ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ရွှေသမင်များ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်တွင် ထိန်းသိမ်းစောင့်ရှောက်ထား

မင်းဘူး ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်တွင် ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ရွှေသမင်များ ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်များက ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

ထိုကဲ့သို့ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်၌ ရွှေသမင်များ ထိန်းသိမ်းစောင့်ရှောက်ထားရာတွင် လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စတင်ကာ သစ်တောဦးစီးဌာနမှ လွှဲပြောင်းထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အထီး ၁၅ ကောင်၊ အမ အ‌ကောင် ၃၀ စုစုပေါင်း ရွှေသမင် ၄၅ ကောင်ရှိရာ တစ်ကောင်လျှင် အစာစရိတ် ၈၀၀ ကျပ်ဖြင့် ကန်စွန်းရွက်နှင့် အခြားအရွက်နုများကို ရှာဖွေဝယ်ယူကျွေးမွေးရကြောင်း၊ ရေတိုက်၊ အစာကျွေးခြင်းနှင့် သမင်များ အနီးကပ်ထိန်းသိမ်း စောင့်ရှောက်ရန်အတွက်  နှစ်ယောက်ထားပေးရကြောင်း သိရသည်။

“ကြယ်လိပ်တို့ ရွှေသမင်တို့ဆိုတာ ကမ္ဘာ့ရှားပါးမျိုးစိတ် စာရင်းဝင်တွေပါ။ ကျွန်တော်တို့ မြန်မာ့ရွှေသမင်တွေ ဆိုရင်လည်း ခြံလှောင်မွေးမြူထားပါတယ်။ မြန်မာတစ်နိုင်ငံတည်းမှာသာရှိတဲ့ ဌာနေဖွား မျိုးစိတ်ဖြစ်ပြီး အလွန်မတန်မှ ရှားပါးတဲ့အတွက် မျိုးသုဉ်း မျိုးဆက်မပြတ်စေ‌ရေး၊ ရွှေသမင်သားပေါက်များ တိုးပွားလာစေရေးတို့အတွက် ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ထားရပါတယ်” ဟု ရွှေစက်တော် ဂေါပကအတွင်းရေးမှူး ဦးမြင့်ဌေးက ပြောသည်။

ဇေယျာထက်(မင်းဘူး)