ပါဝါတစ်ကမ်း လက်တစ်လှမ်း ငြိမ်းချမ်းရေး ပန်းနှင့်ကြို

ကိုရင်

 

အလုံးစုံ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် အခိုင်အမာရရှိခြင်းမရှိမီ ပထမအဆင့် သဘောတူညီမှု တစ်ရပ်ကို အမေရိကန်အစိုးရအဖွဲ့နှင့် အာဖဂန် တာလီဘန်အဖွဲ့တို့ ရရှိလိုက်ကြသည်ဆိုသော သတင်းတစ်ပုဒ် ပေါ်ထွက်လာသောအခါ နားဝင်ပီယံရှိလှသည့် ယင်းသတင်းနှင့်ပတ်သက်၍ မျှော်လင့်စရာ တစ်ပုံတစ်ခေါင်း အသို့ရှိသည်ကို သိရှိနိုင်ရန် ကျွန်ုပ် စေ့ငုလေ့လာမိလေ၏။

 

ငြိမ်းချမ်းရေးပန်းတိုင်

 

၁၈ နှစ်ကျော် တငွေ့ငွေ့လောင်မြိုက်လာခဲ့သော စစ်မီးလျှံကြီးတစ်ခု ပြီးဆုံးခြင်းသို့ ရောက်ရှိစေရန် ရည်ရွယ်လျက် လပေါင်းအတန်ကြာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နှင့် တာလီဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးပန်းတိုင်ကို အတူတကွ လှမ်းကိုင်နိုင်ကြတော့မည့်အသွင် တွေ့မြင်ကြရပေရာ ဂုဏ်ကျက်သရေအပေါင်း ခညောင်းသော အခါသမယတစ်ရပ် မကြာမီ ကျရောက်လာဖွယ်ရှိသည်ဟု ကျွန်ုပ် တွေးတောမိ၏။

 

အာဖဂန်နစ္စတန် ပြည်သူတစ်ရပ်လုံး ချမ်းသောင့်ချမ်းသာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည့်အပြင် အမေရိကန်ပြည်သူ တစ်ရပ်လုံး “သုမင်္ဂလာ” အပေါင်းနှင့်အတူ မုဒိတာပွားရမည့် ငြိမ်းချမ်းရေးပန်းတိုင်မှာ ပဝါတစ်ကမ်း လက်တစ်လှမ်း အနေအထားသို့ ရောက်ရှိနေသည်ဟု သတင်းများတွင် ကျွန်ုပ်ဖတ်ရှုရ၏။ ။

 

ကာလသမနိရှည်ကြာ ဖြစ်ပွားလာခဲ့သော အာဖဂန်စစ်ပွဲကြီး တရားဝင်ပြီးဆုံးခြင်းသို့ ရောက်ရှိရေးအတွက် အမေရိကန်နှင့် တာလီဘန် တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီးနောက် ပထမအဆင့် သဘောတူညီချက်အရ ပဏာမအနေဖြင့် ရက်သတ္တတစ်ပတ် (ခုနစ်ရက်) တာကာလ အပစ်အခတ် ရပ်စဲကြခြင်းဖြင့် အကြမ်းဖက် တိုက်ခိုက်မှု လျှော့ချရေးကို လက်တွေ့ပြသရန် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်လ်မြို့ရှိ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) ဌာနချုပ်တွင် သတင်းထောက်များအား ဖေဖော်ဝါရီ ၁၃ ရက်က ဖွင့်ဟကြေညာခဲ့သည်။

 

အဆိုပြုခဲ့

 

အမေရိကန်၏ ကာလအရှည်ကြာဆုံး စစ်ပွဲအဆုံးသတ်ရေးတွင် တာလီဘန်အဖွဲ့က အလေးအနက်ပြု၍ စေ့စပ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လိုခြင်း ရှိ၊ မရှိ မှတ်ကျောက်တင်နိုင်စေမည့် ဆောင်ရွက်ချက်တစ်ရပ်အဖြစ် ရက်သတ္တ တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲမှုကို မိမိတို့အဆိုပြုခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုလျှော့ချရေး ပဏာမသဘောတူညီချက်ကို တာလီဘန်ဘက်မှ အပြည့်အဝ အကောင်အထည်ဖော်မှုကို ပြသနိုင်ခြင်းဖြင့် အပြီးသတ်ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးအတွက် ဆက်လက်၍ စေ့စပ်ဆွေးနွေးနိုင်ကြမည်ဖြစ်ကြောင်း ဝန်ကြီး အက်စ်ပါက ပြောကြားသည်။

 

