ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလညီလာခံကျင်းပပြီးစီး စည်းမျဉ်းတချို့နှင့်ပတ်သက်၍ သဘောတူညီမှုမရခဲ့

မက်ဒရစ် ၁၈ ဒီဇင်ဘာ 

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပခဲ့သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ (COP 25) သည် ဒီဇင်ဘာ ၁၅ ရက်တွင် ပြီးစီးသွားခဲ့ပြီဖြစ်ပြီး ယင်းညီလာခံမှ ကမ္ဘာကြီးပူနွေးလာမှုပြဿနာကို ပိုမိုကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းခဲ့သည်။

ညီလာခံသို့ တက်ရောက်လာသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်မှ ကိုယ်စားလှယ်များက ဒီဇင်ဘာ ၁၅ ရက်တွင် ရရှိခဲ့သော ရလဒ်အကျဉ်းချုပ်များကို တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်။

ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ တိုးမြှင့်လျှော့ချရေးအပေါ်မည်သို့ ဖော်ပြသုံးနှုန်းမည်နှင့် လာမည့်နှစ်တွင် စတင်အသက်ဝင်လာမည့် ပါရီသဘော တူညီချက်အကောင်အထည်ဖော်ရေးတွင် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းချမှတ်ရေးတို့နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲပြားမှုအမျိုးမျိုးရှိနေခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံကို နာရီပေါင်း ၄၀ ကြာ ထပ်တိုးကျင်းပခဲ့ရသည်။

နိုင်ငံများ၏ ပတ်ဝန်းကျင်အနေအထားနှင့်အညီ ရည်မှန်းချက်မြင့်မားစွာထားရှိရေးနှင့် ဖြစ်နိုင်ခြေရှိသော ပန်းတိုင်ချမှတ်ကြရန် သက်ဆိုင်ရာ နိုင်ငံအားလုံးကို ညီလာခံက တိုက်တွန်းခဲ့သည်။

နိုင်ငံတချို့က ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချသည့် ပမာဏကြီးမားစွာ ထားရှိရေးအတွက် ပြတ်သားသော ကြေညာချက်ထုတ်ပြန်ရန် လိုလားသော်လည်း အချို့နိုင်ငံများက ၎င်းတို့နိုင်ငံများအလိုက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချသင့်ကြောင်း တိုက်တွန်းခဲ့သည်။

ယခုကျင်းပခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျော့ကျအောင် နိုင်ငံများအနေဖြင့် ကိုယ်တိုင်လုပ်ဆောင်ခြင်းနှင့် အခြားနိုင်ငံများသို့ နည်းပညာဆိုင်ရာအထောက်အပံ့များ ပေးအပ်ရေးအတွက် မည်သို့လုပ်ဆောင်သည်ဆိုမည့် စည်းမျဉ်းစည်းကမ်းနှင့်ပတ်သက်၍ သဘောတူညီချက် တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိပေ။

ယင်းပြဿနာနှင့်ပတ်သက်၍ လာမည့်နှစ်တွင် ဆက်လက်ကျင်းပသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ (COP -26)တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး ပါရီသဘောတူညီချက်ဖြစ်သည့် ဆိုင်းငံ့ထားရမည့် စည်းမျဉ်းစည်းကမ်း တချို့နှင့်အတူ အကောင်အထည်ပေါ်လာနိုင်မည်ဟု သတင်းတွင် ဖော်ပြသည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-ဇော်ဝင်း