ယမန်နေ့မှအဆက်
မိုးရေစွတ်စိုမှုကို အကြောင်းပြုကာ နေမကောင်းဖြစ်လာရခြင်းကို အမှတ်ရသည်။ သည်တစ်ခါ မိုးရေစိုလျှင် ရောဂါ ပြင်းထန်လာဦးမည်ကို စိုးရိမ်သည်။ နောက်တစ်ခုကလည်း သူတစ်ပါးတို့ အဖို့မှာ မိုးစိုလျှင် လဲစရာအဝတ်ရှိသည်။ ထွေးနွေးသော အိပ်ရာရှိနိုင်သည်။ မိမိအဖို့ လဲစရာအဝတ်မရှိ။ ထွေးနွေးသော အိပ်ရာလည်း မရှိ။ စင်စစ် မည်သို့သွား၍ မည်သို့နားရမည်ကိုပင် မတွေးတတ်နိုင်သေး။
ယခုတော့လည်း ဆေးရုံမှ ထွက်လာခဲ့ခြင်းကိုပင် နောင်တရတော့မလိုရှိသည်။ မည်သို့ပင်ဖြစ်စေ ဆေးရုံသည် အိပ်ရာ တစ်နေရာစာ၊ အစားအသောက်နှင့် ဆေးဝါးအတွက် စိတ်ချရသော နေရာဖြစ်လေသည်။
ရန်ကုန်မြို့ဟူသည်မှာလည်း ကျောတစ်နေရာစာအတွက်ပင် အခက်အခဲ တွေ့ရတတ်သော နေရာမျိုး၊ ထမင်း တစ်နပ်စာစားရဖို့ပင် ခဲယဉ်းသောအရပ်မျိုး။
ကိုကျော့မောင်ရှိသော နေရာသို့ မသွားချင်လှသေး။ သည်တစ်ခေါက် ရန်ကုန်သို့ အရောက်၌ အိမ်ရှင်၏မျက်နှာ မကြည်သာသည်ကို သတိပြုမိသည်။ သူငယ်ချင်း ဖြစ်သူကို ဒုက္ခမပေးချင်လှ။ ဖြစ်နိုင်မည် ဆိုလျှင်တော့ တစ်နေ့လုံး၊ တစ်ညလုံး လျှောက်သွားချင်နေသည်။ ရောက်ရာ ပေါက်ရာ ခရီးနှင်နေချင်သည်။ ဘာမျှ မစားဘဲ၊ ဘယ်တော့မှ မအိပ်ဘဲ နေနိုင်ခဲ့လေလျှင် အဘယ်မျှကောင်းမည်မသိ။
ယခုတလော စိတ်တေလေကို ဆုပ်ဖမ်း၍မရ။ အလိုလိုနေရင်း စိတ်ပျံ့လွင့်နေသည်။ သို့နှင့်အမျှလည်း တစ်နေရာရာတွင် အတည်အငြိမ်နေရမည်ကို ဝန်လေးသည်။ စိတ်သွားရာ ကိုယ်ပါလွင့်ချင်သည်။ အသက်အရွယ်နှင့် ကျန်းမာရေး အခြေအနေကြောင့် စိတ်အလိုမလိုက်နိုင်သည်ကို မချင့်မရဲဖြစ်မိသည်။ မကျေမနပ် ရှိနေမိသည်။
သို့တိုင်အောင် သူသည် အကျဉ်းသား ဘဝနှင့်တူသော ဆေးရုံကို စွန့်ခွာလာခဲ့မိလေသည်။ လမ်းမပေါ်သို့ ရောက်နေခဲ့လေသည်။
သူသည် ဆူးလေဘုရားလမ်းမကြီးကို စူးစိုက်ကြည့်နေရာမှ ဆင်ဝင်အောက်သို့ ပြန်ကြည့်လိုက်သည်။ သူရှိနေရာ ဆင်ဝင်မှာ မီးလုံးမရှိသောကြောင့် အမှောင်သန်းနေသည်။ လမ်းမီးမှ မီးရောင်သည်သာ လာရောက်ဟပ်နေ သည်။ မိုးကြောင့် မီးရောင်တို့သည် လင်းလင်းထင်းထင်း မရှိလှ။
