ရွှေမိုးညို

သိပ္ပံမောင်ဝ

မောင်လူအေးသည် မိမိ၏ မယားချစ် မမြသန်းကလေးအား မော်လမြိုင် ဒိုင်းဝန်ကွင်းသင်္ချိုင်း သီဟိုဠ်ပင်လေးအောက်တွင် မြှုပ်နှံပစ်ထားခဲ့ရသည်မှာ ၁ဝ ရက်ခန့်သာကြာသေး၏။ ထိုသီဟိုဠ်ပင်လေး၊ သီဟိုဠ်ကိုင်းလေးအား တရေးရေး မြင်ယောင်နှင့်နေ၏။ ကိစ္စပြီးစီး၍ မိမိနေအိမ်သို့ ရောက်လာသည်မှာ သုံးရက်သာလျှင် ကြာသေး၏။

အိမ်သို့ပြန်ရောက်ပြီးနောက် စိတ်ထဲတွင် ကြောင်တောင်တောင်နှင့်နေ၏။ ဟာတာတာနှင့်နေ၏။ ပျင်းသလိုလို၊ ဆွေးသလိုလိုနှင့်နေ၏။ လွမ်းသည်ဟူ၍လည်း မဆိုနိုင်၊ ဆွေးသည်ဟူ၍လည်း မဆိုနိုင်၊ စိတ်ညစ်သည်ဟူ၍လည်း မဆိုနိုင်၊ ဟာတာတာနှင့်ဖြစ်နေ၏။ ကြောင်တောင်တောင် ဟိုဟာလုပ်ရနိုးနိုး၊ သည်ဟာလုပ်ရနိုးနိုး၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေ၏။

တစ်ယောက်တည်း စားပွဲရှေ့ ကုလားထိုင်တွင်ထိုင်ကာ တွေဝေ စဉ်းစားနေသည်မှာလည်း အတန်ပင်ကြာ၏။  မိမိအင်္ဂလန်ပြည် အောက်စဖို့ဒ်မြို့တွင် တစ်ယောက်တည်း သွားရောက်နေထိုင်ခဲ့ဖူး၏။ မိဘဆွေမျိုးချစ်သူခင်သူတို့အား လွမ်းဆွတ်တသခဲ့ဖူး၏။ သို့သော် ယခုအခါမှာကဲ့သို့ နေမထိထိုင်မထိမဖြစ်၊ နောက်တစ်နေ့ ပြန်တွေ့ရဦး မည်ကိုသိသောကြောင့် ဖြစ်ဟန်တူလေသည်။ တစ်ယောက်တည်း နေခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ကြာပေပြီ။ ယခုကဲ့သို့မဖြစ်စဖူး၊ နှစ်ယောက်ပူးပေါင်းသင်းကာ မနေခဲ့ဖူးသေးသောကြောင့် ဆိုစရာရှိ၏။ ဤသည်လည်း မဟုတ်သေး၊ မမြသန်းကလေးနှင့်ပင် မမာဖြစ်နေစဉ်က ခွဲခဲ့ဖူးသေး၏။ လွမ်းဆွတ်၏။ တသ၏။ ပူဆွေး၏။ သို့သော် ယခုကဲ့သို့ ကြောင်တောင်တောင်နှင့် နေမထိထိုင်မထိ မဖြစ်။ နောင်တစ်နေ့ကျလျှင် ပြန်တွေ့ရဦးမည်ဟူသော မျှော်လင့်ချက်လေးက ရှိသေးသောကြောင့်တည်း။
ယခုကား မျှော်လင့်ချက် လုံးလုံးကင်း၏။ မပြန်သောလမ်းသို့ သွားပေပြီ။ ထိုသီဟိုဠ်ကိုင်းအောက်မှာပင် အရိုးအသား ဆွေးမြည့်၍ သွားရတော့အံ့။ မျှော်လင့်ချက်ကင်းသောသူအား လောကကြီးသည် အချည်းနှီးဖြစ်၏။ လောကကြီးအတွင်း၌ မြင်မြင်သမျှ အကျိုးမမြင်၊ အပြစ်သာမြင်ရ၏။ ထိုင်နေရကောင်းနိုးနိုး၊ ထနေရကောင်းနိုးနိုး၊ အိပ်ရကောင်းနိုးနိုး၊ လမ်းလျှောက်နေက ကောင်းနိုးနိုးနှင့်နေ၏။ မမြသန်းကလေး၏ မျက်နှာ၊ မမြသန်း မြှုပ်ထားရာ၏အထက်တွင် ပေါက်သော သီဟိုဠ်ပင်တို့ကိုသာ မျက်စိထဲ တရေးရေးမြင်လျက်နေ၏။ စိတ်ကိုဖျောက်၏။ ဆုံးမ၏။ တရားချ၏။ မရ။

