ရွှေကူမြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ၀ ကျော်နှင့် ဘိန်းဖြူ ၈၈၂ ဂရမ် ဖမ်းဆီးရမိ

ရွှေကူ ၃ ဇွန် 

 

ကချင်ပြည်နယ် ဗန်းမော်ရိုင် ရွှေကူမြို့နယ် ဆိပ်သာကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာအနီး ဗန်းမော်- မန္တလေး ကားလမ်းမကြီးပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ၀ ကျော်နှင့် ဘိန်းဖြူ ၈၈၂ ဂရမ်ကို ဇွန် ၂ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဗန်းမော်ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် ကျော်မျိုးနိုင် ဦးစီး တပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေကူမြို့နယ် ဆိပ်သာကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ အနီး ဗန်းမော်- မန္တလေး ကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ်(၁၉၅)အနီး တောလမ်းထိပ်၌ မူးယစ်ဆေးဝါးသတင်းအရစောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်ဘက်မှ တောလမ်းကြားအတွင်းသို့ တရုတ်နိုင်ငံလုပ် KENBO- 125 အမျိုးအစား၊ အနက်ရောင် ဆိုင်ကယ် မောင်းနှင်လာသည့် ကျော်စွာအား ရပ်တန့်စစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးစဉ် ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၁၉၀)ပါ အထုပ် ၁၅၀ နှင့် ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ကပ်ခွာအိတ်အတွင်းမှ 88/1 စာတမ်းပါရှိသည့် (၁၉၀)ပါ အထုပ် (၄၀)၊ စုစုပေါင်း (၃၆၁၀ဝ)နှင့် ဆိုင်ကယ်နောက် ထိုင်ခုံပေါ် တင်ဆောင်လာသည့် အလျား (၁)ပေခွဲခန့်၊ အနံ (၁)ပေခွဲခန့်ရှိ ပါဝါတံဆိပ်ပါ သံသေတ္တာ ရေခဲချောင်းပုံးအတွင်း တစ်ခွက်လျှင် (၉)ဂရမ်ပါရှိသော ဘိန်းဖြူထည့်ထားသည့်   ရောင်စုံ ဆပ်ပြာခွက် (၉၈)ခွက်၊ စုစုပေါင်း ၈၈၂ ဂရမ်အား သက်သေများနှင့် အတူ ရှာဖွေတွေ့ရှိသဖြင့် ကျော်စွာ၊ အသက်(၄၀)နှစ်၊ ငါးအိုးကျေးရွာ၊ မဘိမ်းမြို့နယ်၊ ရှမ်းပြည်နယ်နေသူအား အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ကျော်စိုးနိုင်(ရွှေကူ)