ရေကျော်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါပြီး အမျိုးသား(၂)ဦးသေဆုံး

ညောင်ဦး စက်တင်ဘာ ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ဦးမြို့နယ် လျှော်ပင်ကျေးရွာအနီး ရေကျော်ချောင်းအတွင်း Light Truck ယာဉ်တစ်စီး ရေစီးနှင့်အတူမျောပါခဲ့ပြီး ယာဉ်ပေါ်ပါအမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ညောင်ဦးမြို့နယ် သဲရာချောင်းကျေးရွာနေ ဦးစိုးဟန် အသက်(၆၀)နှစ်သည် သားဖြစ်သူ ဦးမိုးအောင် အသက်(၂၅)နှင့်အတူ Light Truck ယာဉ်ဖြင့် ကျောက်ပန်းတောင်းမြို့မှ ဈေးရောင်းပြီးအပြန် လျှော်ပင်ကျေးရွာအနီး ရေကျော်ချောင်းသို့ အရောက်တွင် ဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါပြီး နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား သတင်းရ၍ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် ခရိုင်/မြို့နယ် ရှာဖွေကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက လူမှုကူညီရေးအသင်းအဖွဲ့များ၊ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်းပြီး လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ရှာဖွေ ကူညီဆောင်ရွက်ခဲ့ရာ ၎င်းနစ်မြုပ်မှုဖြစ်ပွားသော ကားနှင့် ယာဉ်ပေါ်ပါ ယာဉ်နောက်လိုက်ဖြစ်သည့် ဖခင်ဖြစ်သူ ဦးစိုးဟန်၏ ရုပ်အလောင်းအား ယာဉ်နစ်မြုပ်သောနေရာ၏ ပေ ၄၀၀ ခန့်အကွာရှိ သစ်မြစ်များအကြားတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ သား၏ ရုပ်အလောင်းအား ပေ ၅၀၀ ခန့်အကွာ၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းများကို ညောင်ဦးမြို့၊ ဂရုဏာရှင်နာရေးကူညီမှုအသင်းမှ ပရဟိတအသင်းသားများက လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ညောင်ဦးမြို့၊ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြပြီး ချောင်းအတွင်း နစ်မြုပ်လျက်ရှိသော Light Truck ယာဉ်အား ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော ခရိုင်နှင့် မြို့နယ် ရှာဖွေကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ထွန်စက်(၂)စီး၊ ပေါက်တူး၊ ဂေါ်ပြားများအသုံးပြု၍ ချောင်းအတွင်းမှ ကူညီဆယ်ယူပေးခဲ့ကြကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။ 

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်ဦးမြို့မရဲစခန်းမှ သေမှုသေခင်းအမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)