ရေးမြို့နယ်၊ ဟံဂံကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ

ရေး ဩဂုတ် ၁၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းမှ စတင်ကာ ရေကြီးရေလျှံလျက်ရှိကြောင်း သိရသည်။

မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျရေများ ဆင်းလာခြင်း၊ ကျေးရွာရှိချောင်းများ ရေလျှံခြင်းတို့ကြောင့် ကျေးရွာတစ်ရွာလုံးနီးပါး ရေလွှမ်းမိုးမှု ဖြစ်ပွားလျက်ရှိသည်။ လက်ရှိအချိန်တွင် ရေးမြို့နယ်အတွင်း မိုးများဆက်လက်ရွာသွန်းလျက်ရှိနေပြီး မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဟံဂံကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၁၆၀၀ ကျော်ခန့်ရှိပြီး နှစ်စဉ် မိုးသည်းထန်စွာ ရွာသွန်းသည့်ရက်များတွင် ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိကြောင်း၊ ၂၀၁၉ ခုနှစ်က အဆိုးရွားဆုံး ရေကြီးနစ်မြှုပ်မှု ကြုံတွေ့ခဲ့ရသော ကျေးရွာတစ်ရွာလည်း ဖြစ်ကြောင်း သိရှိရသည်။ 

ရေး(ပြန်/ဆက်)