ရေနံ့သာခင်ခင်ကြီး

 

မောင်သိန်းဆိုင်

 

မည်သို့ဆိုစေ မိမိကဲ့သို့ပင် အချစ်ကို တစ်ဦးတစ်ယောက်တည်းအပေါ်၌ ပုံအောထားခဲ့သောသူ တစ်ယောက်သည် ကမ္ဘာလောကမှာ ရှိနေပါသေး ကလားဟူသောအသိကို ဒေါ်ရေနံသာခင်ခင်ကြီး သိလာရသည်။ ဗိုလ်မှူးညိုထွန်းသည် အံ့သြစရာ ကောင်းလောက်အောင် မိမိအပေါ်မှာ ထုထည် အင်အားကြီးမားစွာဖြင့် မျှော်လင့်စောင့်စားလျက် ရှိသည်ဆိုသည့်အဖြစ်ကို သိလာရသည်။ သူ့ အတွက် ဝမ်းလည်းနည်းမိပါသည်။ ကရုဏာလည်း သက်မိပါသည်။ သူ့အဖို့ ကုန်လွန်ခဲ့ရသောအချိန် ဟူသည် တန်ဖိုးကြီးမားသည်နှင့်အမျှ နှမြော တသဖွယ်ကောင်းနေမည်မှာ သေချာသည်။

 

လသည် မြင့်တက်လာသည်။ ထနောင်းပင်တန်း ကိုကျော်ကာ ထွန်းထွန်းပပ လင်းလာသည်။ လ၏ ဝန်းကျင်၌ ရွက်တိုက်လွင့်မျောနေသည်နှင့် သဏ္ဌာန် တူသော တိမ်ဖြူဖြူများရှိသည်။ ပြာလွင်သည့် ကောင်းကင်၌ ကြယ်တို့ ဟိုတစ်စုသည်တစ်စု ချိတ်တွဲနေသည်။ မိုးကောင်းကင်တစ်ပြင်လုံး ကျုံးရေ၌ အရိပ်ထင်လာသည်။ ကျုံးရေပြင်၌ လကို လည်းကောင်း၊ တိမ်ဖြူဖြူကိုလည်းကောင်း၊ ကြယ်ပွင့်များကိုလည်းကောင်း မြင်တွေ့ရသည်။ ကျုံးရေပြင်၌ သီးခြားကောင်းကင်တစ်ခု ပေါ်ထွန်း နေသည့်နှယ် ရှိသည်။

 

ဗိုလ်မှူးညိုထွန်းသည် ပြောလိုရာကို ပြောလိုက်ရသည့်အတွက် ရင်ထဲမှာ ပေါ့ပါးသွားပုံရသည်။ ကျေနပ်သွားပုံပေါ်သည်။ အကယ်၍ သူသာ လူငယ်တစ်ယောက်ဆိုလျှင်သည်ထက် ပွင့်လင်းစွာ ပြောမည်မှာသေချာသည်။ သို့တိုင်အောင် အသက် အရွယ်အရ အရိပ်အမြွက်မျှ ပြောလိုက်ရသည်ကိုပင် သူ့စိတ်မှာ ကြည်နူးလျက်ရှိရချေသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သူ၏စကားကို ဖြည့်စွက်ခြင်းမပြု၊ ဝေဖန်ခြင်းမပြု၊ တုံ့ပြန်ခြင်းမပြု။ ခပ်မဆိတ်ပင် နေလိုက်သည်။ ရံခါတွင်မူ လရောင် ဟပ်နေသည့်သူ့မျက်နှာကို မသိမသာ အကဲခတ် သလို ကြည့်မိသည်။ ရင်ထဲကမူ ပြောနေမိသည်။

 

နေပူထဲမှလူအတွက် အရိပ်ကိုကား ပေးလိုပါ၏။ သို့သော် အရိပ်ရှင်ကိုယ်၌က ခက်လက်ဝေဆာခြင်း မရှိဘဲ ရိုးတံကျဲကျဲသာ ရှိနေသည့်အဖြစ်ကို မသိလေ သလားဟု ဆိုနေမိသည်။

 

“ပြန်ကြစို့လား အစ်ကိုထွန်း”

 

အတန်ကြာအောင် တိတ်ဆိတ်နေမိကြပြီး နောက် ဒေါ်ရေနံ့သာခင်ခင်ကြီးထံမှ အသံထွက်လာသည်။ ဗိုလ်မှူးညိုထွန်းက ခေါင်းညိတ်ပြသည်။ မင်္ဂလာတံတားအတိုင်း လျှောက်လာခဲ့ကြသည်။