စိတ်ပြေလက်ပြေ တုတ်ကောက်တစ်ချောင်းကိုကိုင်ကာ လူသူနှင့်ဝေးသော ကုန်းဘက်သို့ တစ်ယောက်တည်း လမ်းလျှောက်ရင်း ထွက်သွား၏။ စိမ်းလန်းသော မြက်ခင်းများ၊ စိမ်းလန်းသော တောင်တန်းလေးများ၊ စိမ်းလန်းသော သစ်ပင်သစ်ကိုင်းများ၊ ရေပြည့်နေသော ရေအိုင်လေးများကို မြင်လိုက်ရလျှင် ဆွေးစိတ်လွမ်းစိတ်များ ပျောက် ကင်းလွင့်စဉ်၍ မသွားရုံမျှမက ယခင်က ပူဆွေးသောစိတ်များကို ဆွပေးသည်နှင့်တူ၏။

စိတ်ပူဆွေးနေသောသူအား တိတ်ဆိတ်သော နေရာနှင့်မဖြစ်၊ တိတ်ဆိတ်လေလေ ပူဆွေးသောစိတ် တိုးလေလေဖြစ်၏။ မြန်မြန်ပင် အိမ်သို့ပြန်လာခဲ့၏။
ထမင်းဟင်းစားသောက်ပြီးလျှင် လူပေါများရာ အရာရှိတို့၏ အသင်းရုံသို့ ထွက်သွား၏။ ခါတိုင်းမူကား အသင်းရုံသို့ သွားခဲဘိခြင်း။ စိတ်ပြေလက်ပြေ ဖဲဝိုင်းတွင်ဝင်၍ဖဲရိုက်၏။ ဖဲချပ်တွေအကြားတွင် မမြသန်း၏စိတ် ပေါ်၍လာ၏။ သူတကာ အသီးသီးနိုင်ကြ၏။ မောင်လူအေးကား အရှုံးသာ အဖတ်တင်၏။ ဖဲရိုက်၍လည်း နေရာမကျ၊ သူများတကာ ဘိလိယက်ထိုးနေသည်ကို ကြည့်၏။ သူတကာ စကားပြောနေကြသည်တွင်ဝင်၍ ရောနှောကာပြော၏။ ရယ်သည့်နေရာတွင် ရယ်၏။ ပြုံးသည့်နေရာ ပြုံး၏။ သို့သော် မမြသန်းစိတ်ကား မပျောက်။ လူကတခြား၊ စိတ်ကတခြား ဖြစ်လျက်နေတော့သတည်း။

အချိန်ကုန်၍ အိမ်ပြန်လာပြီးလျှင် မိမိဝါသနာပါသော စာအုပ်တွေကိုဖွင့်၍ ဖတ်၏။ ရှေးက ဤစာအုပ်မျိုးကို ဖတ်ရလျှင် ထမင်းမှန်း၊ ဟင်းမှန်းမသိ စွဲစွဲမြဲမြဲ ဖတ်လေ့ရှိ၏။ အလွန်စွဲလမ်း၏။ များစွာ သဘောကျ၏။ ဖတ်၍ အနှစ်သာရရှိ၏။ ယခုကား စာတစ်မျက်နှာ ကုန်ရန်ပင် အတော်ကြာအောင်ဖတ်ရ၏။ စာတစ်မျက်နှာ ပြီးသွားပြန် ပါလည်း မိမိဖတ်သောအကြောင်းအရာများမှာ ဘာမှန်းမသိ၊ ဖတ်လိုက် စဉ်းစားလိုက် တွေးတောလိုက်နှင့် လုပ်နေသောကြောင့် ဖြစ်လေသည်။ ဟိုစဉ်းစား သည်စဉ်းစားနှင့် နေ၏။ အချိန်မှာ မကုန်နိုင်သကဲ့သို့ ထင်မှတ်မိပေ၏။

