ရာသီဥတုအဆိုးရွားဆုံးပြောင်းလဲလာမှု တားဆီးကာကွယ်ရန် နောက်ဆုံးအခွင့်အရေးသို့ နီးကပ်လာပြီဟု သတိပေး

 

မောင်သာယာ

 

ကုလသမဂ္ဂသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က ရာသီဥတုအဆိုးရွားဆုံးပြောင်းလဲလာမှုကို တားဆီး ကာကွယ်ရန်    လူသားတို့အနေဖြင့်    ၎င်းတို့၏ နောက်ဆုံးအခွင့်အရေးသို့     နီးကပ်လာနေပြီဟု သတိပေးခဲ့သည်။

 

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း အဖွဲ့(အိုင်ပီစီစီ)က  ကမ္ဘာကြီးအနေဖြင့်   ကာဗွန် ညစ်ညမ်းမှုနှင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို ၂၀၃၅ ခုနှစ်တွင် သုံးပုံနှစ်ပုံနီးပါး လျှော့ချရန် လိုအပ် မည်ဖြစ်ကြောင်း ပြောကြားသည်။ သိပ္ပံပညာရှင်များ က ရုပ်ကြွင်းလောင်စာအသစ်များ တူးဖော်မှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ၎င်းတို့က ၂၀၄၀ ပြည့်နှစ်တွင်   ကျောက်မီးသွေး၊   ရေနံနှင့် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို ရပ်တန့်ရန်လည်း နိုင်ငံများကို တိုက်တွန်းထားသည်။

 

လူသားတွေက ပါးလွှာတဲ့ရေခဲပြင်ပေါ်မှာရှိနေပြီး အဲဒီရေခဲပြင်ကလည်း အရည်ပျော်တာ မြန်လွန်းနေပါတယ်။ ကျွန်တော်တို့ကမ္ဘာကြီးဟာ ရာသီဥတုပြောင်းလဲမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို အားလုံးတစ်ပြိုင်တည်း လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။

 

ဂူတာရက်စ်က ကျောက်မီးသွေးများ အသစ်တူးဖော်အသုံးမပြုရန် တောင်းဆိုရုံသာမက ချမ်းသာ သောနိုင်ငံများတွင် ၂၀၃၀ ပြည့်နှစ် ဆင်းရဲသောနိုင်ငံများ ၂၀၄၀ ပြည့်နှစ်တို့တွင် ကျောက်မီးသွေး အသုံးပြုမှုကို ရပ်တန့်ကြရန်လည်း တောင်းဆိုခဲ့သည်။ ထို့ပြင် ဖွံ့ဖြိုးပြီးကမ္ဘာတွင် ၂၀၃၅ ခုနှစ်တွင် ကာဗွန်ကင်းစင်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲကြရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ ၂၀၃၅ ခုနှစ်သည် ပါရီသဘောတူညီချက်အရ ကမ္ဘာ့နိုင်ငံများသည် လေထုညစ်ညမ်းမှု လျှော့ချရေး ရည်မှန်းချက်များ ချမှတ်ရမည့်နှစ်ဖြစ်သည်။

 

ပါရီသဘောတူညီမှု ကန့်သတ်ချက်ထက် ကျော်လွန်ခြင်း

 

၂၀၁၅ ပါရီ ရာသီဥတုသဘောတူညီချက်သည် ပူနွေးလာမှုအခြေအနေကို စက်မှုခေတ်မတိုင်မီက ရှိခဲ့သည့်အတိုင်း ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ ကန့်သတ်ထားရန် ရည်မှန်းထားခဲ့ကြသည်။ သို့သော် လည်း ကမ္ဘာကြီးသည် ၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ် လောက်အထိ ပူနွေးနေပြီဖြစ်သည်။ သိပ္ပံပညာရှင် များက ၎င်းတို့အနေဖြင့် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အမှတ်အသားသို့ရောက်ရှိအောင် လုပ်ဆောင်ရန်မှာ နောက်ဆုံးသတိပေးချက်ဖြစ်ဖွယ်ရှိကြောင်း အေပီ သတင်းဌာနသို့ ပြောကြားသည်။

 

သိပ္ပံပညာရှင်များက ကမ္ဘာကြီးပူနွေးလာမှု ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အမှတ်အသားကို ကျော်လွန်ပြီးနောက် သို့မဟုတ် မကြာမီကျော်ဖြတ် ရန် လမ်းကြောင်းပေါ်ရောက်ရှိပြီးနောက်တွင် ၎င်းတို့ အနေဖြင့် နောက်ထပ်အစီရင်ခံစာများ ထွက်ပေါ်လာ ဖွယ်ရှိကြောင်း ပြောကြားသည်။ ကမ္ဘာကြီးပူနွေးလာ မှု ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိရန်မှာ သေချာသလောက် ရှိကြောင်း သိပ္ပံပညာရှင်များစွာက ပြောကြားထားသည်။

 