 

“ဒီည လ သိပ်သာတာပဲနော်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးက လဝန်းကို မော့ကြည့်ရင်း ဆိုသည်။

 

“ဟုတ်တယ်၊ ဒီကနေ့ လပြည့်နေ့ညကိုး”

 

ဗိုလ်မှူးညိုထွန်းသည် အဖြေပေးလိုက်ရင်း မိမိနှင့် ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ လသာညဝယ် အတူယှဉ်တွဲ လျှောက်လာရသည့်အဖြစ်ကို သတိရလာသည်။

 

အချိန်အခါနှင့် အခါအခွင့်ဟူသည် မိမိအတွက် သည်အနေအထားအထိတော့ ပေးစွမ်းပါသေး ကလားဟု တွေးမိလာသည်။ မည်သို့ပင်ဖြစ်စေသည်သို့သောအခွင့်အရေးမျိုး ရနိုင်သည်ကပင် စင်စစ် ကျေနပ်ဖွယ် ကောင်းနေပါသေးသည်။

 

ဗိုလ်မှူးညိုထွန်းတွင် ဘာတစ်ခုမျှမရှိ မဟုတ်။ တစ်စုံတစ်ခုတော့ ရှိပါသေးသည်။ အသေအချာရှိနေ သည်ကို တွေ့ရသည်။ သိုးဆောင်းစကားပုံအရ “ဘာတစ်ခုမျှမရှိသည်နှင့်စာလျှင် တစ်စုံတစ်ခုရှိ နေသည်က တော်ပါသေးသည်” ဆို မဟုတ်လား။

 

 

“ဇိဏ္ဏဉ္စဒိသွာ ဒုခိတဉ္စဗျာဓိတံ၊

မတဉ္စဒိသွာ ဂတမာယုသင်္ခယံ။

တတော အဟံနိက္ခမိတူနပဗ္ဗဇိံ၊

ဝကာယ ကာမာနိ မနောရမာနိ။”

(မာနဝတ္ထေရ ဝတ္ထု)

 

ကျောင်းအာရာမ်သည် အေးချမ်းလှပေသည်။ ငြိမ်သက်တိတ်ဆိတ်လှပေသည်။ ကျောင်းအာရာမ် အတွင်း ဝင်လိုက်မိပြီဆိုကတည်းက သာသာ အေးအေး ဓမ္မတေးကို ကြားလိုက်ရပေသည်။

 

ကျောင်း၏ ခြံစည်းရိုးတစ်လျှောက် ပေါက်ရောက် နေသော ဝါးပင်တို့မှာ လေအသိမ်းတွင် တယိမ်းနွဲ့နွဲ့ လှုပ်ရှားနေသည်။ ခုတ်ယူမည့်သူမရှိသဖြင့် သန်ချင် တိုင်းသန်ကာ ပွားချင်တိုင်းပွားနေသည်။ အရိပ် အာဝါသကောင်းကို ပေးစွမ်းနိုင်သည်။ ကျောင်းဝိုင်း အတွင်းရှိ သရက်၊ ပိန္နဲစသော သစ်ပင်တို့မှာလည်း လူတို့၏ ညှဉ်းပန်းခြင်းကင်းသဖြင့် အရွက်အသီး ဝေဝေဆာဆာရှိသည်။

 

အပြင်ဘက်၌ နေသည် ချစ်ချစ်တောက်တောက် ပူပြင်းနေသည်။ အပူရှိန်၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို မူးမော်မတတ် ခံစားရသည်။ အရေပြားမှာ လောင်ကျွမ်းခံရသည့်ပမာ ရှိသည်။ သွေးမှာ ဆူဝေ ရတော့မတတ် ဖြစ်ခဲ့သည်။

 

ကျောင်းပရိဝုဏ်သို့ ဝင်ရပြီဆိုသောအခါ၌မူ အလုံးစုံသော အပူရှိန်တို့သည် လျော့ပါးသွားသည်။ အေးမြခြင်းက ပျူပျူငှာငှာ ဆီးကြိုလိုက်သည်။ ဘဝင်ငြိမ့်မျှ သာယာအေးချမ်းသော ဓမ္မတေးကို ကြားလိုက်ရသည်။

 

