ရေနံ့သာခင်ခင်ကြီး

 

မောင်သိန်းဆိုင်

 

“ကို၊ ကိုမောင်မောင်ဦး”

 

မိမိ၏အမည်ကို ရုတ်တရက် ခေါ်ဆိုခြင်းခံလိုက်ရသဖြင့် ကိုမောင်မောင်ဦး၏ ကိုယ်မှာ ဆတ်ခနဲ တုန်သွားသည်။ မည်သို့မျှ မျှော်လင့်ထင်မှတ်ထားခြင်း မရှိသောကြောင့်လည်း ရင်မှာတဖျပ်ဖျပ် တုန်လှုပ်လာသည်။ အနွဲ့ထံ လှမ်းကြည့်လိုက်သည်။

 

ယခုအခါ အနွဲ့၏ မျက်နှာပေါ်သို့ မီးရောင်ကျရောက်နေပြီ။ အနွဲ့၏ မျက်နှာပေါ်မှ ဆံပင်တို့သည်လည်း မရှိတော့။ မျက်နှာကို သဲကွဲစွာ မြင်လာရသည်။ အနွဲ့၏မျက်နှာမှာ မြင်ဖူး၊ တွေ့ဖူးသော မျက်နှာအနေအထားမျိုး၊ သို့ပေမဲ့ ရုတ်ခြည်းတော့ မမှတ်မိနိုင်။ ကြာမြင့်စွာ စူးစိုက်ကြည့်နေသည့်တိုင် စိတ်မှာ မသဲကွဲပေ။

 

မတင်ရွှေသည် အနွဲ့နှင့် ကိုမောင်မောင်ဦး ကို တစ်လှည့်စီကြည့်လာသည်။

 

“ဟေး၊ အနွဲ့၊ ကြည့်စမ်း။ မိတ်ဟောင်း ဆွေဟောင်းတွေ တွေ့နေကြပြန်ပြီပေါ့လေ”

 

အနွဲ့သည် မတင်ရွှေ၏စကားကို တုံ့ပြန်ခြင်းမပြု။ ကိုမောင်မောင်ဦး မျက်နှာပေါ်မှ အကြည့်ကိုလည်း လွှဲပြောင်း မပစ်သေး။

 

“ကိုမောင်မောင်ဦး ကျွန်မကို မမှတ်မိ သေးဘူးထင်တယ်”

 

အနွဲ့ထံမှ အသံထွက်လာသည်။ သူသည် ရှေ့သို့တိုးလာသည်။ ကိုမောင် မောင်ဦးနှင့် မျက်နှာချင်းဆိုင် ကုလားထိုင် ၌ ဝင်ထိုင်လိုက်သည်။

 

“ကျွန်မ၊ ကျွန်မ ခင်သန်းနွဲ့လေ”

 

လှုပ်ရှားတုန်ယင်ရခြင်းသည် အနွဲ့ တစ်ယောက်တည်း ခံစားရသည်မဟုတ်။ ကိုမောင်မောင်ဦးကိုယ်တိုင် လည်း ခံစားလာရသည်။ စိတ်လှုပ်ရှားရ ခြင်းကြောင့် ဘာစကားမျှ မပြောဖြစ်။ ပြောဖို့လည်း သတိမရ။ မည်သို့ပြောရ မည်လည်း မသိတတ်နိုင်။

 

“ဟုတ်ပါတယ် ကိုမောင်မောင်ဦး။ ကျွန်မ ခင်သန်းနွဲ့ပါ။ ကိုမောင်မောင်ဦးကို တွေ့ရလိမ့်မယ်လို့ ကျွန်မ ဘယ်လိုမှ မထင်ဘူး။ ကြည့်ပါဦး။ မမျှော်လင့်ဘဲနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး လာတွေ့ရတာ”

 

ယခုတော့လည်း ခင်သန်းနွဲ့တွင် အံ့သြတုန်လှုပ်ခြင်းသာမက ဝမ်းမြောက်ဝမ်းသာဖြစ်ရသည့် အသွင်သဏ္ဌာန်လည်း ပေါ်ပေါက်လာသည်။ `

 

မတင်ရွှေသည် ထိုင်ရာမှ ထရပ်လိုက်သည်။

 

