ရွှေဘိုမြို့တွင် လိုင်စင်မဲ့ အရက်ရောင်းချသူကို အရေးယူ

ရွှေဘို  ၁၄   ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တရားမဝင်လိုင်စင်မဲ့ အရက်ရောင်းချသူကို ဇွန် ၁၃ ရက်၊ မွန်းလွဲ ၃ နာရီက  အရေးယူခဲ့ကြောင်း  ရွှေဘိုမြို့မရဲစခန်းမှ သိရသည်။

 

ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ချိုချို ဦးဆောင်သော လိုင်စင်မဲ့ယစ်မျိုးဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု ပပျောက်စေရေး(Task Force) စိစစ်ကြီးကြပ်ရေးအဖွဲ့မှ သတင်းအရ ရွှေဘို-ကျောက်မြောင်း ကားလမ်းဘေး (မိုင်တိုင်အမှတ် ၄/၅ ကြား) အနောက်ဘက် လယ်ယာမြေအတွင်းရှိ တောထန်းလေး စားသောက်ဆိုင်အား ဝင်ရောက်စစ်ဆေးခဲ့သည်။ 

 

ထိုသို့စစ်ဆေးရာတွင် ဆိုင်ရှင် ဦးအောင်မြင့်သိန်း၏ တောထန်းလေး စားသောက်ဆိုင် အနောက်ဘက်ခြံစည်းရိုးအတွင်း ဝှက်ထားသည့် ခေါင်ရည်၊ ဘီယာ၊ အရက်ဖြူများ  သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်လိုင်စင်မဲ့ အရက်ရောင်းချသူ ဦးအောင်မြင့်သိန်းကို ရွှေဘိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)