ထို့ကြောင့်ပင် သူတော်စင်တို့သည် သည်သို့သော အရပ်ကို နှစ်ခြိုက်ခြင်းဖြစ်ပေလိမ့်မည်။ သူတော်စင် တို့ရှိနေသောကြောင့်လည်း သည်အရပ်မှာ အေးချမ်းငြိမ်းသက်မှုရှိနေခြင်း ဖြစ်ပေလိမ့်မည်။

 

ကျောင်းဝိုင်းအတွင်း၌ အုတ်ဖြင့် ဆောက်အပ် သော အဆောက်အဦတို့လည်း ရှိသည်။ အချို့သည် သစ်လွင်လျက် အချို့မှာ ပြိုပျက်နေသည်။ အင်္ဂတေ များကွာကျကာ အုတ်သားများ ပေါ်နေသည်။ သစ်ဖြင့်ဆောက်အပ်သော ဓမ္မာရုံများရှိသည်။ ဘုံအဆင့်ဆင့်တို့ဖြင့် တင့်တယ်သည်လည်း ရှိသည်။ ကျိုးပျက်ယိုင်နဲ့ကာ အလှကင်းနေသည့် အဆောက် အဦတို့သည်လည်း ရှိသည်။ အနိစ္စလက္ခဏာကိုသည်မှာပင် မြင်နိုင်သည်။ သီတင်းရက်မဟုတ်သဖြင့် လူသူကင်းရှင်းကာ ဆိတ်ငြိမ်ခြင်းကသာ လွှမ်းမိုးနေသည်။ တစ်ခါ တစ်ရံတွင်သာ စာသင်သားတို့၏ စာကျက်သံကို ခပ်အုပ်အုပ် ခပ်မျှင်းမျှင်း ကြားရတတ်သည်။

 

သူသည် ပိန္နဲပင်တစ်ပင်၏ အရိပ်အောက်၌ စာကျက်နေဟန်ရှိသော ကိုရင်တစ်ပါးထံ ချဉ်းကပ် လာခဲ့သည်။ ကိုရင်သည် စာ၌ စိတ်ဝင်စားနေပုံရ သည်။ သူချဉ်းကပ်လာသည်ကို အစ၌မသိ။ သူက ချောင်းဟန့်လိုက်လေမှ စာအုပ်ကို ကျော်ကာ မော့ကြည့်လာသည်။

 

“ဒေါ်ခေမာနေတဲ့ဇရပ် ဘယ်အနားဆီမှာတုံး ကိုရင်”

 

သူက မေးသည်။

 

ကိုရင်က ဇရပ်တစ်ဆောင်သို့ လက်ညှိုးညွှန်ပြသည်။

 

“အဲဒါ ဒေါ်ခေမာရဲ့ဇရပ်ပဲဗျ”

 

သူသည် ကိုရင့်အပါးမှ ထွက်ခွာခဲ့သည်။ ကိုရင် သည် စာအုပ်ကို ဆက်၍ကြည့်နေသည်။

 

ကိုရင်ညွှန်ပြသောဇရပ်မှာ ယိုင်နဲ့ဆွေးမြည့်လှပြီ ဖြစ်သော ဇရပ်တစ်ဆောင်ဖြစ်သည်။ ဇရပ်ခေါင်မိုး သွပ်ပြားများမှာ ပေါက်ပြဲနေသည်။ သံချေးတက် ကာ နီနေသည်။ ပန်းဆွဲများ၊ တကဲများသည် ကျိုးပဲ့ကာ အရွဲ့ရွဲ့အစောင်းစောင်း ဖြစ်နေသည်။ အစုံအလင်လည်းမရှိတော့။ ဇရပ်တိုင်များမှာ ခြစား ခြင်းခံထားရသည်။ ဇရပ်အလယ်၌ကား ခြတောင်ပို့တစ်ခုသည် ကြီးမားသော အအုံအဖွဲ့အဖြစ် ကြမ်းပြင်ကိုပင် ကျော်လွန်ဖြစ်တည်နေသည်။

 

သူဇရပ်ဆီသို့အလာ၌ ထမင်းကျန် ဟင်းကျန်များ ကို စားသောက်နေသော ခွေးပိန်မတစ်ကောင်က ဆီး၍ဟောင်လိုက်သည်။

 

ဇရပ်ပေါ်မှာ လူသူအရိပ်အယောင် မမြင်ရ။ ထို့ကြောင့် သူက အသံပြုရသည်။

 

“ဒေါ်ခေမာ၊ ဗျို့ ဒေါ်ခေမာ”

 

