ရှေ့နေနှင့် ကျင့်ဝတ်

ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း

ဆရာ

ဗျာ

ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ

ရှေ့နေနှင့် ကျင့်ဝတ်ပါ

ဘာကို ပြောချင်တာလဲဆရာ

ကျင့်ဝတ်ကို တာဝန်ရှိသူတိုင်း စောင့်ထိန်းသင့်တယ်ဆိုတဲ့ အဓိကအချက်ပါ

ဟုတ်ကဲ့၊ ဖတ်ကြည့်ကြပါစို့ဆရာ

ကျင့်ဝတ်ဆိုတာဘာလဲ

ကျင့်ဝတ်ဟူသည် သိက္ခာဖြစ်သည်။ ကျင့်ဝတ်သိက္ခာဟူသည် ကောင်းမြတ်သော ကိုယ်ကျင့်တရားဖြစ်သည်။ ကျင့်ဝတ်ကို rules of conduct ဟုလည်းကောင်း၊ moral code ဟူ၍လည်းကောင်း မြန်မာ-အင်္ဂလိပ်အဘိဓာန် (စာ-၃၃) တွင် ဖွင့်ဆိုသည်။

ကျင့်ဝတ်သိက္ခာကို ဘယ်လိုထိန်းမည်လဲ

အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ တရားနှင့်မတရား၊ ဓမ္မနှင့် အဓမ္မ ခွဲခြားနားလည်ပြီး မိမိ၏စိတ်သဘောကို သန့်ရှင်းစင်ကြယ်စေရမည်။ မကောင်းမွန်မှု၊ မမှန်ကန်မှု၊ မတရားမှုများကို ဖယ်ရှားရမည်။ ကောင်းမွန်မှု၊ မှန်ကန်မှု၊ တရားမျှတမှုတို့ကို ကြိုးပမ်းပြည့်စုံစေရမည်။

ကျင့်ဝတ်၏သဘော

ကျင့်ဝတ်ဟူသည် လိုက်နာစောင့်ထိန်းရသော ကိုယ်ကျင့်တရားဖြစ်သည်။ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာတွင် မိမိထားရှိရမည့် စိတ်နေသဘောထား၊ ဆောင်ရန်၊ ရှောင်ရန်များကို သတ်သတ်မှတ်မှတ်ဖော်ပြ၍ ကျင့်ဝတ်အဖြစ် လိုက်နာဆောင်ရွက်စေသည်။ ဆရာဝန်ဖြစ်ပါက ဆရာဝန်ကျင့်ဝတ်၊ ရှေ့နေဖြစ်ပါက ရှေ့နေကျင့်ဝတ်၊ တရားသူကြီးဖြစ်ပါက တရားသူကြီးကျင့်ဝတ် စသည်ဖြင့် လုပ်ကိုင်ကြသော လုပ်ငန်းအလိုက်ကျင့်ဝတ်ကို ထားရှိဆောင်ရွက်တတ်ကြသည်။ ထိုသို့ကျင့်ဝတ်ထားရှိဆောင်ရွက်ကြခြင်းဖြင့် မိမိလုပ်ငန်းတာဝန်အပေါ် အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ တရားနှင့်မတရား၊ ဓမ္မနှင့် အဓမ္မ ခွဲခြားနားလည်ပြီး တာဝန်သိသိ၊ သစ္စာရှိရှိ ပြည့်ဝသောသဘောထားဖြင့်ဆောင်ရွက်နိုင်ကြပါမည်။

