြင့်က တွေ့ကြုံရမှုကို ပြောသည်။

 


ပြန်လည်ရောင်းချ


ရွှေပိတောက်ငါးဈေးတွင် ဈေးသာယာရေး ကော်မတီဖွဲ့စည်းထားပြီး ရွှေပိတောက် ငါးဈေးကြီး စည်ကားရေးကို မျှော်လင့်လျက်ရှိကာ စံပြငါးဈေးကြီး အပြင်ဘက်နှင့် ကြည့်မြင်တိုင် ကားလမ်းပေါ်မှ ဈေးသည်များ ရွှေပိတောက် ငါးဈေးအတွင်းရှိ ဈေးရုံများတွင် ပြန်လည်ပြောင်းရွှေ့ ရောင်းချခြင်းဖြင့် လမ်းပေါ်ဈေးသည်များ ကင်းဝေး၍ ယာဉ်အန္တရာယ်ကင်းကာ ဒုစရိုက်မှုများ လျော့ပါးသွားမည်ဟု မျှော်လင့်ကြလျက်ရှိသည်။ ထို့အပြင် စံပြငါးဈေးဝန်းကျင်မှာ ယခုထက် သန့်ရှင်းသာယာစေမည်ဖြစ်သည်။ ရွှေပိတောက်ငါးဈေးတွင် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးရံ့၊ ငါးကျည်း၊ ငါးခူ၊ ပုစွန်နှင့် မွေးမြူရေးငါးမျိုးစုံကို ရောင်းဝယ်လျက်ရှိကာ ဝယ်လက်နည်းသောကြောင့် ရွှေပိတောက်ငါးဈေးမှ ငါးဒိုင်များ စံပြငါးဈေးရှိ ငါးဒိုင်များသို့ ပြန်လည်ရောင်းချ ရလျက်ရှိသည်။

 


ရွှေပိတောက်ငါးဈေးကြီး ဖွင့်လှစ်ချိန်မှ ယနေ့တိုင် ရောင်းချလျက်ရှိသော ငါးဒိုင်ပိုင်ရှင် တစ်ဦးကလည်း... “ကျွန်တော်တို့ စပြီး ဆိုင်ခန်းခသွင်းတော့ ပထမအရစ်အနေနဲ့ ငွေကျပ်သိန်း ၅၀ သွင်းရတယ်။ ဈေးရောင်းရရင် ငွေသွင်းဖို့က အဆင်ပြေသွားပါပြီ။ ဟိုဘက်ဈေးမှာလည်း သွားမရောင်းဘူး။ ဒီမှာပဲ အခုထိရောင်းတယ်။ အဆင်မပြေပေမယ့် ဘာလို့ရောင်းနေလဲဆိုရင် ဈေးသည်တစ်ဦးအနေနဲ့ လိုက်နာရမယ့် စည်းကမ်းအတိုင်း လိုက်နာတာပါ။ ပြီးတော့ ဗဟိုစံပြ ငါးဈေးနဲ့ပေါင်းဖို့ တည်ဆောက်တာ ဖြစ်တဲ့အတွက် တစ်ချိန်မှာ ဒီဈေးကြီး အမှန်တရားအတိုင်း စည်ကားလာမယ်လို့ ယုံကြည်လို့ပါ” ဟု ရွှေပိတောက်ငါးဈေးမှ ဦးမောင်မောင်သန်းက ပြောသည်။

 


အဆင့်မြင့် ငါးဈေးကြီးတစ်ခုအဖြစ် ပေါ်ထွက်လာ

 


ရွှေပိတောက်ငါးဈေးကြီး ဆိုင်ခန်း ပေါင်း ၄၂၀ တွင် ဘေးခန်းဖြစ်ပါက ငွေကျပ် သိန်း ၃၃၀၊ အတွင်းခန်းဖြစ်ပါက ငွေကျပ် သိန်း ၂၈၀ ဖြင့် လက်ငင်းငွေချေပါက ငွေကျပ် သိန်း ၃၃၀ အတွက် သိန်း ၃၀၀၊ သိန်း ၂၈၀ အတွက် သိန်း ၂၅၀ သွင်းရသည်။ ရွှေပိတောက် ငါးဈေးတွင် ဆိုင်ခန်းများ ပြန်လည်ရောင်းချခြင်းဖြင့် ရန်ကုန်မြို့၏ အဆင့်မြင့်ငါးဈေးကြီး တစ်ခုအဖြစ် ပေါ်ထွက်လာမည့်အပြင် သတ်မှတ်နေရာအတွင်း ရေထွက်ပစ္စည်းများကို သန့်ရှင်းလတ်ဆတ်စွာ ထုပ်ပိုးရောင်းချမှုကြောင့် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံး နိုင်မည့် အကျိုးကျေးဇူးကို ရရှိစေကာ ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ရာတွင်လည်း ဘေးကင်းလုံခြုံသော ရေထွက်ပစ္စည်းများအဖြစ် ပြည်တွင်းဝင်ငွေနှင့် ပြည်ပဝင်ငွေကို ပိုမိုရရှိစေမည်ဖြစ်သည်။

 

မြန်မာ့အလင်း