အချိန်ကုန်လွန်လိုသောကြောင့် မိတ်ဆွေများထံသို့ စာလှမ်း၍ရေး၏။ ထိုစာတွေအထဲတွင် ဘာတွေပါကုန်မှန်းမသိ။ ထင်တာတွေကို ရေးထည့်လိုက်လေ့ရှိ၏။ အများအားဖြင့် မမြသန်းကလေး၏ အကြောင်းသာများကုန်၏။ စိတ်ကို အမျိုးမျိုးပျောက်အောင် ကြိုးစား၏။ ကြိုးစား၍မရ။ ကြာလျှင် လွှတ်၍ထားရ၏။ စဉ်းစားချင်တိုင်း စဉ်းစားလျက်နေ၏။

ဤသို့ နေမထိ ထိုင်မထိ ဖြစ်နေသည်မှာ သုံးရက်ကြာပေပြီ။ ယနေ့ ရုံးမှ ငါးနာရီပြန်လာခဲ့၏။ စိတ်ပြေလက်ပျောက် လမ်းလျှောက်ရန် ဘောင်းဘီ၊ ဖိနပ်များကို ဝတ်ကာနေ၏။ ဤသို့ အဝတ်အစားလဲ၍ နေတုန်းမှာပင် အနောက်ဘက်မှ တိမ်တိုက်မိုးသားကြီးများ မည်း၍ မည်း၍ တက်လာ၏။ ကြည့်နေရင်းပင် မိုးကြီးသည်းထန်စွာ ရွာ၏။ ချစ်ခင်သူတို့နှင့် ကွဲကွာ၍နေသော သူတို့မှာ ဤသို့သော အခိုက်အခါမျိုးနှင့် ကြုံတွေ့လျှင် အဘယ်မှာ မလွမ်းဘဲနေနိုင်အံ့နည်း။ (မောင်လူအေး ကား မမြသန်းကလေးနှင့် ခေတ္တမျှခွဲခွာ၍ နေရသူမဟုတ်၊ မတွေ့တမ်း ခွဲ၍သွားလေပြီ။) မောင်လူအေး ဆွေးခြင်းကား ဆိုစရာမရှိ။ လွမ်းသူတို့ကား ပြန်၍ဆုံနိုင်သေး၊ တွေ့နိုင်သေး၏။ ဆွေးသူတို့ကား ပြန်၍ မတွေ့တော့ပြီ။ လမ်းဆုံးသို့ ရောက်ပြီးဖြစ်၏။

မိုးပေါက်များကျနေသည်ကို  တစိမ့်စိမ့် ကြည့်လျက်နေ၏။  မလှုပ်မရှား ငြိမ်သက်စွာ ရှုစားနေသော်လည်း စိတ်ထဲကမူ မည်မျှလှုပ်ရှားနေသည်ကိုကား မည်သူပြောပြနိုင်အံ့နည်း။ အိမ်ရှေ့ခြံထဲတွင် ပေါက်ရောက်နေကြသော ဂန္ဓမာပန်းတို့ကား မမြသန်း ကျန်းကျန်းမာမာရှိစဉ်က သန်တုန်း၊ ပွင့်တုန်း၊ ဖူးတုန်း အလွန်တရာပင် ရှုချင်ဖွယ်ကောင်းကြ၏။ လူမြင်တိုင်း ချီးမွမ်းကြရ၏။ မမြသန်း မကျန်းမမာဖြစ်၍ မော်လမြိုင်သို့ ပြန်သွားသောအခါ၊ ဂန္ဓမာပန်းပင် ပန်းပွင့်ပန်းဖူးလေးတို့မှာလည်း ညှိုးနွမ်းခွေလျ အားပြတ်ကာ ရှိနေကြကုန်၏။ ယခု မမြသန်း ကလေး အဆုံးစွန်သော ဘဝတစ်ပါးသို့ ပြောင်းသွားသောအခါ၌လည်း မမြသန်းနှင့်အတူပင် ဘဝတစ်ပါးသို့ ပြောင်းရွှေ့သွားကြကုန်လေသည်။

