ရာသီဥတု အပူချိန် မြင့်တက်လာသည့်အတွက် နေ့ခင်းပိုင်း အပြင်ထွက်သူနည်းလာသောကြောင့် အငှားယာဉ်မောင်းများ ဝင်ငွေ ကျဆင်းမှုရှိနေ

ရန်ကုန် ဧပြီ ၂၉

ရာသီဥတု အပူချိန်မြင့်တက်လာသည့်အတွက် နေ့ခင်းပိုင်းအပြင်ထွက်သူ နည်းလာသောကြောင့် အငှားယာဉ်မောင်းများ ဝင်ငွေကျဆင်မှုရှိနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။ အပူချိန်မြင့်လာသဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်လာကြသည့်အတွက် ယခင်ကဲ့သို့ မဟုတ်ဘဲ နေ့ခင်းပိုင်းတွင် ခရီးသည်ရရှိမှု နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။

“နေ့လယ်ပိုင်းတွေက အရမ်းပူတော့ အရေးမကြီးရင် အပြင်သိပ်မထွက်ကြတော့ဘူး။ ပြီးတော့ထွက်တဲ့သူတွေဆိုရင်လည်း အငှားစီးရင်တောင်မှ Aircon ပါတဲ့ကားမျိုးပဲစီးချင်ကြတယ်။ YBS မြို့ပတ်ကားတွေမှာဆိုရင် Aircon ရှိတော့ မြို့ပတ်ကားတွေစီးကြတယ်။ နေ့လယ်ပိုင်းတွေ အပြင်ထွက်သူလည်းနည်းတယ်၊ အငှားလည်း သိပ်မဆွဲရပါဘူး။ မနက်ပိုင်းနဲ့ ညနေပိုင်းလောက်ပဲ ဆွဲရတယ်။ အခုရက်ပိုင်းတွေဆိုရင် အပြင်ထွက်သူလည်းနည်းတော့ သိပ်မဆွဲရပါဘူး။ အငှား စီးနေကျ ဖောက်သည်တွေ မနက်ပိုင်း၊ ညနေပိုင်း လိုက်ပိုပေးရတာလောက်ပဲရှိနေတယ်” ဟု သာကေတမြိုနယ်မှ အငှားယာဉ်မောင်းတစ်ဦး က ဆိုသည်။

အချို့ရက်ပိုင်းများတွင် အငှားစီးသူနည်းပါး၍ ကျပ်သောင်းဂဏန်းဝန်းကျင်သာ ဝင်ငွေရရှိသဖြင့်  ဆီဖိုး ပြန်လည်တွက်ချက်ပြီးပါက တွက်ချေမကိုက်သည့်ရက်ပင်ရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

“ဟိုရက်ကဆိုရင် တစ်ရက်လုံးဆွဲတာ ကျပ် ၁၅၀၀၀၊ ကျပ် ၂၀၀၀၀ လောက်ပဲရတယ်။ နေ့လယ်ပိုင်းတွေကျ သိပ်မဆွဲရဘူး။ ဆီဖိုးနဲ့ သိပ်မကျန်ဘူး။ ကျွန်တော့် အငှားကတော့ အစ်မဆီက ကားကိုယူမောင်းနေတာဆိုတော့ ကားမဆွဲရတဲ့နေ့တွေဆို အုံနာခမပေးရလို့တော်သေးတာပေါ့”ဟု အခြားယာဉ်မောင်းတစ်ဦးက ဆိုသည်။

နေ့အပူချိန်မြင့်တက်မှုများကြောင့် ယာဉ်မောင်းများအနေဖြင့် ကျန်းမာရေးအတွက် ဂရုစိုက်ပြီး သတိထားမောင်းနေရသလို အပူချိန်မြင့်မားမှုကြောင့် ကားအင်ဂျင်အပူလွန်ကဲ၍ ကားမီးလောင်မှု အန္တရာယ်ကိုလည်း သတိပြုရန်လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အချိုတွင် အပူချိန်မြင့်မားမှုကြောင့် မူးလဲ၍ ဆေးရုံပို့ပေးရသူများရှိသကဲ့သို့ ဦးနှောက်အာရုံကြောပြတ်၍ ရုတ်တရတ်လဲကျ သေဆုံးမှုများလည်း ရှိနေကြောင်းသိရသည်။

MT