ဆင်ဝင်အောက်မှာ သူအပါအဝင် လူလေးယောက်သာရှိသည်။ နှစ်ယောက်မှာ ကုလားလူမျိုးများ ဖြစ်ကြသည်။ အခြေအနေမဲ့များ ဖြစ်ဟန်ရှိသည်။ သူတို့ချင်း စကားဆိုနေကြသည်။ အခြားတစ်ယောက်သည် အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူသည် လှေကားထစ် အုတ်ခုံကို မှီရပ်နေသည်။ ကိုယ်အထက် ပိုင်းမှာ လုံးလုံးလျားလျား အမှောင်ဖုံးလွှမ်းလျက်ရှိသည်။
အမျိုးသမီးသည် သူ့ကို အကဲခတ် နေဟန်ရှိသည်။ သူက လှည့်ကြည့်သောအခါ ရှေ့သို့ တိုးလာသည်။ သူ၏ မျက်နှာကို မြင်သာလာသည်။ အရွယ်က မကြီးရင့်လှသေး။ ရှိလှမှ အသက်နှစ် ဆယ့်ငါးနှစ်ဝန်းကျင်။ ဆံပင်မှာ အတွန့် အကောက်များရှိသည်။ အခြယ်အသများသည် လိုအပ်သည်ထက် ပိုမိုနေသည်။ မျက်နှာအနေအထားနှင့် အခြယ်အသများက မည်သည့်မိန်းကလေးအမျိုး အစားဖြစ်သည်ကို အလွယ်တကူ ဖော်ပြနေသည်။
“မီးခြစ် ပါသလားဟင်”
အမျိုးသမီးသည် ကိုမောင်မောင်ဦး၏ အပါးမှာ လာရပ်ရင်းမေးသည်။
“မပါပါဘူး”
ကိုမောင်မောင်ဦးသည် အကြည့်ကို သူ့မျက်နှာတွင် စူးစိုက်ထားလိုက်သည်။
“ဆေးလိပ်သောက်ချင်လိုက်တာရှင်”
အမျိုးသမီးသည် နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း ညည်းသည်။ မီးခြစ်သာမေးသည်။ သူ့၌ ဆေးလိပ်လည်း ပါဟန် မတူပေ။
ကိုမောင်မောင်ဦးသည် အကြည့်ကို အခြားသို့ လွှဲပြောင်းလိုက်သည်။
“မိုးက ဒီည တိတ်မှ တိတ်ပါ့ဦးမလား မသိဘူး”
ဆံပင်ကိုကုတ်ဖွရင်း တစ်ကိုယ်တည်း ပြောသလို ပြောလိုက်သည်ကို ကြားရသည်။ ကိုမောင်မောင်ဦး အမျိုးသမီး ဘက်သို့ လှည့်မကြည့်ဘဲနေမိသည်။
ရံခါတွင် လမ်းအတိုင်းမောင်းနှင်သွားသည့် ကားများကို လိုက်ကြည့်နေသည်။
အမျိုးသမီးက ဆေးလိပ်အကြောင်း စမေးလိုက်သဖြင့် ကိုမောင်မောင်ဦး ကိုယ်တိုင် ခံတွင်းချဉ်လာသလိုရှိသည်။ ဆေးလိပ် သောက်ချင်လာသည်။ ကွမ်းယာ၊ ဆေးလိပ်ဆိုင်ကလေးများ ပိတ်ခဲ့လေပြီ။ လက်ဖက်ရည်၊ ကော်ဖီ ဆိုင်တို့လည်း သိမ်းခဲ့ပြီ။ အကယ်၍ ယင်းဆိုင်ကလေးများသာ ရှိနေမည်ဆိုလျှင် အမျိုးသမီးအား ကိုယ်ချင်း စာကာ ဆေးလိပ်ဝယ်တိုက်မိမည်လား မပြောတတ်။