“သွားပါပြီ။ ဒီညအဖို့ မိတင်ရွှေအတွက် ဘယ်လိုမှ မျှော်လင့်ချက် မရှိနိုင်တော့ဘူး။ စိတ်ချလက်ချအိပ်တာပဲ ကောင်းပါတယ်။ ကိုင်းအနွဲ့၊ အမိဧည့်သည် အမိဘာသာပဲ ဧည့်ခံလိုက်ပေတော့”

ပြောပြောဆိုဆို အခန်းထဲဝင်သွားသည်။

 

ခင်သန်းနွဲ့နှင့် ကိုမောင်မောင်ဦးတို့ မတင်ရွှေ၏စကားကို မကြားမိသလို တစ်ယောက်မျက်နှာ တစ်ယောက် စူးစိုက်ကြည့်ရင်း ကျန်ရစ်ခဲ့ကြလေသည်။

 

ကိုမောင်မောင်ဦးသည် ဖန်ခွက်ကို ကောက်ယူကာ တစ်ကျိုက်နှစ်ကျိုက် သောက်လိုက်သည်။ ပြီးလျှင် ဖန်ခွက်ကို စားပွဲပေါ်သို့ ပြန်ချထားသည်။ ခင်သန်းနွဲ့၏မျက်နှာကို လှမ်းကြည့်သည် ခင်သန်းနွဲ့သည်လည်း ကိုမောင်မောင်ဦး၏မျက်နှာကို စူးစိုက်ကြည့်ဆဲပင် ရှိနေသေးသည်ဖြစ်ရာ မျက်လုံးချင်း ဆိုင်မိကြသည်။

 

ယခုအခါ ချမ်းစိမ့်အေးမြခြင်းကို ပူနွေးမူးရီခြင်းက ဖုံးလွှမ်းထားလိုက်ပြီဟု ကိုမောင်မောင်ဦးထင်သည်။ တစ်ကိုယ်လုံး အနွေးဓာတ်လွှမ်းခြုံလာသည်ဟု မှတ်ယူသည်။ ချက်အရက်ပြင်းပြင်းသည် တစ်ခါတစ်ရံတော့လည်း ဆေးဝါးနှယ် အသုံးဝင်တတ်လေသည်။

 

သူ အရက်သောက်သည်ကို ခင်သန်းနွဲ့ စောင့်ကြည့်နေသည်။ သူ့၌ ပြောစရာကား များစွာရှိနေခြင်းကို မျက်နှာအနေ အထားက ဖော်ပြလျက်ရှိသည်။

 

“ကိုယ်တို့ချင်းမတွေ့ကြရတာ အနှစ် နှစ်ဆယ်လောက်ရှိပြီနော်”

 

ကိုမောင်မောင်ဦး စကားစသည်။

 

“ဆယ့်ရှစ်နှစ်ပါ”

 

“ဒီအတွင်းမှာ မင်းအတော်ပြောင်းလဲ သွားတယ်”

 

ကိုမောင်မောင်ဦး မှတ်ချက်ချလိုက်သည်။ မှန်သည်။ ခင်သန်းနွဲ့သည် ယခင်ကနှင့်စာလျှင် များစွာ အိုစာသွားသည်။ အဘွားကြီးအိုကလေးလို ဖြစ်နေသည်။ လူမှာလည်း များစွာပိန်နေသည်။ မျက်နှာ အနေအထားမှာ ရင့်ရော်ဟန်ပါသော်လည်း ယခင်ရှိရင်းစွဲ ရုပ်သဏ္ဌာန်မှာမူ ပေါ်လွင်နေဆဲသာဖြစ်သည်။

သူ့တွင် ယခင်ကလို သွက်လက်ခြင်း၊ တက်ကြွခြင်း၊ ကလေးဆန်ခြင်း စသည် တို့ကို မတွေ့ရတော့ပေ။ တည်ငြိမ် ရင့်ကျက်ဟန်၊ နွမ်းနယ်ဟန်တို့ လွှမ်းနေ သည်။

 

“ရှင်ကတော့ သိပ်မပြောင်းလွဲလှပါ ဘူး။ ရင့်လာတာတစ်ခုပါပဲ။ ဒါကြောင့် ကျွန်မ ရှင့်ကို မြင်ရင်မြင်ချင်း မှတ်မိတာပဲထင်ပါရဲ့”

