ရေအရင်းအမြစ် စီမံခန့်ခွဲခြင်းနှင့် ရေကြီးမှု ခန့်မှန်းတွက်ချက်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၊United States Army Corps of Engineer (USACE) နှင့် Hydrologic Engineering Center (HEC)တို့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဖွင့်လှစ်သော တတိယအကြိမ်မြောက် HEC-RAS S0ftware အသုံးပြု၍ Hydranlic and Hydrology တွက်ချက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရုံးချုပ်)တွင် ပြုလုပ်သည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် အမေရိကန်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရေတပ်ကိုယ်စားလှယ် Commander Jeremy D.Crestetto တို့က အဖွင့်အမှာစကား ပြောကြားသည်။

 

ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ၅ ရက်ကြာ ကျင်းပသွားမည့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့မှ သင်တန်းသားများ တက်ရောက်ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် USACE မှ ဘာသာရပ်ကျွမ်းကျင်သူ ဆရာများကိုယ်တိုင် လာရောက်ဆွေးနွေးပို့ချမည်ဖြစ်ရာ HEC – RAS Software  အသုံးပြု၍ Hydranlic and Hydrology တွက်ချက်မှု ပညာရပ်များကို ထိရောက်စွာ သင်ယူနိုင်မည့်အပြင် သက်ဆိုင်ရာ ဌာနအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည့်  ရေအရင်းအမြစ် စီမံခန့်ခွဲခြင်း၊ ရေကြီးမှုခန့်မှန်းတွက်ချက်ခြင်းစသည့် လုပ်ငန်းနယ်ပယ်များ၌ ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)