ရေကိုမဖြုန်းချွေတာသုံး အကျိးရှိလှဆုံး

ပေါက်ပေါက်

လူမှုဘဝ အရေးသုံးပါးဖြစ်သည့် “စားဝတ်နေရေး” များစွာထဲမှာ သောက်သုံးရေအလုံအလောက် ရရှိမှုကလည်း အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါ သည်။ ခန္ဓာကိုယ်ကြီးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော   ရေနှင့်ပတ်သက် သည့် ဗဟုသုတဖြစ်ဖွယ်အချို့ကို  မျှဝေလိုပါသည်။

ဟိုက်ဒရိုဂျင်အက်တမ် နှစ်ခုနှင့် အောက်ဆီဂျင်အက်တမ် တစ်ခုတို့ ပေါင်းစပ်ခြင်းဖြင့် ရရှိလာသော ဒြပ်ပေါင်းတစ်မျိုးဖြစ်သော ရေသည် လူ၊ တိရစ္ဆာန်တို့အတွက် သာမက သက်ရှိအပင်များ အားလုံးအတွက် လည်း အရေးအကြီးဆုံးဖြစ်သည်။

ရေကို အရည်ပုံဆောင် “ရေ” အဖြစ် လည်းကောင်း၊ အစိုင်အခဲပုံဆောင် “ရေခဲ” အဖြစ်လည်းကောင်း၊ အငွေ့ ပုံဆောင် “ရေငွေ့” အဖြစ် လည်း ကောင်း ပုံသဏ္ဌာန်သုံးမျိုးဖြင့် တွေ့ရသည်။

ကမ္ဘာပေါ်ရှိရေများ၏ ၉၇ ရာခိုင်နှုန်း မှာ ဆားငန်ရေများဖြစ်ကြပြီး သောက်သုံး၍ မရနိုင်ပါ။ ကျန်ရေချို ပမာဏ သုံးရာခိုင်နှုန်းတွင် နှစ်ရာခိုင် နှုန်းမှာလည်း ရေခဲဖြင့်ဖုံးအုပ်ထား ခြင်းကြောင့် လူသားတို့ မသုံးစွဲနိုင်ကြပေ။ ထို့ကြောင့် လူတို့အတွက် အမှန်တကယ် သုံးစွဲနိုင်သော ရေချိုပမာဏမှာ တစ်ရာခိုင်နှုန်းမျှသာဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးသော်လည်း အဆိုပါရေများက ဂါလန်အားဖြင့် အမြောက်အမြားဖြစ်နေသဖြင့် ကမ္ဘာ့လူသားတို့ နေ့စဉ်သုံးစွဲ နေနိုင်ခြင်းဖြစ်ပါသည်။

ရေ၏ သဘောသဘာဝအရ စဉ်ဆက်မပြတ် အငွေ့ပြန်ခြင်း၊ မိုးရွာချခြင်း နှင့် မြစ်များမှတစ်ဆင့် စီးဆင်းခြင်း စသည်ဖြင့် သံသရာလည်ပတ်လျက်ရှိကာ လေနှင့်အတူပါသွားသော ကုန်းပေါ်မှရေငွေ့ပမာဏများသည် မြစ်များတွင်စီးဆင်းနေသည့် ပမာဏနှင့် တူညီကြသည်။

ရေ၏ထူးခြားချက်မှာ ခဲသွားသည့်အခါ ထုထည်ကြီးလာပြီး အလေးချိန်ပေါ့သွားလေ့ရှိသည်။ ထို့ကြောင့် ရေခဲက ရေပေါ်မှာ ပေါလောပေါ်နေခြင်း ဖြစ်သည်။

 

လူသားတိုင်းအတွက် မရှိမဖြစ်ရေ

 

လူ့ခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံသော အလေးချိန်သည်ရေဖြစ်သည်။ ဥပမာ ပေါင် ၁ဝဝ ကိုယ်အလေးချိန်ရှိသော လူတစ်ယောက်တွင် ရေ၏အလေးချိန်က ၆၅ ပေါင် ပါရှိနေသည်။ သွေးထဲတွင် ၉၂ ရာခိုင်နှုန်းပါဝင်ပြီး ဦးနှောက်နှင့် ကြွက်သားတို့မှာ ရေဓာတ် ၇၅ ရာခိုင်နှုန်း နှင့် အရိုးထဲတွင် ရေဓာတ် ၂၂ ရာခိုင်နှုန်း အသီးသီးဖွဲ့စည်းပါကြသည်။ ခန္ဓာကိုယ် မှ တစ်နေ့တာအတွင်း ပျမ်းမျှရေဓာတ် ၂ ဒသမ ၆ လီတာခန့် ဆုံးရှုံးနေသည်။ ယင်းတို့မှာ ဝမ်း(မစင်) မှ သုည ဒသမ ၂ လီတာ၊ အသက်ရှူလမ်းကြောင်းမှ သုည ဒသမ ၃ လီတာ၊ အရေပြား ချွေးထွက်ခြင်းမှ သုည ဒသမ ၆ လီတာ၊ ဆီးမှ ၁ ဒသမ ၅ လီတာ ပမာဏရှိသော ရေဓာတ်များ နေ့စဉ်ဆုံးရှုံးနေပါသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းရှိ ရေပမာဏသည် တစ်ရာခိုင်နှုန်း လျော့သွားသည်နှင့် တစ်ပြိုင်တည်း ရေသောက်ချင်စိတ် (ရေငတ်ခြင်း) ကို ဖြစ်ပေါ်ခံစားရပါသည်။

