ရွှေဆံတော်စေတီနှင့် စကားတောင်စေတီ ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာလက်ဝှေ့ အထူးစိန်ခေါ်ပွဲများ ပါဝင်မည်

ရေး ၇ ဇန်နဝါရီ

 

မွန်ပြည်နယ် ရေးမြို့ ကျက်သရေဆောင် ဘုရားဖြစ်သည့် ရွှေဆံတော်စေတီနှင့် စကားတောင်စေတီ ၁၃၀ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာလက်ဝှေ့ အထူးစိန်ခေါ်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာ၊ ထိုင်း၊ အီရန်နှင့် လာအိုနိုင်ငံတို့မှ လက်ဝှေ့ကစားသမားများပါ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

 

 

 

အထူးစိန်ခေါ်ပွဲတွေဖြစ်သည့် ရွှေခါးပတ် ချန်ပီယံ စောဂေါ်မူဒို (မြန်မာ)နှင့် ကီဘင်ဆိုလာမနီ (အီရန်)၊ ရွှေခါးပတ်ချန်ပီယံ မိုက်ရိုင်းလေး ရွှေဖူး(မြန်မာ)နှင့် ပုထိုင်း (ထိုင်း)၊ ရွှေရာမာဉ် (မြန်မာ)နှင့် ဒွန်ဆန်ပေါင် (ထိုင်း)၊ ရဲသွေးနီ တောင်ကလေး(မြန်မာ)နှင့် ပတ်မွန်ချွန်း (လာအို) တွဲဆိုင်းတွေအပြင် ပြည်တွင်းကလပ်များမှ အထူးစိန်ခေါ်ပွဲတွေပါ ပွဲတော်ကာလတွင် ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ ထုတ်ပြန်ထား သည်။ 

 

 

ပွဲတော်ကာလမှာ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိဖြစ်ပြီး မြန်မာ့ရိုးရာ အထူးစိန်ခေါ်ပွဲနှင့်အတူ ရင်ဂို၊ မနော၊ သာဒီလူ၊ စောလားထော်ဝါး၊ ဆင်ပေါက်၊ ဖြူဖြူကျော်သိန်း၊ ခင်စုစုနိုင်၊ မေသူကျော် အစရှိသည့် နာမည်ကျော် အဆိုတော်များနှင့်အတူ Lucky Band တေးဂီတဖြင့် ပါဝင်ဖျော်ဖြေ တင်ဆက်ပေးသွားမည့် အစီအစဉ်များအပြင် ဇာတ်ပွဲများ၊ အရောင်းပြခန်းများ၊ ကစားကွင်းများလည်းပါရှိကာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအတွက် လုံခြုံရေးအပိုင်းကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဟု ကျင်းပရေးကော်မတီမှ ပြောကြားသည်။

 

မျိုးမျိုး (ရေး)