 

“မင်း ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေ တာလဲ ခင်သန်းနွဲ့ရယ်”

 

ကိုမောင်မောင်ဦး ညည်းညူသလို မေးလိုက်သည်။

 

“ ဒါတွေပြောရမှာ အရှည်ကြီးပါ”

 

“ဒါထက် မင်းနဲ့ မတင်ရွှေက ဘယ်လိုလဲဟင်”

 

သည်အမေးကို ခင်သန်းနွဲ့ ရုတ်တရက် အဖြေမပေး။ ခေါင်းငုံ့လိုက်သည်။ မျက်လွှာ ချလိုက်သည်။

 

“ကိုမောင်မောင်ဦး မြင်တဲ့အတိုင်းပဲပေါ့။ သူက ဒီအိမ်ရှင်။ ကျွန်မက သူ့အိမ်မှာကပ်နေရတာ။ သူ့ယောက်ျားက ဘိန်းမှုနဲ့ထောင်ကျနေတယ်။ သူဟာ သူ့ဝမ်းသူကျောင်းနေတယ်။ ကျွန်မလည်း ဒီလိုပဲပေါ့။ ကျွန်မဝမ်း ကျွန်မကျောင်းနေရတာပဲ”

 

စကား၏ တစ်ဝက်တစ်ပျက်လောက် အရောက်တွင် ခင်သန်းနွဲ့ မျက်နှာမော့လာသည်။ ကိုမောင်မောင်ဦး၏ မျက်နှာကို စိုက်ကြည့်သည်။ သူ၏မျက်နှာမှာ ညှိုးရော်နေသည်။ မျက်ဝန်းသည် မျက်ရည်ကြည်ဖြင့် ပြည့်လျှမ်းနေသည်။

 

ကိုမောင်မောင်ဦး သက်ပြင်းရှိုက်ရင်း ဖန်ခွက်ကို ကောက်ယူလိုက်သည်။

 

“မင်း အတော်ပြောင်းလဲသွားတယ်ဆိုတဲ့ ကိုယ့်စကားဟာ မှားနေတယ်။ တကယ်မင်းဟာ ဘာမှမပြောင်းလဲသေး ပါလား။ မင်းနဲ့ကိုယ်တို့ နောက်ဆုံးတွေ့ ကြတော့ ကတိပေးစကားတွေ အမှတ်ရ သေးသလား ခင်သန်းနွဲ့။ ဘဝတစ်လျှောက်လုံး မိန်းမကောင်းတစ်ယောက်အဖြစ် မြင်ရစေ့မယ်ဆိုတာလေ။ မင်း ကတိမတည်ဘူး”

 

“ဟုတ်ပါတယ် ကိုမောင်မောင်ဦး။ ကျွန်မကတိမတည်ဘူး။ ကျွန်မလို မိန်းမ တစ်ယောက်က ပေးခဲ့တဲ့ကတိကို ရှင် ယုံကြည်တာ အံ့သြစရာကောင်းတယ်”

 

“ကိုယ်ဟာ ဘယ်သူ့ကိုမဆို အလွယ် တကူယုံကြည်တတ်ပါတယ်”

 

“ကျွန်မကြိုးစားပါတယ်။ ကတိတည်နိုင်အောင် ကြိုးစားပါတယ်။ ကိုယ့်ဘဝ အတွက်သာ မတည်တာပါ။

 

တချို့နေရာ တွေမှာတော့ ပေးခဲ့တဲ့ကတိကို စောင့်ထိန်းနိုင်ခဲ့ပါတယ် ကိုမောင်မောင်ဦး။ အဲဒီအတွက် ကိုယ့်ဘဝကိုယ် ရေစုန်မျှောခဲ့တာလည်းပါတယ်။ ဘာပြောပြောပေါ့ရှင်။ ကျွန်မဘဝနဲ့ကျွန်မ ကျေနပ်ပါတယ်။ ကျွန်မဟာ ပြည့်တန်ဆာပါ။ ကျွန်မတို့ဘဝမှာ ဒီထက်ပြောင်းလဲစရာ မရှိခဲ့ပါဘူး ကိုမောင်မောင်ဦး”