နိုင်ငံရေးသဘောတူညီချက်တစ်ရပ်၏ အခြေခံအဖြစ် အကြမ်းဖက်တိုက်ခိုက်မှုလျှော့ချရေး အဆိုပြုချက်မှာ အရေးပါပြီး ပထမအဆင့် သဘောတူညီချက်နှင့် ပတ်သက်၍ အမေရိကန် မဟာမိတ်များနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း၊ အမေရိကန် ကွန်ဂရက်ကိုလည်း အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရှေ့တိုးဆောင်ရွက်လို ကြပါလျှင် ကတိကဝတ် ပြုမှုများနှင့်အတူ သဘောတူညီချက်ကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း သူက အလေးအနက်ပြု၍ ပြောကြားခဲ့သည်။

 

ပင်လယ်ကွေ့ဒေသရှိ ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ယခုအခါ ၁၈ လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အမေရိကန်နှင့် တာလီဘန် ကိုယ်စားလှယ်များက သဘောတူညီချက် မူကြမ်းတစ်ရပ်နှင့်ပတ်သက်၍ ဆွေးနွေးနိုင်သည့်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပေပြီ။

 

ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ခြင်းမရှိမီ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းမ ှရှောင်ကြဉ်ပါမည်ဟူ၍ တာလီဘန်အဖွဲ့က ကတိကဝတ် ပြုလာစေရန် အမေရိကန်က တွန်းအားပေးခဲ့သည်။ ယင်းမှာ အာဖဂန်နစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ရှိနေသရွေ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ “သဲထဲရေသွန်” ဖြစ်ရမည့်ကိန်းအဖြစ် အမေရိကန်က မှတ်ယူထားပုံရသည်။

 

အာဖဂန်နစ္စတန်တွင် ရန်စောင်နေကြသော စစ်အင်အားစု နှစ်စုစလုံးက ရန်သတ္တရုပြုမှုများကို အပြန်အလှန် အဆုံးသတ်ရန် ဖော်ပြနေသည့် ပဏာမသဘော တူညီချက်သည် ငြိမ်းချမ်းရေးလမ်းကို ဆက်လက်လျှောက်လှမ်းရန် စစ်မှန်သောဆန္ဒ ရှိ၊ မရှိ စမ်းသပ်မည့် အကဲစမ်းချက် တစ်ရပ်ဖြစ်ပေလိမ့်မည်။

 

ငြိမ်းချမ်းရေးဗိမာန်ကြီး

 

အကယ်၍ ပဏာမ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် မကျိုးမပေါက်ဘဲ အောင်မြင်ပါက နှစ်ဖက်စလုံးက ကာလကြာရှည် မျှော်မှန်းတောင့်တနေခဲ့ရသည့် ငြိမ်းချမ်းရေးဗိမာန်ကြီး စွင့်စွင့် ကြွားကြွားဝင့်ဝင့် ပေါ်ပေါက် လာနိုင်သည်ဟု ထင်စားရှုမြင်ကြရ၏။ ။

 

ထိုစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း ဝမ်းမြောက်ဖွယ်ရာစကား ဆိုခဲ့သေးသည်။ အမေရိကန်-တာလီဘန် ဆွေးနွေးပွဲသည် မကြာသေးမီရက်များအတွင်း “အမှန်တကယ်တိုးတက်မှု" ရရှိနေကြောင်း ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသော လုံခြုံရေးညီလာခံသို့ သွားရောက်စဉ် လေယာဉ်ပေါ်တွင် သတင်းထောက်များအား အားပါးတရပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းရေးရရှိလာစေရေးအတွက် လတ်တလော ပြုလုပ်နေသည့် ဆွေးနွေးမှုများ၏ တိုးတက်မှုအခြေအနေကို မိမိတို့၏ မဟာမိတ်နိုင်ငံများကို အသိပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ပွန်ပီယိုက ပြောကြားသည်။

 

အာဖဂန်နစ္စတန်တွင် နေတိုးအဖွဲ့က ဦးဆောင်၍ အထောက်အကူပေးရေး မစ်ရှင်လုပ်ငန်း တစ်ရပ်ဆောင်ရွက်နေပုံကို ရည်ညွှန်းလျက် ပွန်ပီယိုက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

 

