ရေနံလက်ယက်တွင်းများမှ ရေနံစိမ်းများအား တရားဝင်ခွင့်ပြုထားသည့် ဆီဘောက်ဆာယာဉ်များဖြင့် သယ်ယူခြင်းမရှိပါက  ထိရောက်စွာအရေးယူမည်

မကွေး  ၁၆  မေ  


မကွေးတိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကရေနံ လက်ယက်တွင်းများမှ ထွက်ရှိသည့်ရေနံစိမ်းများအား  ရေနံချက်လုပ်ရန် သယ်ယူရာ၌ တရားဝင် ခွင့်ပြုထားသည့် ဆီဘောက်ဆာယာဉ်များဖြင့် သယ်ယူခြင်းမရှိပါက ယခုနှစ် ဒီဇင်ဘာလကုန် နောက်ပိုင်းမှစ၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


တိုင်းဒေသကြီးအတွင်းရှိ  ပုဂ္ဂလိကရေနံ လက်ယက်တွင်းများမှ ထွက်ရှိသည့်ရေနံစိမ်းများအား  မုံရွာ၊ တံတားဦး၊ ပျော်ဘွယ်၊ အင်္ဂပူ စသည့်မြို့များသို့  ရေနံချက်လုပ်ရန် သယ်ယူရာ၌ အန္တရာယ် ကင်းရှင်းစေရေးအတွက် တရားဝင်ခွင့်ပြုထားသည့်  ဆီဘောက်ဆာ ယာဉ်များဖြင့် သယ်ယူရေးနှင့်  ဆီဘောက်ဆာယာဉ် အဖြစ်သို့  တရားမဝင် ပြောင်းလဲထားသည့် ယာဉ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊  ဒီဇင်ဘာလအတွင်း တရားဝင်ဖြစ်အောင် ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက တရားမဝင် ပြောင်းလဲထားသည့် ယာဉ်များအား ရေနံစိမ်း သယ်ဆောင်ခွင့်လက်မှတ် ထုတ်ပေးခြင်း မပြုဘဲ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း  မေလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ပြည်သူ့အတွက် တတိယ(၁)နှစ်တာ  လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတွင်  ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။


အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် က မကွေးတိုင်းဒေသကြီးအတွင်း  ပုဂ္ဂလိက ရေနံလုပ်ကွက်ပေါင်း ၁၄ ကွက်ရှိကြောင်းနှင့် ပခုက္ကူခရိုင်အတွင်း  ရေနံချက်စက်ရုံ ငါးရုံ တည်ဆောက်နိုင်ရေး  စီစဉ်လျက်ရှိကြောင်း  ရှင်းလင်းပြောကြားချက်အရ သိရသည်။


MDN