ရွှေကျင်မြို့နယ်အတွင်း နည်းမျိုးစုံဖြင့် အမဲလိုက်နေကြ၍ တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းလုနီးပါးဖြစ်

ဂေဟဗေဒအရ ကောင်းမွန်သည့်နေရင်းဒေသများတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ရွှေကျင်မြို့နယ်လည်း အပါအဝင်ဖြစ်ရာ ၂၀ဝ၅ ခုနှစ်ခန့်မှ အစပြု၍ တစ်နှစ်ထက်တစ်နှစ် အမဲလိုက်မှု များပြားလာခြင်းကြောင့် ယခုအခါ တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းလုနီးပါ ဖြစ်နေကြောင်း မြို့နယ်နယ်နိမိတ်အတွင်း အရှေ့ရိုးမတောင်ပေါ်နေ ဒေသခံများက ပြောသည်။

“ဒီအရှေ့ရိုးမတောင်ပေါ်မှာ အရင်တုန်းက သဘာဝအတိုင်း နေထိုင်ကျက်စားတဲ့ ရှားပါးတောရိုင်းတိရ္ဆာန်မျိုးစိတ်တွေ အများအပြားရှိခဲ့တာ။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကစပြီး တစ်နှစ်ထက်တစ်နှစ် အမဲလိုက်တာများလာတော့ အခု မရှိသလောက် ရှားပါးနေပြီ။ အရင်က ဒီတောထဲမှာ ကျားခြေရာဆို ခန့်မှန်းခြေ နှစ်ကောင်၊ သုံးကောင်လောက်ထိ တွေ့ခဲ့တာ။ ကြံ့ဆိုရင်လည်း ခန့်မှန်းခြေ ခုနစ်ကောင်လောက်အထိ ခြေရာတွေ တွေ့ခဲ့တယ်။ ပြီးခဲ့တဲ့လက တောတွင်းနေရာအချို့မှာ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက ထောင်ချောက်ကင်မရာနဲ့ ရိုက်ကူးရရှိထားတဲ့ထဲမှာ ကျားတစ်ကောင်၊ ကျားသစ်လေးကောင်၊ ကြံ့တစ်ကောင်ကို မြင်တွေ့ရတယ်။ ကြံ့ရဲ့ မျိုးစိတ်အမျိုးအစားနဲ့ အထီးအမကိုတော့ အတိအကျ ခွဲခြားမပြောနိုင်ဘူး။ နောက်ထပ် အဲ့ဒီကင်မရာထဲမှာပဲ မျောက်မျက်ကွင်းဖြူ၊ တောင်ဆိတ်၊ သင်းခွေချပ်၊ ဖျ၊ံ တိရစ္ဆာန် အကောင်ရေကလည်း အရင်တုန်းက မြင်ခဲ့ရတာထက် နည်းပါးလာတာ မြင်ရတယ်။ အခုလို လုပ်နေရင်တော့ ကြာလာရင် မျိုးသုဉ်းပျောက်ကွယ်ကုန်လိမ့်မယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သူတို့ကျင်လည်ကျက်စားရာနေရာရဲ့ အခြေအနေနဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်မှု အန္တရာယ် အမျိုးမျိုးခံရတာရယ်ကြောင့် တဖြည်းဖြည်း ရှားလာတာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် ယင်းတောတောင်ဒေသအတွင်း ချင်းလူမျိုးတို့၏ အထိမ်းအမှတ်ငှက်ဖြစ်သော အောင်လောင်နှင့် အောက်ချင်းငှက်မျိုးစိတ်တို့သည် ယခင်က အကောင်ရေ အများအပြားဖြင့် အုပ်စုဖွဲ့ နေထိုင်ကျက်စားမှုရှိသော်လည်း ယခုအခါ မရှိသလောက် ရှားပါးနေပြီဖြစ်ကြောင်း သိရသည်။ ထို့အတူ ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်တော့မည် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်သော ဥဒေါင်းငှက်မျိုးစိတ်၏ အသားကိုစားရန် အမွေးအတောင်ကို အလှဆင်ရန် နည်းမျိုးစုံဖြင့် ဖမ်းဆီးသတ်ဖြတ်နေကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် ဂေဟစနစ်များ၊ အပင်နှင့် သတ္တဝါမျိုးစိတ်များ ပျံ့နှံ့ကျက် စားနေထိုင်မှု၊ ပေါက်ရောက်ရှင်သန်မှု တို့အတွက် ကမ္ဘာလုံးဆိုင်ရာတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အချက်အချာနေရာ ၂၅ ခုအနက် တစ်ခုပါဝင်ကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာနေသော ပညာရှင်အချို့၏ ရေးသားဖော်ပြထားချက်အရ သိရသည်။ ဇီဝသိပ္ပံ ဆိုင်ရာလေ့လာတွေ့ရှိမှု မှတ်တမ်းများအရလည်း မြန်မာနိုင်ငံအတွင်း ရှားပါးတိရစ္ဆာန် မျိုးစိတ်များ ရှင်သန်နေထိုင် ကျက်စားကြကြောင်း သိရသည်။

မြို့နယ်အတွင်း အရှေ့ရိုးမတောင်တန်းတွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် တောရိုင်း တိရစ္ဆာန်များမှာ ကျား၊ ကြံ့၊ ကျားသစ်၊ မျောက်မျက်ကွင်းဖြူ၊ သင်းခွေချပ်၊ တောင်ဆိတ်နှင့် ငှက်မျိုးစိတ်များအနေဖြင့် ဥဒေါင်း၊ အောက်ချင်း၊ အောင်လောင်ငှက် စသည့် တိရစ္ဆာန်များဖြစ်ပြီး လက်ရှိတွင် ပြောင်၊ တောကြောင်၊ ဆတ်၊ တောဝက်၊ မျောက်လွှဲကျော် စသည့်တိရစ္ဆာန်များသာ ကျန်ရှိတော့ကြောင်း သိရသည်။

တောရိုင်းတိရစ္ဆာန်များ အမဲလိုက်ခြင်းနှင့် မျိုးသုဉ်းမည့် အန္တရာယ်ရှိသော တိရစ္ဆာန်များကို ဥပဒေဖြင့် အကာအကွယ် ပေးထားသော်လည်း အရှေ့ရိုးမတောင်တန်းပေါ်၌ ဥပဒေမဲ့ အမဲလိုက်မှုများရှိနေကြောင်း သိရသည်။

ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်ဒေသရှိ တောရိုင်းတိရစ္ဆာန်များသည် တောပစ်မုဆိုးများ၏ အမဲလိုက်ခြင်းနှင့် နေထိုင်ကျက်စားရာနေရာများ ပျောက်ဆုံးခြင်း စသည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် ယင်းတောရိုင်း တိရစ္ဆာန်များ မြန်မာ့မြေပေါ်တွင်သာမက ကမ္ဘာမြေပေါ်မှာပါ ပပျောက်မသွားအောင် ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းကာကွယ်ပြီး တာဝန်ရှိသူများကလည်း ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း တိရစ္ဆာန်ချစ်သူများက ပြောသည်။

သတင်းဆောင်းပါးနှင့် ဓာတ်ပုံ- ဇော်လူ