“ဘယ်ပြန်မှာလဲ”
အမျိုးသမီး၏ အမေးကြောင့် ကိုမောင် မောင်ဦး သူ့ဘက်သို့ လှည့်လိုက်သည်။ သူသည် ချမ်းနေပုံရသည်။ ရင်ကို သိုင်းယှက်လျက် လက်ပိုက်ထားသည်။ ပါးလွှာသောအင်္ကျီကြောင့် ရင်အထက် ပိုင်းကို စို့စို့ပို့ပို့ မြင်ရသည်။
သူမေးသော မေးခွန်းမှာ ကိုမောင် မောင်ဦးအတွက် အဖြေရခက်သော မေးခွန်းဖြစ်သည်။ ရုတ်တရက် စကား ပြန်မပြောတတ်အောင် ရှိရသည်။
“ဟင်၊ ဘယ်ပြန်မှာလဲ”
အမျိုးသမီး ထပ်မေးသည်။
“ပါရမီရိပ်သာ”
ပါးစပ်ထဲပေါ်လာသော အဖြေကို ပေးလိုက်သည်။
“ဒါဖြင့်အတော်ပဲ၊ ကျွန်မနဲ့ လမ်းသင့်တယ်”
“ဘယ်မှာနေလို့လဲ”
“ကမ္ဘာအေးမှာ”
အမျိုးသမီးသည် ကိုမောင်မောင်ဦးနှင့် ရင်းနှီးရန် ကြိုးစားလျက်ရှိကြောင်း တွေ့ရသည်။ စကားပြောချင်နေပုံရ သည်။ မိုးရွာနေသည်ကို ပျင်းပျင်းရိရိ စောင့်ကြည့်နေရသည်ထက်စာလျှင် စကားစမြည်ပြောနေခြင်းက အပျင်းပြေနိုင်ကြောင်း ကိုမောင်မောင်ဦးကိုယ်တိုင် တွေးမိသည်။
သို့ဖြင့် သူသည် စကားစလိုက်လေ သည်။
“ဒီအချိန်ကျမှ ကားရပါ့ဦးမလား”
သည်အမေးကို မေးမိသည်။
“ရနိုင်ပါတယ်။ လိုင်းကားတော့ ဘယ်ဟုတ်မလဲ။ အလွတ်ဆွဲတဲ့ကားတွေ ရှိပါသေးတယ်။ ရုပ်ရှင်အားလုံး ပြီးချိန် လောက်ကျရင် ကားတွေ ရောက်လာမှာ ပါ” ဆိုရင်းက “ဆေးလိပ်မသောက်ရတာ ဆိုးတာပဲ” ဟု ညည်းသည်။
သူကပင် စကားဆက်သည်။
“ဒီည မိုးရွာလိုက်တာ လာဘ်ပိတ်သွား တာပဲ၊ အလုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး”
သည်တွင် မိုးသည် ည၏ သာယာလှပ ခြင်းကိုသာမက အမျိုးသမီး၏ အလုပ်အကိုင်ကိုပါ ဖျက်လိုဖျက်ဆီးလုပ်လိုက်ကြောင်း ကိုမောင်မောင်ဦး တွေးမိသည်။
