ရွှေ့ပြောင်းသွားလာသူများကို တင်ဆောင်လာသည့်လှေနစ်မြုပ်ရာ အနည်းဆုံး ၁၂ ဦး သေဆုံး

အေသင် ၁၂ ဇန်နဝါရီ

 

ရွှေ့ပြောင်းသွားလာသူများ တင်ဆောင်လာသည့် လှေတစ်စင်းသည် အိုင်အိုနီးယန်းပင်လယ်၌ စနေနေ့က နစ်မြုပ်ရာ အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း ဂရိကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားသည်။ ယခုအချိန်အထိ ရုပ်အလောင်း ၁၂ ခုကို ရှာဖွေရရှိခဲ့ပြီးဖြစ်ကြောင်း၊ အသက်ရှင်ကျန်ရစ်သူ ၂၀ ကျော်ကို ကယ်ဆယ်ထားကြောင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ၎င်းအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

 

ကယ်ဆယ်ခဲ့သူများအနက်မှ သုံးဦးကို အရေးပေါ် ကုသမှုအတွက် အနီးစပ်ဆုံးဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ထားသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။ လှေပေါ်တွင် လိုက်ပါလာသူများ၏ အထောက်အထား အသေးစိတ်ကို ချက်ချင်းမသိရသေးဟု ဆိုသည်။ လူ ၅၀ ခန့် တင်ဆောင်လာသည့် အဆိုပါလှေသည် အီတလီနိုင်ငံသို့ သွားဖို့ကြိုးစားနေစဉ်အတွင်း ပါဆီကျွန်းအနီးတွင် လှေအတွင်း ရေဝင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် လှေပေါ်ရှိ တစ်စုံတစ်ယောက်က ဘေးဒုက္ခကြုံတွေ့နေရသည်ဟု ဖုန်းခေါ်ဆိုခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

 

ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်ရေယာဉ် ခြောက်စင်းနှင့် ရဟတ်ယာဉ်သုံးစင်းတို့သည် ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အနီးအနားမှ ဖြတ်သန်းသွားသည့် ကုန်တင်သင်္ဘောလေးစင်းသည်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။

 

များပြားလှသည့် ရွှေ့ပြောင်းသွားလာသူများနှင့် ဒုက္ခသည်များသည် မကြာသေးမီနှစ်များက လူအပြည့်အသိပ် တင်ဆောင်သည့်လှေငယ်များဖြင့် မြေထဲပင်လယ်ကို ဖြတ်ဖို့ကြိုးစားရင်း သေဆုံးခဲ့ကြသည်။ အနောက်ဥရောပသို့ သွားရောက်ဖို့ကြိုးစားနေသည့် ဒုက္ခသည်များသည် ဂရိ မြောက်ပိုင်းနယ်စပ်ကိုဖြတ်၍ သွားကြသည်။ အချို့သည် အယ်လ်ဘေးနီးယားနိုင်ငံသို့ တောင်ပေါ်လမ်းကြောင်းများမှ လည်းကောင်း၊ မြေထဲပင်လယ်ကိုဖြတ်၍ အိမ်နီးချင်း အီတလီနိုင်ငံသို့လည်းကောင်း ပုန်းလျှိုးကွယ်လျှိုး လမ်းကြောင်းများဖြင့် ၎င်းတို့၏နိုင်ငံမှ ထွက်ခွာဖို့ ကြိုးစားနေကြသည်။

 

၂၀၁၉ ခုနှစ်တွင် ဂရိနိုင်ငံသည် ရွှေ့ပြောင်းသွားလာသူများနှင့် ဒုက္ခသည်များအတွက် ဥရောပသို့ အဓိကဝင်ပေါက် ဖြစ်လာခဲ့ပြန်သည်။ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဂရိနိုင်ငံအတွင်းသို့ ဒုက္ခသည် ၅၅၀ဝ၀ ကျော်သည် ပင်လယ်မှ လည်းကောင်း၊ ဒုက္ခသည် ၁၄၀ဝ၀ ကျော်သည် တူရကီ နယ်စပ်မှလည်းကောင်း ရောက်ရှိလာသည်ဟု မှတ်တမ်းတင်ထားသည်။

 

ဂရိနိုင်ငံ၏ ကွန်ဆာဗေးတစ်အစိုးရသစ်သည် အိမ်နီးချင်း တူရကီနိုင်ငံ၏ကမ်းခြေမှ နိုင်ငံအတွင်းသို့ နေ့စဉ်ဝင်ရောက်လာသည့် ရာချီသည့်ခိုလှုံခွင့်တောင်းခံသူများနှင့်ပတ်သက်၍ စီမံခန့်ခွဲရန် ရုန်းကန်နေရကြောင်း သိရသည်။

 

ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန်-အောင်ဇော်လင်း