ရေချိုခရုကပေးသည့် ရောဂါ

၁၀ စက်တင်ဘာ

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နှင့် စစ်တွေမြို့နယ်များတွင် ရေချိုခရုမှတစ်ဆင့် ကူးစက်သော သန်ပြားကောင် ရောဂါ (Schistosomiasis) ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များက မကြာသေးမီကကွင်းဆင်း လေ့လာခဲ့ကြသည်။ ပြီးခဲ့သည့်လ ဩဂုတ် ၂၀ ရက်နေ့အထိ ရခိုင်ပြည်နယ် မြို့နယ်များမှ သန်ပြားကောင်ရောဂါ သံသယလူနာ ၈၂၈ ဦးအနက် ဓာတ်ခွဲအတည်ပြုလူနာ ၄၂၈ ဦး တွေ့ရှိခဲ့သည်ဟုလည်း သိရသည်။

 

သန်ပြားကောင်ရောဂါသည် အာရှဒေသများအပါအဝင် အာဖရိက၊တောင်အမေရိက၊ ကာရစ်ဘီယန် ဒေသ၊ အရှေ့အလယ်ပိုင်းဒေသစသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငှက်ဖျားရောဂါပြီးနောက် ဒုတိယမြောက် အဖြစ်အများဆုံး အပူပိုင်းကူးစက်ရောဂါတစ်မျိုးဖြစ်သည်ဟု အဆိုရှိသည်။ Schistosomiasis ခေါ် သန်ပြားကောင်ရောဂါသည် လယ်ယာစိုက်ပျိုးမှုများပြားသော ဒေသ၊ ရေချိုကန်များ၊ စမ်းချောင်းများ၊ ဆည်ရေတမံများရှိရာ ဒေသများ၌ အဖြစ်များသောရောဂါဖြစ်သည်။ ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းသော ဒေသ၊ လယ်ယာစိုက်ပျိုးရေးအတွက် ရေချိုအသုံးများသောဒေသ၊ ခရုများတွင် သန်ပြားကောင်ရောဂါပိုး ပေါက်ပွားမှုမြင့်မားသော ဒေသများတွင် နေထိုင်သက်မွေးကြသည့် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများ၊ ရေလုပ်သားများ၊ စမ်းချောင်းများ၊ ရေအိုင်များတွင် ရေချိုးအဝတ်လျှော် ရေကူးဆော့ကစားကြသည့် ကလေးများနှင့် အမျိုးသမီးများမှာ ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားကြသူများဖြစ်ကြသည်။

 

သန်ပြားကောင်ရောဂါပိုးသည် လူ၊ ခရု၊ ကျွဲ နွားတိရစ္ဆာန်တို့တွင် မှီခိုကပ်တွယ်ကာ ရောဂါဝေဒနာကို ခံစားရစေသည်။ ရောဂါပိုးရှိ လူ၏မဆင်မခြင် စွန့်ထုတ်လိုက်သော ဆီး၊ မစင်များမှတစ်ဆင့် သန်ပြားကောင် ပိုးဥများက စမ်းချောင်း၊ ရေလှောင်တမံ၊ ရေချို ရေကန်များဆီသို့အဆင့်ဆင့် ပြန့်ပွားရောက်ရှိသွားကာ ဥမှပေါက်လာသည့် ဥပေါက်သားကောင်လေးများက ခရု၏ကိုယ်ထဲသို့ ဝင်ရောက်ကပ်တွယ်နေသည်။ ၎င်းခရုရှိရာ ရေချိုရေထဲတွင် ခရုမှ စွန့်ထုတ်လိုက်သော သန်ပြားကောင်သားလောင်းများရှိနေရာ ရေချိုရေနှင့် ထိတွေ့မိသူ လူ၏အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။ ထို့နောက် သွေးကြောမကြီးမှတစ်ဆင့် လူ၏ ခန္ဓာကိုယ်ထဲတွင် အရွယ်ရောက်ဖွံ့ဖြိုးလာကြကာ အသည်းလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းတို့တွင် မျိုးပွား၍ သန်ပြားကောင်ရောဂါ အဆင့်ဆင့်ကို ဖြစ်ပေါ်စေသည်။ ၎င်းရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး လူလူချင်းမကူးစက်ကြောင်း သိရသည်။

 

သန်ပြားကောင်ရောဂါကူးစက်ခံရပါက နှစ်ပတ်မှ သုံးလခန့်ကာလအတွင်း ယားယံသောအဖုအပိမ့်များ ထွက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း လက္ခဏာများကို ခံစားရတတ်သည်။ သန်ပြားကောင်ရောဂါပိုး ပမာဏများပြားစွာကူးစက်ခံရပြီး နာတာရှည်ရောဂါလက္ခဏာ ခံစားရသူများတွင် အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်း၊ ဆီးလမ်းကြောင်း၊ မိန်းမကိုယ်၊ နှလုံးနှင့် အဆုတ်၊ ဦးနှောက်နှင့် အာရုံကြောတို့တွင် Schistosomiasis ရောဂါလက္ခဏာများ ပေါ်ပေါက်ခံစားကြရတတ်သည်။ Schistosomiasis သန်ပြားကောင်ရောဂါ လက္ခဏာများအဖြစ် သံသယရှိလာပါက ရောဂါစမ်းသပ်ရှာဖွေ စစ်ဆေးခြင်း ဓာတ်ခွဲအတည်ပြုခြင်းနှင့် ကုသမှုအဆင့်ဆင့် ခံယူခြင်းတို့ ဆက်လက်ပြုလုပ်ကြရမည်ဖြစ်သည်။

 

ရေချိုခရုမှတစ်ဆင့် ကူးစက်သော သန်ပြားကောင်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါ ရောဂါအစုလိုက် ဖြစ်ပွားလေ့ရှိသော ဒေသများတွင်-

(၁) သန့်ရှင်းသော သောက်ရေသုံးရေကိုသာ သုံးစွဲခြင်း၊ ကျိုချက်ထားသော ရေကို သောက်ရေ သုံးရေအဖြစ် သုံးစွဲခြင်း

(၂) ကျန်းမာရေးအသိပညာပေးခြင်း

(၃) ခရုပေါက်ပွားမှုထိန်းချုပ်ခြင်း

(၄) Schistosomiasis ရောဂါအဖြစ်များသော ဒေသများသို့ သွားရောက်မည့်သူများမှာ WHO  မှ ညွှန်းဆိုထားသည့် အရေပြားလိမ်းဆေးတစ်မျိုးကို အသုံးပြုခြင်း

(၅) လူထုအခြေပြု ကာကွယ်ဆေးတိုက်ကျွေးခြင်းစသော နည်းလမ်းများကို ချမှတ်ထားသည့် အလျောက် ရောဂါဖြစ်ပွားမှုမြင့်မားရာ ဒေသတွင်းနေပြည်သူများ သတိပြုဆင်ခြင်နိုင်ကြပြီး ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နိုင်ကြပါစေကြောင်း။ ။(မြန်မာ့အလင်း)