မင်းဘူး ၂၄ ဇွန်
မင်းဘူးခရိုင် ရွှေစက်တော်ဘေးမဲ့တောရှိ ကြယ်လိပ်ခြံများတွင် နှစ်စဉ်ကြယ်လိပ်ဥအလုံးရေ တစ်ထောင် ကျော် မိတ်လိုက်ဥခြင်းမှ ရရှိနေပြီး အကောင်ပေါက်ဖွား အသက်ရှင်နှုန်းမှာ ၅၀ ရာခိုင်နှုန်း ရှိကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“ကြယ်လိပ်တွေက တစ်နှစ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် မိတ်လိုက်ပြီး ဥတတ်ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ ဥအလုံးရေ ၁၁၅၀ ရပါတယ်။ မွေးဖွားတာ ၅၀၇ ကောင်မွေးဖွားပြီးတော့ (၉၃)ကောင် သေဆုံး သွားပါတယ်။ ၄၁၄ ကောင် ရှင်သန်တဲ့အတွက် ၅၀ ရာခိုင်နှုန်းလောက် သားပေါက်တင်နှုန်း ရှိတယ်လို့ ပြောလို့ရပါတယ်” ဟု ရွှေစက်တော်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးအောင်စိုးတင့်က ပြောသည်။
၂၀၂၀ ပြည့်နှစ်တွင် ဥ သားပေါက် အထီး(၄၂)ကောင်၊ အမ(၉၇)ကောင် စုစုပေါင်း(၁၃၉)ကောင် ရှိနေပြီး မိုးအကုန် စက်တင်ဘာလပိုင်းမှာ ထပ်မံဥမည့် ကာလဖြစ်ကြောင်း၊ ဘေးမဲ့တော ကြယ်လိပ်ခြံများတွင် ကြယ်လိပ် အကောင်ရေ ၁၀၂၅ ကောင်ကို လတ်တလော ထိန်းသိမ်းမွေးမြူထားကြောင်း သိရှိရသည်။
ရွှေစက်တော်၊ လောကနန္ဒာ၊ မင်းစုံတောင် စသည့် ကြယ်လိပ်ခြံများမှ ၅ နှစ်ပြည့်ပြီး ကြယ်လိပ်များကို ယူကာ ရွှေစက်တော်ဘေးမဲ့တောနှင့် ၂၆ မိုင်ကွာဝေးသည့် နေရာတစ်ခုတွင် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် WCS ၏ အစီအစဉ်ဖြင့် တစ်နှစ်ခြံလှောင်လေ့ကျင့်ပေးပြီး တောအတွင်း သဘာဝအတိုင်း ရှင်သန်နိုင်အောင် လွှတ်ပေးနေကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)