 

“ဒါက လူအပေါ်မှာတည်တာပါ”

 

“ဟုတ်ပါတယ်။ လူကိုလိုက်ပြီးဖြစ်ကြတာပါ။ လူဆိုတာ တစ်ယောက်တည်းကို ပြောတာမဟုတ်ဘူး။ လူတွေအားလုံးကို ပြောမှရမှာ။ လူတွေက ကျွန်မကို ဘယ်လိုသတ်မှတ်ကြသလဲ။ မိန်းမပျက်လို့ သတ်မှတ်တယ်မဟုတ်လား။ ကျွန်မ တစ်ကိုယ်တည်းသက်သက်က ဘယ်လိုပဲ ကောင်းအောင်ကြိုးစားကြိုးစား၊ ဘယ်လိုကောင်းအောင်ပဲနေနေ ကျွန်မကို လူတွေက အကောင်းလို့ မမြင်ကြဘူး။ ဒါတွေဟာ အထူးပြောစရာလိုတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး ကိုမောင်မောင်ဦးရယ်။

 

လူတွေဆိုတဲ့အထဲမှာ ရှင်လည်းပါတာပဲ မဟုတ်လား။ တကယ်တမ်းတွက်ကြည့်ရင် ကျွန်မဟာ ရှင့်အဖေရဲ့မယားပါ။ ရှင့်ရဲ့မိထွေးပါ။ ရှင်ကိုယ်တိုင်ကတောင် ကျွန်မကို မိထွေးတစ်ယောက်လို့ မထင်နိုင်ခဲ့ရင် တခြားလူတွေက မိန်းမကောင်းလို့ မထင်နိုင်တာ ဘာများ ဆန်းသလဲ”

 

ခင်သန်းနွဲ့၏မျက်နှာမှာ ညှိုးငယ်သည်မှန်စေ၊ ဖျော့တော့သည်မှန်စေ တင်းတင်းမာမာ ခက်ခက်ထန်ထန်ရှိလာသည် အမှန်ပင်။ ပြီးသည်မိန်းကလေးမှာ လွန်ခဲ့သော လေးငါးဆယ်နှစ်ကလို မဟုတ်တော့။ အသက်အရွယ်အရ သူ့မှာ အတွေးအခေါ် ရှိလာဟန်တူသည်။ အသက်က လူကို ဆုံးမခဲ့ဟန်တူသည်။ နက်နဲသောစကားတို့ကို ဆိုတတ်လာ လေပြီကော။

 

“ရှင်နဲ့ နောက်ဆုံးတွေ့ခဲ့ပြီးတဲ့နောက် ကျွန်မကိုယ်ကျွန်မ ဆုံးမပါတယ်။ ပြုပြင်ပါတယ်။ ကောင်းရောင်းကောင်းဝယ် လုပ်စားဖို့ စိတ်ကူးခဲ့ပါတယ်။ ဒါပေမဲ့ အရာရာတိုင်းမှာ ရှုံးခဲ့တယ်။ လူတွေကို ကျွန်မမနိုင်ခဲ့ဘူး။ ကိုယ့်ဘဝကို မြှုပ်ဖို့ကြိုးစားတယ် မအောင်မြင်ဘူး။ ဒီလိုနဲ့ နောက်ဆုံးတော့ ကျွန်မဟာ ဒီသံသရာမှာပဲ ပြန်ပြီးကျင်လည်ခဲ့ရတယ်။ ဒီလိုနဲ့ ကျွန်မသေဆုံးသွားရမှာပဲ ကိုမောင်မောင်ဦး”

ကိုမောင်မောင်ဦး အရက်တော်တော် များများကိုသောက်ချလိုက်သည်။ လည်ချောင်းထဲမှာ ပူလာသည်။ ရင်ထဲမှာ ပူလာသည်။

 

စင်စစ်ရင်ထဲကပူရသည်မှာ အရက်ကြောင့်ချည်းမဟုတ်။ ခင်သန်းနွဲ့၏ စကားများကြောင့်လည်း ဖြစ်သည် ဆိုခြင်းကို စဉ်းစားမိသည်။

 

ဆက်လက်ဖော်ပြပါမည်။