ကျွန်တော်တို့တွေဟာ အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထဲတော့ ရောက်နေကြပါပြီ။ ဒါပေမဲ့ အပူချိန်က အဲဒီထက်တိုးလာ၊ မလာ စိုးရိမ်စရာရှိ ပါတယ် ဟု ဩစတြေးလျနိုင်ငံ မဲလ်ဘုန်း တက္ကသိုလ် မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် မာတယ်မိုင်းရှောင် ဆန်က ပြောကြားသည်။

 

အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ကျော် သွားပြီဆိုရင်တော့ အန္တရာယ်တွေက အစုလိုက်အပုံ လိုက်ရောက်လာပါတော့မယ်ဟု အစီရင်ခံစာ ပူးတွဲရေးသားသူ စတော့ဟုမ်း ပတ်ဝန်းကျင် အင်စတီကျုမှ ရာသီဥတု၊ မြေယာနှင့် မူဝါဒဆိုင်ရာ သိပ္ပံပညာရှင် ဖရန်စစ် အိတ်ခ် ဂျွန်ဆင်က ပြောကြားသည်။

 

အိုင်ပီစီစီ၏ နောက်ဆုံးအစီရင်ခံစာအရ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များတွင် မျိုးစိတ်များ နှင့် သန္တာကျောက်တန်းများ ပျက်စီးဆုံးရှုံးခြင်း၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့် ပင်လယ်ရေ မျက်နှာပြင်များ မြင့်တက်လာခြင်းတို့ ပါဝင်သည်။

 

ပူနွေးမှုကန့်သတ်ချက်အောက်တွင် နေထိုင်ရန် အတွက် ကမ္ဘာကြီးအနေဖြင့် ၂၀၃၅ ခုနှစ်တွင် ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချရန် လိုအပ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ အဆိုပါအချက်သည် ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ ခြောက်ခုတွင် မပါဝင်သော ပစ်မှတ်သစ်တစ်ခုဖြစ်သည်။

 

ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သိပ်တော့ နောက်မကျသေးပါဘူးဟု အစီရင်ခံစာ ပူးတွဲရေးသားသူ ရေဆိုင်ရာသိပ္ပံပညာရှင် အဒီတီ မူခါဂျီက ပြောကြားသည်။

 

အိုင်ပီစီစီ၏ အစောပိုင်းထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကမ္ဘာကြီးပူနွေးမှု အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ကျော်လွန်သွားပါက ထိခိုက် ပျက်စီးမှုများ မည်မျှဆိုးမည်ကို အသေးစိတ်ဖော်ပြ ထားသည်။ အစီရင်ခံစာအသစ်တွင် လက်ရှိ သို့မဟုတ် အဆိုပြုထားသော အခြေခံ အဆောက်အအုံများကို စွမ်းအင်ပေးရန် ရုပ်ကြွင်းလောင်စာများကို ဆက်လက်အသုံးပြုခြင်းသည် ကမ္ဘာမြေကို အနည်းဆုံး ၂ ဒီဂရီစင်တီဂရိတ်ထိ ပူနွေးစေမည်ဟု သိပ္ပံ ပညာရှင်များက ပြောကြားသည်။

 

ဒိုက်ပတ်ခ် ဒက်စ်ဂူပတာသည် အိန္ဒိယနိုင်ငံ စွမ်းအင်နှင့် သယံဇာတအရင်းအမြစ် အင်စတီကျုမှ ရာသီဥတုဆိုင်ရာ စီးပွားရေးပညာရှင်ဖြစ်ပြီး အစီရင်ခံစာကို ပူးတွဲရေးသားသူဖြစ်သည်။ ယခု အစီရင်ခံစာသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က အချက်အလက်များကို အခြေခံထားခြင်းဖြစ်ပြီး ရုပ်ကြွင်းလောင်စာ စီမံကိန်းများနှင့်ပတ်သက်၍ တိုင်းတာမှုပြုလုပ်ရာတွင် ရုရှားနှင့် ယူကရိန်းစစ်ပွဲ ကြောင့် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ အသုံးပြုမှုတိုးလာခြင်း မပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

 

ဟိုဆန်လီသည် အိုင်ပီစီစီ အကြီးအကဲ သိပ္ပံပညာရှင်ဖြစ်သည်။ “ယခုအစီရင်ခံစာမှာ သိပ္ပံ နည်းကျရှာဖွေတွေ့ရှိချက်တွေအပြင် မျှော်လင့်ချက် သတင်းစကားတွေလည်း ပါဝင်ပါတယ်။ အကောင်း ဆုံးအဖြေကို ရှာဖွေဖို့ကတော့ အစိုးရတွေအပေါ်မှာပဲ မူတည်ပါတယ်။ ဖြစ်နိုင်ခြေကတော့ ရှိနေတုန်းပါပဲ ဟု လီက ပြောကြားသည်။

 

ကိုးကား -

Climate Report Warns World Is Close to Last Chance ကို ဘာသာပြန်သည်။