ရန်ကုန် မတ် ၆

 ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ်ကန်အတွင်း အများပြည်သူ အပန်းဖြေနေရာအဖြစ် လွန်ခဲ့သော ၁၅ နှစ်ခန့်က စနစ်တကျတည်ဆောက်ထားသော ရေပေါ်သစ်သားတံတားကြီးသည် နှစ်ကာလကြာမြင့်၍ ရာသီဥတု သဘာဝဒဏ်ကြောင့် သစ်သားတံတားကြမ်းခင်းနှင့် လက်ရန်းများမှာ ဆွေးမြည့်ပျက်စီးခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဘဏ္ဍာရေးနှစ်အလိုက် သစ်သားကြမ်းခင်းနေရာများတွင် ဖိုက်ဘာကြမ်းခင်းများ အစားထိုးလဲလှယ် ပြန်လည်ပြုပြင် မွမ်းမံခဲ့သည်။ ယခုအခါ ရာနှုန်းပြည့်ပြီးစီးခဲ့သဖြင့် တံတားအစ ဦးထောင်ဘိုအဝိုင်းအနီးမှ တံတားအရှည် ၇၂၃၇ ပေကို အများပြည်သူ အန္တရာယ် ကင်းစွာ လျှောက်လှမ်းအပန်းဖြေနိုင်တော့မည်ဖြစ်သည်။

အဆိုပါ ကန်တော်ကြီး သဘာဝဥယျာဉ်ကန်သည် မြို့ပြ၏ဂေဟစနစ်ကို ထိန်းညှိပေးသော နေရာတစ်ခုဖြစ်ပြီး သစ်ရိပ်၊ ဝါးရိပ် ရောင်စုံပန်းအလှများကို တိုးချဲ့စိုက်ပျိုးထားသဖြင့် ယခုအချိန်တွင် သဘာဝက ထိန်းကျောင်းပေးထားသော နေရာတစ်ခုအဖြစ် ရှိမည်ဖြစ်သည်။ ပူပြင်းသောနွေကာလတွင် အများပြည်သူ အပန်းဖြေစရာ အကောင်းဆုံးနေရာလည်း ဖြစ်သည်။ ရုပ်ရှင်၊ ဂီတ၊ စာပေနှင့် သဘင် အနုပညာရှင်များ ပုံရိပ်ဖမ်းဓာတ်ပုံဆရာများ၏နေရာ၊ စာဖွဲ့ ကဗျာဖွဲ့ တင်စားကြသော နေရာများမှာလည်း ယခင်နှင့်မတူပိုမိုသန့်ရှင်းလာပြီး လှပမှုများကို အထင်ကရ မြင်တွေ့ရမည်ဖြစ်သည်။

ကန်တော်ကြီးသဘာဝဥယျာဉ်သည်ခေတ်အဆက်ဆက် သမိုင်းဝင် ပုံရိပ်နေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုနေရာ၊ ကရဝိက်နန်းတော်နှင့် သံချပ်ကားကုန်းနေရာ၊ တေဇာဒီပကျွန်း၊ ချစ်သူများကျွန်း၊ နဂါးကျွန်း၊ မြေပဒေသာကျွန်း၊ ပုလဲကျွန်း၊ မဟာမြိုင် ကျွန်း၊ ကြာကန်၊ ရွက်လှကုန်း၊ ဆင်ကုန်းစသည့်နေရာများအထိ ပြင်ဆင် မွမ်းမံပြီးသော သစ်သားတံတားမှတစ်ဆက်တည်း ပြည်သူများ အန္တရာယ်ကင်းစွာ လျှောက်လှမ်းနိုင်တော့မည်ဖြစ်သည်။

ကန်တော်ကြီး သဘာဝဥယျာဉ်ကန် အကျယ် သုည ဒသမ၂၅ မိုင်တွင် ဖြတ်သန်း တည်ဆောက်ထားသော သစ်သားတံတား အရှည်မှာ ၇၂၃၇ ပေနှင့် တံတားအကျယ် ၁၇ ပေ ၆ လက်မ ရှိသော သစ်သားတံတားကို ၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်မှစတင်၍ ဆွေးမြည့်ပျက်စီးနေသော တံတားကြမ်းခင်းနှင့် လက်ရန်းများကို အစဉ်တစိုက် ပြုပြင်ထိန်းသိမ်းခဲ့ရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်ပြီးစီး၍ ပြည်သူများ ပူပြင်းသောနွေရာသီတွင် ကန်ရေပြင်ကိုတိုက်ခက်လာသည့် သန့်ရှင်းလတ်ဆတ်သောလေကို တံတားပေါ်မှ ဖြတ်သန်းလျှောက်လှမ်းရှူရှိုက်ပြီး ကန်တော်ကြီး၏ အလှတရားများကို ကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ သိရသည်။

သတင်း၊ ဓာတ်ပုံ - စောရွှေဂွန်း