တရားသူကြီးများ

တရားသူကြီးများသည် တရားစီရင်ရေးတာဝန်ကို ထမ်းဆောင်ရာတွင် သာတူညီမျှ၊ ဘက်လိုက်မှု ကင်းရှင်းသည့် တရားစီရင်ရေးကို ဦးတည်ဆောင်ရွက်ကြသူများဖြစ်ရာ တရားသူကြီးများ ကျင့်ဝတ်အတိုင်း လိုက်နာဆောင်ရွက်ကြရပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံစည်းမျဉ်း အပိုဒ် ၁၀ (Universal Declaration of Human Rights, Article 10) အရ ပြစ်မှုကြောင်းအရ စွပ်စွဲချက်ကိုဆုံးဖြတ်ခံရာတွင် လွတ်လပ်၍ ဘက်လိုက်မှုမရှိသော တရားရုံးတစ်ရပ်က အများပြည်သူရှေ့မှောက်တွင် တရားမျှတစွာ ကြားနာစစ်ဆေးခြင်းဖြင့် တန်းတူရည်တူ အပြည့်အဝရပိုင်ခွင့်ကိုလည်း ရရှိစေပါသည်။

ပြည်သူလူထု၏ယုံကြည်ကိုးစားမှု

ထိုသို့ဖြစ်ပေါ်စေခြင်းသည် တရားစီရင်ရေးကိုပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ရရှိစေပြီး မိမိနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ တရားဥပဒေ စိုးမိုးမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

တရားသူကြီးများကျင့်ဝတ်ကို တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများက အထူးလေးစား လိုက်နာရန်လိုအပ်ပါသည်။ သို့မှသာ တရားစီရင်ရေးကဏ္ဍနှင့် ဆက်စပ်ပါဝင်သူအားလုံးက တရားစီရင်ရေးအပေါ် ပိုမိုနားလည်လာပြီး လိုအပ်သော ပံ့ပိုးမှုများပြုခြင်းဖြင့် တရားစီရင်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်အားကိုးမှု၊ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ရာ ရောက်မည်ဖြစ်ပေသည်။

တရားစီရင်ရေးကျင့်ဝတ်

မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်ကို ၂၀၁၇ သြဂုတ် ၂ ရက် ရက်စွဲဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည်။

လွတ်လပ်မှုခေါင်းစဉ်အောက်တွင် လွတ်လပ်မှုသည် တရားဥပဒေစိုးမိုးရေးတွင် အခြေခံ လိုအပ်ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။

သာတူညီမျှမှု ခေါင်းစဉ်အောက်တွင် တရားရုံးရှေ့မှောက်၌ လူတိုင်းအပေါ် သာတူညီမျှမှုရှိခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း ဖော်ပြသည်။

စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု ခေါင်းစဉ်အောက်တွင် စွမ်းဆောင်ရည်၊ လုံ့လဝီရိယရှိမှု၊ အချိန်၊ စွမ်းအား စသည်တို့ကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံဆောင်ရွက်သင့်ကြောင်း ဖော်ပြသည်။

သမာသမတ်ကျမှု ခေါင်းစဉ်အောက်တွင် သမာသမတ်ကျမှု မရှိမဖြစ် လိုအပ်ကြောင်း၊ အဂတိတရားဖြင့် မလိုမုန်းထားခြင်းကင်းရှင်းအောင် ဆောင်ရွက်ရကြောင်းဖော်ပြသည်။

ဖြောင့်မတ်တည်ကြည်မှု၊ ဂုဏ်သိက္ခာရှိမှုများမှာ တရားသူကြီးများအတွက် အထူးအရေးကြီးပုံ၊ တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံသာမကဘဲ ထိုသို့အမှန်တရားစီရင်ကြောင်း အများမြင်စေရမည်ဟု ဖော်ပြသည်။