ထိုအခါကျမှ မီးဖိုခန်းဆီမှ သီလရှင်တစ်ပါး ထွက်လာသည်။ သူ့ကို လှမ်းကြည့်ပြီးနောက် မှတ်မိသွားသလို သီလရှင်ထံမှ အသံထွက်လာသည်။

 

“ေဩာ် ကိုကျော့မောင်၊ လာ လာ”

 

သီလရှင်က နေရာထိုင်ဖျာ ခင်းပေးသည်။ ကိုကျော့မောင်သည် ဖျာပေါ်၌ ထိုင်လိုက်လေသည်။

 

စင်စစ် ကိုကျော့မောင် ရေနံချောင်းသို့ ပြန်ရောက် လာသည်မှာ မကြာတတ်သေးပေ။ သူသည် ရေနံချောင်းနှင့် ရန်ကုန်ကို သွားချည်လာလှည့် လုပ်နေသည်။ ယခု သူက ကုန်သည်။ အထက်နှင့် အောက် ကုန်ရောင်းကုန်သွယ်လုပ်နေသည်။ သူ ကူးသန်းနေသော ကုန်များကား မည်မည်ရရတော့ မဟုတ်လှ။ မန်ကျည်း၊ ပုန်းရည်ကြီးနှင့် ကျောက်ကာ စသော ကုန်များဖြစ်သည်။ မန်ကျည်းနှင့် ဆီးကို အညာဘက်မှ သယ်ယူလာကာ ရန်ကုန်ရှိ သွားရေစာသည်များထံ သွင်းသည်။ မန်ကျည်း တော်ဖီ၊ ဆီးတော်ဖီ စသည်တို့လုပ်၍ ရောင်းကြ သည်။ ပုန်းရည်ကြီးနှင့် ကျောက်ကာကုန်များကိုမူ ခရီးကြုံ၍ သယ်ဆောင်လာရခြင်းဖြစ်သည်။ သူ၏ အဓိကလုပ်ငန်းမှာ မန်ကျည်းနှင့် ဆီးဖြစ်လေသည်။

 

ကိုကျော့မောင်သည် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင် သောကိစ္စရပ်ပေါင်း မြောက်မြားစွာရှိသည်ဟု ထင်သည်။ ယင်းတို့အနက် သူငယ်ချင်းဖြစ်သူ ကိုမောင်မောင်ဦးနှင့်ပတ်သက်လာလျှင် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဆုံး ဖြစ်လေသည်။ သည်အကြောင်းကို စဉ်းစားလိုက်မိလေတိုင်း ဝမ်းနည်းကြေကွဲ၍မဆုံး၊ နောင်တရ၍မဆုံး ရှိနေရပေသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီး တရားရုံး၌ ရင်ဆိုင်နေ ရစဉ်က ကိုကျော့မောင်မှာ အထူးပင်တုန်လှုပ် ချောက်ချားနေမိခဲ့လေသည်။ မိမိ၏ အစစ်ခံချက်များ မှာ ဒေါ်ရေနံ့သာခင်ခင်ကြီး၏လည်ပင်းကို ကြိုးကွင်း စွပ်နိုင်မည့် အစစ်ခံချက်များဖြစ်နေကြောင်း တွေ့ရလျှင် သူသည် စိတ်မကောင်းနိုင်အောင် ရှိရသည်။

 

“သူ တစ်စုံတစ်ခုဖြစ်သွားရင်တော့ ငါ့ပယောဂပဲ” ဟု စိတ်မှာ တွေးနေမိသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး အား ဒုက္ခရောက်စေလိုသောဆန္ဒ သူ့တွင် မရှိခဲ့။ ကိုမောင်မောင်ဦးနှင့်ပတ်သက်၍ပင် စိတ်မှာ မကောင်းနိုင်အောင်ရှိပြီးဖြစ်၍ နောက်ထပ် ယင်းအဖြစ်မျိုး ပေါ်ပေါက်လာရမည်ကို စိုးရိမ်စိတ် ပူနေခဲ့မိသည်။

 

ကံအားလျော်စွာ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည်ကို တွေ့ရသည်။ ထိုအတွက် နှစ်သက်ဝမ်းသာဖြစ်ကြရသူများအထဲတွင် ကိုကျော့မောင်တစ်ယောက် လည်း ပါဝင်ခဲ့သည်မှာ ယုံမှားဖွယ်မရှိတော့ချေ။

 

ဆက်လက်ဖော်ပြပါမည်။