ရွှေဘိုမြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

ရွှေဘို ၂၈ ဇူလိုင်

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက တဂဏန်းကျေးရွာရှိ နည်းပညာပေး ပြန့်ပွားရေးစင်တာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ဆွေးနွေးပွဲတွင် ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်း၊ ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မာချို၊ ခရိုင် မြေအသုံးချရေး တာဝန်ခံ ဒေါ်စီစီဝမ်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်မို့မို့တို့မှ မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးရေး၊ သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးရေး၊ ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ လျော့ချသုံးစွဲရေး၊ သီးနှံ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ ကျင့်သုံးရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးရေးတို့ကို ကဏ္ဍအလိုက် ဆွေးနွေးဟောပြောခဲ့ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ တောင်သူ (၁၀ဝ) တက်ရောက်ခဲ့ပြီး တောင်သူများသိလိုသည့် မေးမြန်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

အလားတူ စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲကို ရွှေဘိုမြို့နယ် ဘက်စုံအဆင့်မြှင့် နည်းပညာသုံး  မင်းကုန်းစံပြကျေးရွာတွင် နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ပြီး တောင်သူ (၇၀) တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 


ထွန်းမြင့်အောင် (ရွှေဘို)