ရန်ကုန် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ ကုန်းမြင့်သာအနီး ပြည်လမ်းမြောင်း၌ ရေမြောင်းဖုံးများ ခင်းကျင်းနိုင်ရေးအတွက် မြောင်းဝန်းကျင် မြေညှိပြုပြင်နေမှု၊ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်နေမှုနှင့် မြောင်းတစ်လျှောက် ပြုပြင်ဆောင်ရွက်ရန် လိုအပ်ချက်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး မြောင်းအတွင်း အမှိုက်များ၊ သဲမြေများ ဆယ်ယူရှင်းလင်းရန်နှင့် လမ်းဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့မှတဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် (၅) ရပ်ကွက်၊ ကိုးမိုင်ခွဲ မှတ်တိုင်အနီး အုတ်တံတိုင်းနှင့် လူသွားစင်္ကြံအကြား အရှည် ပေ ၅၀၀ ရှိ မြေကွက်လပ်အား မြေပြင်ညှိ၍ မြက်စိုက်ပျိုးနေမှု၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ အမှိုက်များ ရှင်းလင်းသိမ်းဆည်း နေမှုတို့ကိုလည်းကောင်း၊ ခေမာကျောင်းလမ်းနှင့် သုဓမ္မာလမ်းအကြား မိုးရာသီကာလတွင် ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများ မဖြစ်စေရန် အတွက် လမ်းဝဲ/ယာ အရှည် ပေ ၁၆၂၀၊ အကျယ် ၃ ပေ၊ အနက် ၃ ပေ အုတ်ရေမြောင်း တည်ဆောက်နေမှု၊ မြောင်းဖုံးများ ခင်းကျင်းနေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် (ဈ) ရပ်ကွက်၊ မေဓါဝီလမ်း၌ လမ်းရေမြောင်းအား ရေစီးရေလာ ကောင်းမွန်စေရန် Excavator ယန္တရားများဖြင့် မြောင်းချေးများ၊ အမှိုက်များ ဆယ်ယူရှင်းလင်းနေမှု၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ (ည) ရပ်ကွက်နှင့် (ဌ) ရပ်ကွက်အကြား ဝေဘာဂီလမ်း ရိုးလေးချောင်း၌ ချောင်းရေစီးရေလာ ကောင်းမွန် စေရန် Long Arm Excavator ဖြင့် ဗေဒါများ၊ အမှိုက်များ၊ နုန်းများ ဆယ်ယူရှင်းလင်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက် ဆုတောင်းပြည့်ကပ်ကျော် ဘုရားနှင့် ထောက်ကြန့်လမ်းဆုံအကြား ပြည်လမ်းတစ်လျှောက် လမ်းသားများခြစ်၍ အရှည် ၁၈၀၀၀ ပေ၊ အကျယ် ၇၂ ပေ၊ ထု ၂ လက်မ၊ (၆) လမ်းသွားလမ်း ကတ္တရာကွန်ကရိ (AC) ထပ်ပိုးလွှာ ခင်းကျင်းနေမှုကို လည်းကောင်း၊ ရှမ်းစုမှတ်တိုင်အနီး မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် အမှတ် (၀၂၅) ၌ ဓာတ်ငွေ့ဖြည့်တင်းသည့် မော်တော်ယာဉ်များ လမ်းပိတ်ဆို့မှု မရှိစေရေးနှင့် စနစ်တကျ စီးတန်းစောင့်ဆိုင်းနိုင်ရေးအတွက် ဓာတ်ငွေ့အရောင်းဆိုင်ရှေ့ လမ်းတိုးချဲ့၍ အရှည် ပေ ၁၀၀၀ ၊ အကျယ် ၁၂ ပေ ကွန်ကရိ ခင်းကျင်းနေမှုကိုလည်ကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