ဥပဒေအရာရှိကျင့်ဝတ်

ဥပဒေအရာရှိများသည် မိမိ၏လုပ်ငန်းတာဝန်ကိုထမ်းဆောင်ရာတွင် တာဝန်သိသိ၊ သစ္စာရှိရှိ၊ သဘောထားပြည့်ဝစွာဖြင့် ဆောင်ရွက်ခြင်း၊ အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ တရားနှင့်မတရားတို့ကို ခွဲခြားနားလည်ခြင်း၊ မှန်ကန်မှု၊ ကောင်းမွန်မှုနှင့် တရားမျှတမှုတို့ကို မြတ်နိုးခြင်း စသည့်ကောင်းမြတ်သည့်စိတ်ထား၊ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားတို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်သည့်အလျောက် ဥပဒေအရာရှိတိုင်း လိုက်နာကျင့်သုံးအပ်သည့် ကျင့်ဝတ်ဖြစ်ပေသည်။ ဥပဒေအရာရှိကျင့်ဝတ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ၂၀၁၇ ခုနှစ်သြဂုတ်လ ၂ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားရှိပါသည်

အခြေခံမူများ

ဥပဒေအရာရှိ ကျင့်ဝတ်၏ အခြေခံမူများမှာ –

(က) ရိုးသားဖြောင့်မတ်ခြင်း၊

( ခ ) ဘက်လိုက်မှုကင်းပြီး တရားမျှတစွာဆောင်ရွက်ခြင်း၊

(ဂ) မှန်ကန်စွာစဉ်းစားတွေးခေါ်ပြီး ဥပဒေနှင့်အညီ သုံးသပ်ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း၊

(ဃ) မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေခြင်း၊

(င) ရာထူးနှင့်လျော်ညီသော အရည်အချင်းနှင့်လုံ့လဝီရိယရှိခြင်း၊

(စ) တာဝန်သိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်းတို့ဖြစ်ပါသည်။

သတင်းမီဒီယာကျင့်ဝတ်

သတင်းမီဒီယာသည် လွတ်လပ်ပါသည်။ သို့သော်လွတ်လပ်ချင်တိုင်း လွတ်လပ်၍မရပါ။ မင်းမဲ့စရိုက်မဆန်ပါ။ သူ့ကျင့်ဝတ်၊ သူ့စည်းကမ်းရှိပါသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းမီဒီယာကျင့်ဝတ်ကို၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

သတင်းမီဒီယာများ၏ ကျင့်ဝတ်တွင် တိကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှုများမှာ အဓိကဖြစ်ပါသည်။ မီဒီယာများသည် လျှို့ဝှက်အပ်သော သတင်းရင်းမြစ်များကို ကာကွယ်ပေးရန် တာဝန်ရှိပါသည်။ လျှို့ဝှက်ချက်ကိုအသိရှိရှိ လေးစားလိုက်နာရန်လိုအပ်ပါသည်။

အင်တာဗျူးတင်ဆက်ခြင်းနှင့် တည်းဖြတ်ခြင်းတို့တွင် အင်တာဗျူးဖြေဆိုသူ၏ သဘောထားရပ်တည်ချက်များကို ပုံဖျက်ခြင်း သို့မဟုတ် မမှန်မကန် ပြန်လည်ဖော်ပြခြင်း မပြုလုပ်ရ။

ကိုယ်ရေးလွတ်လပ်ခွင့်နှင့် အများပြည်သူအကျိုးစီးပွားကို ခွဲခြားသိမြင် ဦးထိပ်ထားရပါမည်။ ကာယိန္ဒြေထိပါးခြင်း၊ အတင်းအကျပ် သတင်းရယူခြင်း၊ ချောင်းမြောင်းရယူခြင်းများကို သတင်းရယူရာတွင် မပြုအပ်ပါ။ အယောင်ဆောင် လှည့်စားခြင်းလည်း မပြုရပါ။ အခြားအချက်များ အပါအဝင် စုစုပေါင်း ၂၈ ချက် ကျင့်ဝတ်တွင်ဖော်ပြထားပါသည်။

