ရေစကြိုမြို့နယ်တွင် တောင်းရက်လုပ်ငန်း အဆင်မပြေမှုကြောင့် အညာဒေသများသို့ သွားရောက်လုပ်ကိုင်ရလျက်ရှိ

ရေစကြို ၁၁ နိုဝင်ဘာ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရွှေကျောင်းကျေးရွာတွင် ရှေးအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သည့် တောင်းရက်လုပ်ငန်းကို အသက်မွေးဝမ်းကြောင်း တစ်ခုအဖြစ် တစ်ရွာလုံးကျွတ် လုပ်ကိုင်ကြလျက်ရှိသည်ဟု သိရသည်။ ယခုနှစ်များအတွင်းတွင် ထန်းလျက်လုပ်ငန်းများ ရှားပါးလာသဖြင့် ထန်းလျက်တောင်း ရက်လုပ်ရောင်းချရမှုမှာ လျော့နည်းလာပြီး တောင်းများအစား အခြားအစားထိုးပစ္စည်းများကို သုံးစွဲလာကြမှုကြောင့် တောင်းများ ရောင်းအားလျော့လာလျက် ရှိသည်ဟု သိရသည်။

“ကျွန်မတို့ရွာက ဘိုးစဉ်ဘောင်ဆက်ကတည်းက တောင်းရက်တဲ့လုပ်ငန်း လုပ်လာကြတာပါ၊ ဘယ်ခေတ်ကတည်းက စလုပ်ခဲ့ကြတာလည်းဆိုတာတော့ မသိပါဘူး၊ ဘိုးဘွားတွေလက်ထက်ကတည်းက တောင်းရက်ခဲ့ကြတာပါ၊ ကိုယ့်ရွာမှာကတော့ တောင်းရက်ရောင်းပြီး စားရတာ သိပ်အဆင်မပြေကြတော့ဘူး၊ ထန်းလျက်လုပ်ငန်းက အရင်ကလို မကောင်းကြတော့ ထန်းလျက်တောင်း ရောင်းအားလည်းကျသွားတယ်၊ အရင်ကတော့ ထန်းလျက်ပွဲရုံတွေကို ထန်းလျက်ထည့်တဲ့ တောင်းကြမ်းတွေ ဖောက်သည်ရောင်းရတယ်၊ အခုအရင်ကလောက် မရောင်းရတော့ဘူး၊ ပြည်ဝင်တောင်းတို့၊ ခွဲဝင်တောင်းတို့လည်း အရင်ကတော့ မြို့ပေါ်ကလူတွေကလည်း သုံးကြတယ်၊ အခုနောက်ပိုင်း မြို့ပေါ်က သိပ်မသုံးကြတော့ဘူး၊ ရွာတွေက တောင်သူတွေပဲ တောင်းသုံးကြတော့တာ”ဟု တောင်းရက်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဝင်းရွှေက ပြောပြသည်။ ရွှေကျောင်းကျေးရွာမှ တောင်းရက်သူများသည် ယခင်က ထန်းလျက်ပွဲရုံများသို့ တောင်းကြမ်းရောင်းချရမှု လျော့နည်းလာမှုကြောင့ တောင်းကြမ်းအစား တောင်းချောကို ပိုမိုရက်လုပ်၍ ကျေးရွာအတွင်းရှိ တောင်းပွဲစားများထံ ပြန်လည်ရောင်းချလျက်ရှိပြီး အဆိုပါ တောင်းပွဲစားမှတစ်ဆင့် ပခုက္ကူ၊ မြင်းခြံမြို့များသို့ တောင်းများကို ပြန်လည်တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျေးရွာတွင် တောင်းရက်လုပ်၍ စီးပွားရှာရခြင်းမှာ အသက်မွေး ဝမ်းကြောင်းပြုရန် လုံလောက်မှုမရှိခြင်းကြောင့် အထက်အညာဒေသများသို့ သွားရောက်၍ တောင်းရက်လုပ် ရောင်းချလာကြလျက်ရှိသည်ဟု သိရသည်။ “ကိုယ့်ရွာတင် ကိုယ်တောင်းရက်ရောင်းရတာ အဆင်မပြေကြတော့ အခုလို ဆောင်းတွင်းရောက်လာရင် ဟုမ္မလင်းတို့၊ မင်းကင်းတို့ဘက်သွားပြီးတော့ ဟိုကထွက်တဲ့ ဝါး ကြိမ်တို့နဲ့ ဟိုမှာတင် တောင်းရက်ပြီး ရောင်းကြရတာ၊ ဟုမ္မလင်း၊ မင်းကင်းဘက်မှာက ဝါးတို့ ကြိမ်တို့ကလည်း ဈေးချိုတယ်၊ တောင်းရက်တက်တဲ့သူလည်း ဟိုမှာမရှိတော့ ကိုယ့်မြို့နဲ့စာရင် တောင်းတွေ ဈေးကောင်းရတယ်၊ တောင်သူလုပ်ငန်း လုပ်တဲ့သူတွေပေါတော့ သူတို့ဘက်က စပါးတို့၊ ပဲတို့ထည့်ဖို့ တောင်းများများဝယ်ကြတယ်၊ ၃ လလောက်နေပြီးတော့ နွေရောက်လာရင် ကိုယ့်ရွာကိုပြန်လာကြရင် ကြိမ်တို့ဝါးတို့ကို ဝါးဖောင်လေးဖွဲ့ပြီးတော့ ရေကြောင်းကနေ ပြန်လာကြတာ ကိုယ့်ရွာကိုယ်ပြန်ရောက်ရင် တောင်းရက်ပြီး ပြန်ရောင်း ရအောင်လိ်ု့ပေါ့၊ ဟိုကဈေးချိုချိုနဲ့ ဝါးတို့ကြိမ်တို့ ဝယ်လို့ရတယ်လေ” ဟု တောင်းရက်လုပ်သူ ဒေါ်ဝင်းရွှေက ဆက်လက်ပြောပြသည်။ ရွှေကျောင်းကျေးရွာတွင် အသက် ၁၃ နှစ်အရွယ်ရောက်ပါက တောင်းရက်သင်ယူကြလေ့ရှိပြီး တစ်ရွာလုံးကျွတ် တောင်းရက်လုပ်ငန်းကို လုပ်ကိုင် အသက်မွေးဝမ်းကြောင်း ပြုလျက်ရှိသည်ဟု သိရသည်။ အဓိကအားဖြင့် တင်းဝင်တောင်း၊ ခွဲဝင်တောင်း၊ ၅ စိတ်ဝင်တောင်း၊ ၆ ပြည်ဝင်တောင်းနှင့် ထန်းလျက်ထည့်သည့် တောင်းကြမ်းများကို အဓိကထား ရက်လုပ်ရောင်းချကြ လျက်ရှိသည်ဟု သိရသည်။

အိမွန်ဆွေ (ရေစကြို)