လူတို့ အစာမစားရဘဲ ပျမ်းမျှတစ်လ စွန်းစွန်း အသက်ရှင်သန်နိုင်သော်လည်း၊ ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ရက်သတ္တပတ်) ထက်ပို၍ အသက်မရှင် နိုင်ကြပေ။ ထို့ကြောင့် ရေလိုအပ်နေသူ တစ်ဦး ရေမရလျှင် ချက်ချင်းသေနိုင်၍ “ရေအသက်တစ်မနက်” ဟု ဆိုရိုးစကား ရှိသည်။ ပျမ်းမျှအားဖြင့် လူသား တစ်ယောက် နှစ် ၈၀ ခန့် သက်တမ်း ကာလအတွင်းမှာ ရေ ၇၅ဝဝဝ လီတာမျှ သောက်သုံးခဲ့သည်။ မြေပေါ်မြေအောက် ရေများက ကမ္ဘာကြီး၏အပူချိန်ကို ထိန်းညှိပေးနိုင်သလို၊ လူတို့၏ ခန္ဓာကိုယ် ကိုလည်း အပူချိန် ညီညွတ်မျှတအောင် ထိန်းသိမ်းပေးနိုင်ပါသည်။ ထိုမျှမက ခန္ဓာကိုယ်ထဲရှိ အာဟာရပစ္စည်းများ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟော်မုန်းများနှင့် အညစ်အကြေးများကို တစ်နေရာမှတစ်နေရာသို့ သယ်ယူ ပို့ဆောင်ပေးသူကလည်း ရေသာလျှင်ဖြစ်ပါသည်။

ရေ၏ အခြားလုပ်ဆောင်ချက်များမှာ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသော အစား အစာများကို ခွန်အားအဖြစ် ပြောင်းလဲ ပေးခြင်း၊ ခန္ဓာကိုယ်ထဲက ပိုလျှံပြီး မလို လားအပ်သော အရည်များနှင့် အဆိပ် အတောက်များကို ဆီး၊ ဝမ်း၊ သွေး၊ ချွေး၊ ချွဲသလိပ်အဖြစ် စွန့်ထုတ်ပေးခြင်း၊ အသက်ရှူခြင်းကို အထောက်အပံ့ဖြစ်စေခြင်း၊ အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှ သက်သာစေခြင်း၊ ခန္ဓာကိုယ်တွင်းဆဲလ်များကို အောက်ဆီဂျင် မပြတ်လပ်အောင် ထိန်းသိမ်းပေးခြင်း၊ သက်လုံကောင်းစေခြင်း၊ ခေါင်းကိုက်ရောဂါသက်သာခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေကာ စိတ်ကြည်လင် လန်းဆန်းစေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေ အလားအလာကို လျော့ပါးသွားစေခြင်း၊ အမောအပန်းခံနိုင် ပြီး လေ့ကျင့်ခန်းကြာကြာလုပ်နိုင်ခြင်း၊ အသားအရေကောင်းမွန်ပြီး အရွယ်တင် နုပျိုစေခြင်း၊ ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာ ရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါ စသည်တို့ကို သက်သာစေခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန်စေခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြုနိုင် သဖြင့် “ရေ” သည် လူသားတို့အတွက် မရှိမဖြစ်အရာဖြစ်ပေသည်။

 

ရေဓာတ်ခန်းခြောက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ

 