နေတိုးအဖွဲ့ ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်း တပ်ဖွဲ့ဝင် ၁၇၀၀၀ ကျော်မှာ အာဖဂန်နစ္စတန်တွင် အာဖဂန်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးခြင်း၊ စစ်ရေး အကြံဉာဏ်ပေးခြင်းနှင့် အထောက်အကူ ပေးခြင်းတို့ ပြုလုပ်လျက်ရှိသည်။ ယင်းနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၃၀၀၀ ခန့် ဖြန့်ကြက်ထားပြီး အာဖဂန်လုံခြုံရေးတပ်ဖွဲ့များအား လေ့ကျင့်ပေးခြင်းတာဝန်နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ရေးတာဝန်တို့ကို ရယူထားသည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း “အမေရိက၏ ကာလရှည်ကြာဆုံးစစ်ပွဲကြီး” ပြီးဆုံးခြင်း သို့ ရောက်ရှိစေလိုသည်ဟု ဖေဖော်ဝါရီ ၁၁ ရက်က အားတက်သရော ပြောကြားခဲ့သည်။ စစ်ပွဲကြီးအဆုံးသတ် ရေးမှာ မိမိတို့၏ရည်မှန်းချက်ဖြစ်ပြီး အာဖဂန်နစ္စတန်ရောက် မိမိတို့၏ တပ်ဖွဲ့များကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပါမည်ဟု ထပ်လောင်း ကတိပြုခဲ့သည်။

 

နိုင်ငံခြားရေးမူဝါဒ

 

အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို ထင်ဟပ်သည့် မိန့်ဆိုချက်တစ်ရပ်အဖြစ် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ ရုပ်သိမ်းရေးကိစ္စကို သမ္မတထရမ့်က “နိုင်ငံတော်အခြေပြမိန့်ခွန်း” မြွက်ကြားရာတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံတွင် အပြစ်မဲ့ပြည်သူဦးရေ သောင်း၊ သိန်းချီ၍ “ဥပစ္ဆေဒကကံ” အကျိုးပေးနေမှုကို မိမိတွေ့မြင်လိုခြင်း မရှိပါဟူ၍ ကွန်ဂရက်ရှိ ပူးတွဲလွှတ်တော် နှစ်ရပ်ရှေ့မှောက်၌ မိန့်ခွန်းပြောကြားရာတွင် သမ္မတထရမ့်က ပျောင်းနွဲ့နွဲ့ အသံနေအသံထားဖြင့် ပြောကြားခဲ့သည်။ တာလီဘန် လက်နက်ကိုင်အုပ်စုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် သမ္မတ ထရမ့် ကိုယ်တိုင် အထူးတလည် လိုလိုလားလားရှိနေသည်။ တာလီဘန်အဖွဲ့သည် ၂၀၀၁ ခုနှစ်မှစ၍ အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များနှင့် အာဖဂန်တပ်ဖွဲ့ဝင် များကို တိုက်ခိုက်လာနေခဲ့သည်။

 

တာလီဘန်အဖွဲ့သည် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်နိုင်ငံ၏ နယ်မြေ လေးပုံသုံးပုံခန့်အထိ လွှမ်းမိုးအုပ်ချုပ်နိုင်ခဲ့သည်။ ယင်းအဖွဲ့သည် “ရှာရီယာ ဥပဒေ” (ဝါ) ဘာသာရေးဥပဒေကို တင်းတင်းကျပ်ကျပ် ကိုင်စွဲလျက် အစ္စလာမ္မစ် ထုံးတမ်းစဉ်လာများကို ပြည်သူများအား လေးစားလိုက်နာစေလျက် အုပ်ချုပ်ခဲ့သည်။

 

မူလာမိုဟာမက်အိုမာသည် တာလီဘန်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ၁၉၉၀ ပြည့်လွန် ဆယ်စုနှစ်လယ် ကာလမှသည် သူကွယ်လွန်ချိန် ၂၀၁၃ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ တာလီဘန်ဟူသော ဝေါဟာရကို ဆန်းစစ်ကြည့်ပါက ပထန်ဘာသာစကားအရ “ကျောင်းသား"ဟု အဓိပ္ပာယ်ရရှိသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ အကြီးဆုံးသော တိုင်းရင်းသားမျိုးနွယ်အုပ်စုတွင် ပထန်လူမျိုးစု ပါဝင်ပြီး ယင်းအဖွဲ့တွင် ပါဝင်သူများမှာလည်း ပထန်မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ တာလီဘန်လက်နက်ကိုင် တပ်ဖွဲ့၏ အင်အားအတိအကျကိုမူ မသိရှိရပေ။

 

ရှာရီယာဥပဒေ

 

တာလီဘန်အဖွဲ့၏ ဦးတည်ချက်မှာ အာဖဂန်နစ္စတန် နိုင်ငံတစ်ဝန်းတွင် “ရှာရီယာဥပဒေ” အာဏာသက်ဝင် စေရေးဖြစ်သည်။ တာလီဘန်အဖွဲ့သည် သူတို့၏နိုင်ငံတွင် ပြည်ပနိုင်ငံလွှမ်းမိုးမှုကို လိုလားသူများ မဟုတ်ကြပေ။