ပန်းခြံအတွင်း၌ ပန်းပင်ဟူ၍ မရှိတော့ပြီ။ မြေပြင်သာလျှင် ကျန်တော့၏။ ကံတူအကျိုးပေးများ ဖြစ်လေရော့သလား။ မမြသန်း ကား ဂန္ဓမာပန်းပွင့်ကလေးတွေနှင့် တူလှပေ၏။ ထိုပန်းကလေးတို့ သည် လှပတင့်တယ် ရှုချင်ဖွယ်ကောင်း၏။ ၎င်းတို့အား မျက်စိအောက်တွင် အမြဲရှုချင်စေကာမူ အသက်မရှည်ကြ။ ခေတ္တတွင်သာ အသက်ရှင် ကြကုန်၏။ မမြသန်းကလေးမှာလည်း သီလဂုဏ်၊ သမာဓိဂုဏ်နှင့် ပြည့်စုံပါပေ၏။ အသက်ကား မရှည်ရှာ။

ပန်းပင်သစ်ပင်တို့မှ ကင်းမဲ့၍နေသော ပန်းခြံကား မိမိနှင့်တူလှ၏ဟု တွေးတောမိလေ၏။ ပန်းခြံမှာ ဂန္ဓမာပန်းကလေးများ ပွင့်ဖူးနေစဉ်က အလွန်တရာမှပင် ကြည့်ရှု၍ တင့်တယ်၏။ မောင်လူအေးမှာလည်း မမြသန်းကလေးရှိစဉ်က များစွာအလွန်တင့်တယ်၏။ ရွှင်ရွှင်ပြုံးပြုံးရှိ၏။ ယခုမှာကား ပန်းပင်ကင်းသော ပန်းခြံကဲ့သို့ ခြောက်သွေ့သွေ့၊ မှုန်သုန်သုန် ဖြစ်လျက်နေပြီ။ ရွှင်ပျကြည်လင်ခြင်းကား အလျှင်းကင်းလျက်နေပေပြီ။ အိမ်ရှေ့ပန်းခြံကိုကြည့်ကာ အတန်ကြာအောင်ပင် ငြိမ်သက်စွာ တွေးတောလျက် အဆွေးပွားလျက်နေလေတော့၏။

မိုးလည်းရွာဆဲပင်။ မိုး၏တန်ခိုးကား ချစ်ခင်သူတို့ အတူတူ နေထိုင်ရလျှင် စိတ်အေးမြစေ၏။ ချစ်ခင်သူတို့ ခွဲခွာ၍နေရမူကား စိတ်ကို ပူဆွေးနေ၏။ ရှေးက မိုးဖွဲ့များကို ဖတ်ဖူးသည်ကား များလှပေပြီ။ အမှုမဲ့အမှတ်မဲ့သာ ဖတ်၏။ လွမ်းစိတ်ဆို၍မပေါ်၊ ဆွေးစိတ်ဆို ၍မပေါ်၊ ယခုမှပင် ကိုယ်တိုင်ကြုံတွေ့ရ၏။ မိုးရွာ၍ ဆွေးသောကြောင့် အဆွေးစိတ်ပျောက်ရန် အိမ်ရှေ့ပန်းခြံကို စိုက်၍ကြည့်ပြန်လည်း ခြောက်သွေ့သွေ့မြင်ရသော် တိုး၍သာဆွေးစေ၏။

