ရွှေဘိုမြို့တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဆောက်လုပ်နေမှု အချိန်မီပြီးစီးရေး တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ရွှေဘို ၂၈ ဇူလိုင် 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ကွင်းအမှတ်(၂၈၀ဝ)ရှိ မြေ (၅) ဧကပေါ်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဆောက်လုပ်နေမှုကို ဇူလိုင် ၂၈ ရက်၊ နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီး သတ်မှတ်ကာလပြီးစီးအောင် ဆောင်ရွက်ရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

 

1507

 

အဆိုပါ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူပြီး တင်ဒါအောင် ကုမ္ပဏီ (၆) ခုမှ သက်ဆိုင်ရာအပိုင်းလိုက် တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုမ္ပဏီ (၆)ခုမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ခံအင်ဂျင်နီယာများနှင့် တွေ့ဆုံ၍ အခက်အခဲများ တင်ပြရန်၊ အဆောက်အဦးများ အရည်အသွေးပြည့်မီရေးနှင့် အောက်တိုဘာလကုန်အပြီး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ယခုသင်တန်းကျောင်း၌ နိုဝင်ဘာ(၁၅)ရက်တွင် ပထမနှစ်သင်တန်းသူ (၈၀)ဦး လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းသူဦးရေ (၂၄၀) လက်ခံသွားမည်ဟု လူမှုရေးဝန်ကြီးထံမှ သိရသည်။

စိုးသီဟ(ကုန်းဘောင်)