ရေဓာတ်အလွန်များပြားစွာ ဆုံးရှုံး သွားချိန်တွင် ခန္ဓာကိုယ်က ထိန်းညှိနိုင်မှု မရှိတော့ချေ။ အသေးစား ရေဓာတ် ခန်းခြောက်မှုမှ ပြင်းထန်သော ရေဓာတ် ခန်းခြောက်မှုအထိ ရောဂါလက္ခဏာများတွင် ရေဆာလောင်မှု ပိုမိုဆိုးရွားလာခြင်း၊ ခံတွင်းခြောက်သွေ့ခြင်းနှင့် လျှာရောင်ရမ်းခြင်း၊ အားနည်းခြင်း၊ ခေါင်းမူးခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း၊ စိတ်အာရုံ ရှုပ်ထွေးခြင်း၊ ရင်တုန်ခြင်း၊ ဆီးပမာဏ လျော့နည်းခြင်း စသည်တို့ ဖြစ်စေနိုင်ပါ သည်။ ရေဓာတ်ခန်းခြောက်မှု ခံစားနေရ သူအတွက် တစ်ရက်ထက်ကျော်၍ အော့အန်ခြင်း၊ ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ထက် ပို၍များခြင်း၊ နှစ်ရက်ကျော်လွန်သည်အထိ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်းနှင့် အာရုံရှုပ်ထွေး ခြင်း စသည်တို့ကြုံတွေ့ရနိုင်ပါသည်။ အကယ်၍ ကိုယ်အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက်ထက်ပို၍ ဖျားနားပါက ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အသက်ရှူ ရခက်ခဲခြင်း၊ ၁၂ နာရီအတွင်း ဆီးမသွားခြင်းကဲ့သို့ ပြဿနာများ ကြုံတွေ့ရပါက ၎င်းလူနာကို အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးရပါမည်။

 

အရေးပါသော ရေသယံဇာတ

 

ရေတွင် အာဟာရနှင့် ကယ်လိုရီ မပါရှိသော်လည်း သန့်ရှင်းဘေးကင်းသော ရေသည်လူသားနှင့် သက်ရှိများအတွက် ဆိုခဲ့သည့်အတိုင်း အလွန်အရေးပါလှသည်။ ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်တွင် “ဘဝအတွက်ရေ” ဟု သတ်မှတ်ခဲ့ကြောင်း လေ့လာသိရသည်။ ယနေ့အထိ ကမ္ဘာပေါ်တွင် စားရေရိက္ခာ မဖူလုံသော လူသားများရှိနေသလို သန့်ရှင်းသော သောက်သုံးရေမရသည့် နိုင်ငံနှင့် လူသားများရှိနေဆဲဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်ထဲတွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေကိုအခြေခံသော ရောဂါများကို ရင်ဆိုင်ရဖွယ်ရှိကြောင်း ပညာရှင်များက သုံးသပ်ထားသည်။ ဖွံ့ဖြိုး ဆဲနိုင်ငံများတွင် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ သန်းပေါင်း ၃၅၀၀ ခန့် ရေရှားပါး ပြတ်လပ်မှုနှင့်ရင်ဆိုင်ရဖွယ်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကြိုတင် ခန့်မှန်းထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အမျိုး သားအဆင့် ရေအရင်းအမြစ်ကော်မတီ ကကြီးမှူး၍ ရေနှင့် သဘာဝရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲများကို ကျင်းပ လေ့ရှိပါသည်။ ထိုသို့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ ရေသယံဇာတ ထိန်းသိမ်းရန်၊ ရေအခက်မကြုံစေရန်၊ ရေကို စနစ်တကျသုံးစွဲကြရန်၊ လုံခြုံ ဘေးကင်းသည့်ရေ၊ ကောင်းမွန်သည့်ရေ နှင့် သန့်ရှင်းမှုစနစ်တို့ကို လက်လှမ်းမမီ ဘဲ ကျန်ရှိခဲ့သူများစွာအတွက် အကြောင်းရင်းများ အလေးထားရှာဖွေ ဖြေရှင်းပေးကြရန်နှင့် ရေသယံဇာတ၏ အရေးပါမှုကို ဂရုပြုမိလာကြစေရန်ဖြစ်သည်။

မှန်ပါပေသည်။ ရေချိုသည် လူနှင့် တိရစ္ဆာန်များ၊ အပင်များ ရှင်သန်ရေး အတွက် မရှိမဖြစ်အရေးပါသည့် လိုအပ် ချက်တစ်ရပ်ဖြစ်သည်။ ထို့အတူရေသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင် နေသည်။ လက်ရှိတွင် ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့် အတွက် ၎င်းတို့၏ ကျန်းမာရေး၊ ပညာ ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအပေါ် သက်ရောက်မှုများရှိနေသည်။ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၃ ဘီလီယံခန့် သည်လည်း ကောင်းမွန်သည့် မိလ္လာစနစ် ဖြင့် အလှမ်းဝေးနေဆဲဖြစ်သည့်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၈ - ၂၀၂၈ ခုနှစ်အထိကို ရေသယံဇာတ ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားသည်။