သတင်းမီဒီယာဥပဒေ အခန်း (၄) တွင် သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များအကြောင်း ဖော်ပြပြဋ္ဌာန်းထားသည်။ သတင်းတိုင်း အချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ရမည်။ တိကျမှန်ကန်မှု မရှိသောသတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက အနီးစပ်ဆုံးအချိန်အတွင်း အမြန်ဆုံးဖော်ပြပေးရမည်။ တရားရုံးအား မထီမဲ့မြင်ပြုရာရောက်သော သတင်းဝေဖန်ချက်မျိုး မဖော်ပြရပါ။ သတင်းမီဒီယာသမားတိုင်း ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ကျင့်ဝတ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည ်နိုင်ငံတစ်ဝန်းတွင်ပျံ့နှံ့နေသော အဂတိလိုက်စားမှု အကျင့်ဆိုးကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ အများပြည်သူတို့၏ ဘဝများကို ပိုမိုသာယာဝပြောလာစေရေးအတွက် တာဝန်ယူထမ်းဆောင်သွားမည်ဖြစ်ပေသည်။

ကိုယ်ကျင့်သိက္ခာဆိုင်ရာ မြင့်မားသောစံနှုန်းကိုတိကျစွာ လိုက်နာစောင့်ထိန်းရန် လိုအပ်သည်ဖြစ်သောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကျင့်ဝတ်ကို ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက် ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

အခြေခံမူများ

အောက်ပါအခြေခံမူများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ များဖြစ်ပါသည်-

(က) ဖြောင့်မတ်တည်ကြည်မှု - မိမိအတွက်၊ မိသားစုအတွက် နှီးနွှယ်ဆက်စပ်သူအတွက်ပုဂ္ဂိုလ်ရေး အကျိုးစီးပွား အသုံးမပြုရ။

(ခ) လွတ်လပ်စွာရပ်တည်နိုင်မှု - ဘက်လိုက်ခြင်းကင်းရမည်။ မည်သည့်သြဇာလွှမ်းမိုးမှုမှ လက်မခံရ။

(ဂ) တာဝန်ယူမှု - တာဝန်ယူခြင်းသည် နိုင်ငံတော်အတွက် အများပြည်သူ၏ ယုံကြည်မှုကို ထိန်းသိမ်းနိုင်ရန် မရှိမဖြစ်လိုအပ်သည်။

(ဃ) ပွင့်လင်းမြင်သာမှု - လျှို့ဝှက်ထိန်းသိမ်းရမည့် အချက်များကို ထိန်းသိမ်းပါ။ လျှို့ဝှက်ထိန်းသိမ်းရမည့် အချက်များမှအပ သတင်းအချက်အလက်များကို အများပြည်သူသိရှိရေး ထုတ်ပြန်ပေးရန်ဖြစ်သည်။

(င) မျှတမှု - ဘက်လိုက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကင်းသည်။ လူ့ဂုဏ်သိက္ခာကို လေးစားသည်။

(စ) အားလုံးပါဝင်နိုင်မှု - အပြုသဘောဆောင်သော၊ မတူကွဲပြားသော အတွေးအခေါ်နှင့် အမြင်များလေးစားသည်။

ခြုံငုံသုံးသပ်ချက်

လူပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးသည်ဆိုင်ရာကဏ္ဍအလိုက် ကျင့်ဝတ်များရှိကြသည်။ ကျင့်ဝတ်များသည် သိက္ခာများပင်ဖြစ်ကြသည်။ မိမိတို့၏ ကျင့်ဝတ်သိက္ခာများကို မိမိတို့ စောင့်ထိန်းလိုက်နာသင့်ကြပေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ တိုက်တွန်းဖို့ လိုမည်မထင်ပါ။

နိဂုံး

ကျင့်ဝတ်ကို အသီးသီးစောင့်ထိန်းလိုက်နာကြခြင်းဖြင့် တရားနှင့်မတရား၊ ဓမ္မနှင့် အဓမ္မ ခွဲခြားသိမြင်လျက်မိမိတို့ရင်ဝယ် ကြည်နူးရွှင်လန်းမည် ဧကန်အမှန်ဖြစ်ပါကြောင်း။

ကြေးမုံ