 

အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာ ၁၁ ရက် (၂၀၀၁ ခုနှစ်) အကြမ်းဖက် တိုက်ခိုက်မှုနောက်ကွယ်တွင် “အယ်လ်ခိုင်ဒါအဖွဲ့” ဆက်နွယ်မှုရှိသည်ဟု အမေရိကန်က ယူဆခဲ့ပြီးနောက် မကြာမတင်မှာပင် အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များက “လွတ်မြောက်မှု စစ်ဆင်ရေး” ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ရပ်အရ အာဖဂန်နစ္စတန်နယ်မြေကို ကျူးကျော်ဝင်ရောက်ခဲ့သည်။

 

ထိုစဉ်က အမေရိကန်၏ ရည်မှန်းချက်မှာ အယ်လ်ခိုင်ဒါအဖွဲ့ဝင်များ အာဖဂန်နစ္စတန်နိုင်ငံကို ခြေကုပ်ပြု၍ လှုပ်ရှားနိုင်စေရန် တာလီဘန်အဖွဲ့ဝင်များက အကူအညီပေးနေမှု အဆုံးသတ်စေရန် လည်းကောင်း၊ အယ်လ်ခိုင်ဒါအဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံကို အသုံးချ၍  အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်နေမှု ရပ်တန့်စေရန် လည်းကောင်း “လွတ်မြောက်မှုစစ်ဆင်ရေး” ဆင်နွှဲရန် ဖြစ်သည်။ ။

 

၂၀၀၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်တို့၏ နောက်ဆုံး ခြေကုပ်စခန်းကြီး ဖြစ်သောကန်ဒါဟာမြို့ ကျသွားခဲ့ပြီးနောက် တာလီဘန်အဖွဲ့မှာ အစည်းပြေသွားသော ထင်းချောင်းများပမာ အင်အားစုစည်းနိုင်မှု ပြန့်ကျဲသွားခဲ့ရသည်။

 

အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးရည်မှန်းချက် ရှိခဲ့သည့်တိုင်အောင် အကြောင်းတရား အမျိုးမျိုးအရ အထမမြောက်ခဲ့သော တာလီဘန်အဖွဲ့သည် အာဖဂန် ပြည်တွင်းစစ်တွင် အရေးပါသော အုပ်စုတစ်စုအဖြစ် ၁၉၉၄ ခုနှစ်တွင် ပေါ်ထွက်ခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ရှိ ပထန်မျိုးနွယ်စုဝင်များ၊ နေထိုင်ရာဒေသများ၌ တည်ရှိသော အစ္စလာမ္မစ်ကျောင်းများ၏ ကျောင်းသားများဖြစ်ခဲ့ကြသော တာလီဘန်တပ်ဖွဲ့ဝင်များသည် ပြည်ပတပ်ဖွဲ့ဝင်များကို ကျူးကျော် လာသူများအဖြစ် သတ်မှတ်ကာ ချေမှုန်းတိုက်ထုတ်လာကြသည့်တိုင်အောင် သူတို့၏ အန္တိမရည်မှန်းချက် ပေါက်မြောက်နိုင်ခြင်း မရှိသည့်အဆုံး ငြိမ်းချမ်းခြင်းတရားကို ရင်ဝယ်ပိုက်ကာ နိုင်ငံပြန်လည်ထူထောင်ရေးတွင် ပါဝင်လာကြတော့မည်လောဟု ကျွန်ုပ်တို့ တွေးဆ၊ စရာ ဖြစ်ကြရသည်။ ။

 

အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသင့်သော အမေရိကန်နိုင်ငံကလည်း နိုင်ငံ့သမိုင်းတွင် အရှည်ကြာဆုံး စစ်ပွဲကြီးတစ်ရပ်ကို အဆုံးသတ်စေလိုသော ဆန္ဒမွန် ရှိနေပုံကို ထောက်ချင့်သိရှိရသည်။ အမေရိကန်နှင့် တာလီဘန်တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အထမြောက် အောင်မြင်စေရေးအတွက် အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ပါကစ္စတန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အပြင် ရုရှားနိုင်ငံတို့က အားပေးကူညီလျက် ရှိကြပုံကို ကျွန်ုပ် တွေးတောမိရင်း “ပဝါတစ်ကမ်း လက်တစ်လှမ်း ငြိမ်းချမ်းရေး ပန်းနှင့်ကြို”ဟု ကျူးရင့်မိပါသတည်း။ ။

Ref: U.S. and Taliban Reach First Step of Peace Deal (THE WALL STREET JOURNAL)