ငွေတိုက်အလုပ်ကို သင်ကြားရန် ဇလွန်သို့သွားစဉ်က မမြသန်း ကလေးအား  ဟင်္သာတမြို့တွင်  ခေတ္တထားခဲ့၏။ တနင်္ဂနွေနေ့ ရုံးအားရက်တွင် မြင်လိုသောကြောင့် မော်တော်ကားတစ်စီးသာ သွားနိုင်ရုံ တာရိုးလမ်းပေါ်တွင် ညကိုးနာရီ မှောင်မှောင်မည်းမည်းတွင် ဟင်္သာတသို့ စိုင်း၍လာသော အကြောင်းများကို စဉ်းစားမိ၏။ ကြောက်ရမှန်းမသိ၊ လန့်ရမှန်းမသိ၊ မမြသန်းကို တွေ့ချင်သောဇောက ကွယ်၍ထားဘိ၏။ ယခုမူကား မော်တော်ကားမဆိုထားဘိ၊ လေယာဉ်ပျံဖြင့် သွားရောက်ရှာဖွေသော်လည်း မမြသန်းနှင့် တွေ့ဆုံရန် အကြောင်းမရှိ၊ အဆုံးစွန်သောဘဝသို့ ရောက်နေကြပေပြီ၊ အကွဲကြီး ကွဲ၍နေလေပြီ။ ရှေးဟောင်းနှောင်းဖြစ်တို့ကို အတွေးနှင့်သာ လွမ်း၍နေရလေတော့သတည်း။

မော်လမြိုင်မှ တစ်နေ့က ယူဆောင်၍လာသော မမြသန်းကလေး ၏ဓာတ်ပုံကို ကြည့်လိုသောကြောင့် သေတ္တာထဲမှထုတ်ကာ ကြည့်၏။ ဤဓာတ်ပုံကား မမြသန်း ခပ်ငယ်ငယ် အပျိုဖော်ဝင်စက ရိုက်ထားသော ပုံဖြစ်၏။ ဆံထုံးပင် မထုံးတတ်သေး၊ ဘီးထောက်ကလေးနှင့် ရှိသေး၏။ အတန်ကြာအောင် သေသေချာချာစိုက်၍ ကြည့်နေ၏။ ထိုဓာတ်ပုံထဲတွင် မိမိနှင့်လက်ထပ်ယူစဉ်ကထက်ပင် ချောသည်လှသည်ဟူ၍ ထင်မှတ်မိ၏။ အကယ်ပင် ချောသောကြောင့်ပေလော။ လွတ်သွားသောငါး ဖြစ်သောကြောင့်ပေလော၊ မည်သူပြောကြားနိုင်အံ့နည်း။

လူအစား ဓာတ်ပုံကို ထားခဲ့၏။ လူကား မပြန်လာသောခရီးသို့ သွားပေပြီ။ ဤဓာတ်ပုံကား အဝိညာဏက အသက်မရှိသောအရာဖြစ်၏။ စက္ကူမျှသာ ဖြစ်လေသည်။ မောင်လူအေးအား ကြောင်တောင်တောင် ကြည့်လျက်နေ၏။ မမြသန်းကား မဟုတ်၊ မမြသန်းကလေး၏ အရိပ်အယောင်မျှသာ ဖြစ်လေသည်။ အနှစ်မရှိသည့်တောတွင် ကြက်ဆူပင် မင်းမူသကဲ့သို့ မမြသန်းကိုယ်တိုင် မရှိသည့်အခါတွင် ၎င်း၏ဓာတ်ပုံ လေးကပင် မင်းမူလျက်နေ၏။ သွေးကြီးသကဲ့သို့နေ၏။ မခေါ်ချင် မပြောချင် လုပ်လျက်နေ၏။ ဂုဏ်ခံလျက်နေ၏။ ဤဓာတ်ပုံကလေးကိုပင် ခုံခုံမင်မင်ကြည့်ရှုရ၏။