“ဒါပေမဲ့ ဒီရက်က လကုန်ပိုင်းဆိုတော့ နဂိုကတည်းက အလုပ်ဖြစ်မယ် မထင်လှပါဘူး။ ရန်ကုန်မြို့ဟာ အတော်ရယ်စရာ ကောင်းတယ်။ လခစားမြို့လို့ ပြောလို့ ရမယ်ထင်တယ်။ လခထုတ်တဲ့ရက်များ ဆိုရင် တစ်မြို့လုံး ကျွက်ကျွက်ညံနေတာပဲ။ ဝယ်လိုက်၊ ခြမ်းလိုက်၊ စားလိုက်၊ သောက်လိုက်ကြတာ။ ဈေးတွေမှာ၊ ရုပ်ရှင်ရုံတွေမှာ လူတွေ ကြိတ်ကြိတ် တိုးနေတာပဲ၊ အဲဒီရက်တွေမှာဆိုရင် ကျွန်မတို့ သိပ်အလုပ်ဖြစ်ကြတာပေါ့။ အဲလခထုတ်ပြီး နောက်တစ်ရက်ကျရင် လူတွေကျဲသွားတော့တာပဲ။ တစ်စထက် တစ်စ ခြောက်သွေ့လာလိုက်တာ ဆယ့်ငါးရက်နေ့လောက်ဆိုရင် လူတွေ ငြိမ်သွားရော။ ကျွန်မဖြင့် ဆယ့်ငါးရက်က ကျော်လာမှာကို သိပ်ကြောက်တာပဲ။ လမကုန်ခင်အထိ ရင်ထိတ်နေရတာပဲ။ ဆယ့်ငါးရက်နောက်ပိုင်းမှာ ကံကောင်းပါ မှ အလုပ်ဖြစ်တာ။ အများအားဖြင့် ဒိုင်လျော်ရတဲ့ရက်တွေ များနေတတ် တယ်”
အမျိုးသမီးသည် ကိုယ့်စကားကို ကိုယ့်ဘာသာသဘောကျသလို ရယ်နေ သည်။
ကိုမောင်မောင်ဦးသည် အမျိုးသမီး အပေါ် စိတ်ဝင်စားလာရသလိုရှိသည်။ သူ၏ပွင့်လင်းမှုကို သဘောကျမိသည်။ အမျိုးသမီးအနေနှင့် စကားစရှာ၍ စကားပြောခြင်းလည်း ဖြစ်နိုင်သည်။ သူ၏အလုပ်အကိုင်ကို အသိပေးခြင်း အားဖြင့် ကိုမောင်မောင်ဦး၏အာရုံကို ဆွဲဆောင်ခြင်းလည်း ဖြစ်နိုင်သည်။
ပလက်ဖောင်းအတိုင်း လူသုံးယောက် လျှောက်လာသည်ကို မြင်ရသည်။ ထီးကိုယ်စီဖြင့် ဖြစ်သည်။ အမျိုးသမီး ၏အကြည့်သည် ယင်းလူများအပေါ်သို့ ကျရောက်သွားသည်။ သူက လူကို မြင်သာစေရန် ထွက်ရပ်လိုက်သည်။ မိုးဖွဲကလေးများ စိုစွတ်မိသည်အထိ ဖြစ်သည်။ လူသုံးယောက်က သူ့ကို တစ်ပြိုင်နက် ကြည့်သွားကြသည်။ သို့ တိုင်အောင် မည်သို့မျှစိတ်ဝင်စားပုံမပြဘဲ ဆက်လက် လျှောက်သွားကြလေသည်။
အမျိုးသမီးသည် စိတ်ပျက်လက်ပျက် အမူအရာဖြင့် ကိုမောင်မောင်ဦးဘေးမှာ လာရပ်သည်။ ပခုံးတွန့်ပြလိုက်သည်။
“တကယ်ပါပဲ။ ဒီကနေ့လည်း ဒိုင်လျော် ရဦးတော့မှာပဲ”
ကိုမောင်မောင်ဦးသည် သူ့အပြုအမူ ကိုကြည့်ကာ ပြုံးနေမိသည်။
“ထီးပါသလားဟင်”
သူမေးသည်ကို ကိုမောင်မောင်ဦး ခေါင်းခါပြလိုက်သည်။
“ကျွန်မမှာလည်း ထီးမပါဘူး။ ကျွန်မတို့ မော်တော်ကား ရပ်တတ်တဲ့နေရာအထိ မိုးရွာထဲက လျှောက်သွားရမှာပဲ။ အချိန်လည်း မရှိတော့ပါဘူး။ ပြန်ကြပါစို့ ရှင်” ဆက်လက်ဖော်ပြပါမည်။