ရေချိုရှားပါးရခြင်း၏ အကြောင်းရင်းများတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာ ပြီး ကမ္ဘာကြီးပူနွေးလာခြင်း၊ သဘာဝ ပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးလာခြင်း၊ ရှိရင်းစွဲ ရေချိုအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းမထား နိုင်ခြင်း၊ မြို့ပြများတွင် ရေဆိုးများစွန့်ပစ်မှု စနစ်တကျမပြုလုပ်ခြင်း၊ မိလ္လာစနစ်များ စနစ်မကျခြင်း၊ အမှိုက်များကို မဆင်မခြင်စွန့်ပစ်ခြင်း၊ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ရေချိုအရင်းအမြစ်ပျက်စီး မှုများ ဖြစ်ပေါ်ခြင်းတို့က အဓိကကျသည်။ ထို့ကြောင့် နှစ်စဉ် ရွာသွန်းသည့် မိုးရေကို သိုလှောင်ထိန်းသိမ်းခြင်း၊ မြေအောက်ရေ စိမ့်ဝင်နိုင်ရေးအတွက် သစ်ပင်သစ်တောများ ပြုစုပျိုးထောင်ခြင်း၊ မြို့ပြများတွင် ရေစိမ့်ဝင်နိုင်မည့် ဧရိယာများနှင့် ရေကန်များ ဖန်တီးတည်ဆောက်ခြင်း၊ အမှိုက်၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်မှုများ စနစ်တကျ တည်ထောင်ခြင်း စသည့်နည်းလမ်းများ ဖြင့် ရေသယံဇာတထိန်းသိမ်းဆောင်ရွက် မှုများဖြင့် ရာသီဥတုပြောင်းလဲမှုအပေါ် ရင်ဆိုင်တုံ့ပြန်နိုင်ပါလိမ့်မည်။

အချုပ်အားဖြင့်ဆိုသော် ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုက အဓိကအချက်ဖြစ်နေပြီး “မမြင်ရတဲ့ သယံဇာတ” ဟုခေါ်ကြသည့် မြေအောက်ရေ(အဝီစိ ရေ) များ အလွန်အကျွံ ထုတ်ယူအသုံးပြု မှုကလည်း သတိပြုရမည့်အချက် တစ်ချက်ဖြစ်ပါသည်။ မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် စားရေ ရိက္ခာရရှိနိုင်ခြေ နည်းပါးလာခြင်းတို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင်ဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားနေခြင်း၊ လူမှုဘဝ ဖွံ့ဖြိုးလာခြင်းကြောင့် ရေသုံးစွဲမှု ပိုမို များပြားလာခြင်း၊ စီမံခန့်ခွဲမှုအားနည်း သောနိုင်ငံများတွင် ရေပြုန်းတီးမှု များပြားလာခြင်း၊ ရေကို လိုအပ်သည်ထက် သုံးစွဲမှု ပိုမိုများပြားလာခြင်း၊ ဖွံ့ဖြိုး မှုအတွက် စက်ရုံ၊ အလုပ်ရုံများမှ ရေကိုပိုမိုသုံးစွဲရခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီး၌ ရေအရင်းအမြစ်များ တဖြည်းဖြည်း လျော့ပါးလာနေသည်။

ထို့ကြောင့် ကမ္ဘာသူ ကမ္ဘာသားများ က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ ရေကိုချွေတာ သုံးစွဲခြင်းများကို အလေးထားလုပ်ဆောင်နိုင်မှသာ ရေသယံဇာတများ ရေရှည်တည်တံ့ရေးနှင့် ရေအရင်းအမြစ်များ ရရှိရေးအတွက် ယှဉ်ပြိုင်နေရသည့်ပဋိပက္ခများ လျော့ပါးရေးကို အထောက်အကူပြုမည်ဖြစ်သည်။ သို့ပါ၍ ရေသယံဇာတကို ထိန်းသိမ်းရန် တစ်ဦးတစ်ယောက်၊ တစ်မိသားစုမှသည် ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၊ တိုင်းနှင့် ပြည်နယ်ရှိ လူသားအားလုံးတွင် ကိုယ်စီကိုယ်ငှ တာဝန်ရှိပါကြောင်းနှင့် ယခုအချိန်မှစပြီး အလေ့အကျင့်ကောင်းတစ်ခုပြု၍ မိမိကြောင့်ရေအလေအလွင့်မဖြစ်စေဘဲ အဖိုးတန်ရေကို ချွေတာသုံးစွဲကြပါရန် အကြံပြုလိုက်ရပါသည်။