သို့သော် ဤဓာတ်ပုံမှာလည်း ၎င်း၏ပိုင်ရှင် မမြသန်းကိုယ်တိုင်ကဲ့သို့ပင် ဤလောကကြီး၌ အမြဲတည်နိုင်မည်မဟုတ်။ တစ်နေ့နေ့ ပျက်စီးရမည်ကားမလွဲတည်း။ ဆယ်နှစ်ကြာအောင် တည်တံ့နိုင်စေကာမူ အနှစ်ငါးဆယ်တိုင်အောင် တည်နိုင်မည်မဟုတ်။ အနှစ်ငါးဆယ် တိုင်အောင် တည်နိုင်စေကာမူ အနှစ်ငါးရာကြာအောင် တည်နိုင်မည်မဟုတ်။ (တစ်နေ့နေ့၌ ပျက်စီးရမည်မှာ မုချ။)
ဤဓာတ်ပုံလေး ပျက်စီးပြီးနောက် ပညတ်ဖြစ်သော မမြသန်းဆိုသည့် အမည်လေးကား အတော်ကြာအောင်ပင် ကျန်နေပေဦးမည်။ မိဘဆွေမျိုးအပေါင်းတို့၏ နှုတ်ဖျားတွင် မမြသန်းဟူ၍ ကျန်နေပေဦးမည်။ မကြာမကြာ သတိရနေကြပေဦးမည်။ ဤမမြသန်းဆိုသော အမည်မှာလည်း အမြဲတည်နိုင်မည်မဟုတ်။ နှစ်ပေါင်းငါးဆယ်၊ တစ်ရာ စသဖြင့် ကြာ၍လာလျှင် အမည်မှာလည်း ပျောက်ပျက်၍ အမှန်ပင် သွားရမည်။

မမြသန်းကိုယ်တိုင် မမြသန်း၏ ဓာတ်ပုံ မမြသန်း၏ အမည်သာ မဟုတ်၊ မမြသန်းအတွက် ဆွေးနွေးသောသူ၊ မမြသန်း၏ ဓာတ်ပုံကြည့်ကာ လွမ်းသောသူ၊ မမြသန်း၏ အမည်လေးကို တရေးရေးနှင့် နားထဲတွင် ကြားနေသော သူမှာလည်း အမြဲတည်နိုင်ရန်ကား ဝေးလေစွ၊ အချိန်တန်လျှင် ပျက်စီးရပေဦးမည်။ မမြသန်း၏ ဆွေမျိုးသားချင်း ချစ်ခင်သူတို့အားလုံးအနက်လည်း မည်သူသည် ဤပျက်စီးယိုယွင်းခြင်း တည်းဟူသော ဓမ္မတာတရားကြီးမှ ကင်းလွတ်နိုင်အံ့နည်း။ ဤ လောကတွင် ထင်ရှားပေါ်ပေါက်နေကြသော သစ်ပင်တောတောင်၊ ရေမြေချောင်းမြောင်းတို့မှာလည်း ဤပျက်စီးခြင်းတရားမှ ကင်းကြပါ၏လော။ မကင်း။ ဤလောကကြီးမှစ၍ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကကြီးလည်း ပျက်စီးခြင်းမှ မကင်း။ အဘယ်အရာသည် ပျက်စီးခြင်းမှ ကင်းပါသနည်း။ ဤပျက်စီးခြင်းတည်းဟူသော တရား ၏အကြားတွင် မောင်လူအေး၏ စိတ်မှာ ဖရိုဖရဲပြိုကွဲပျက်စီးလျက် နေလေတော့သတည်း။ လောကကြီး၏ အပြင်ဘက်သို့ ရောက်၍နေတော့၏။ ဤလောကကြီးကို သတိမရ၊ မည်မျှကြာသည်မသိ။ မိုးလည်းစဲ၍ သွားလေပြီ၊ ထမင်းစားချိန်ကျသောကြောင့် အစေခံက လာ၍ခေါ်မှ ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေကြောင်း သိရတော့သတည်း။ လက်ထဲတွင် ကိုင်၍ထားသော မမြသန်း၏ ဓာတ်ပုံကို စားပွဲပေါ်တွင်ချကာ ထမင်းစားခန်းရှိရာ အောက်ထပ်သို့ တစ်ယောက်တည်း ဆင်းသွားလေ၏။  ။

၁၉၃၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဂန္ထလောက။