ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်     ဩဂုတ်     ၂၆

 

ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊    ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊  ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊   တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးမှ   ရေအသုံးချသူများအဖွဲ့ခေါင်းဆောင် တောင်သူများနှင့် အဖွဲ့ဝင်တောင်သူများ၊ တာဝန် ရှိသူများ တက်ရောက်ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က     အဖွင့်အမှာစကား ပြောကြားရာတွင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် သာယာဝပြောပြီး   စားရေရိက္ခာပေါများသည့်နိုင်ငံ   ဖြစ်ပေါ်လာစေရေးအတွက်    အဓိကကျ သည့် လယ်ယာကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်နှင့်     မူဝါဒများ   ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

 

ရေအရင်းအမြစ် ပေါများကြွယ်ဝ

မိမိတို့   မြန်မာနိုင်ငံသည်ရေအရင်းအမြစ် ပေါများကြွယ်ဝသည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း၊     နိုင်ငံ၏အလယ်ပိုင်း၌ မြောက်မှတောင်သို့   စီးဆင်းနေသည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်း မြစ်ကြီး   လေးစင်းတွင်  မြစ်လက်တက် များစွာရှိပြီး နှစ်စဉ်ရေဧက  ပေသန်းပေါင်း ၈၇၆ သန်းခန့်   ပင်လယ်ထဲသို့  စီးဆင်း ဝင်ရောက်လျက်ရှိသည်ကို လေ့လာတွေ့ရှိ ရကြောင်း၊     အဆိုပါမြစ်ကြီးများနှင့် မြစ်လက်တက်များပေါ်တွင်  ဆည်တမံ ၂၄၅ ခုနှင့်    ရေတင်လုပ်ငန်း    ၂၁၀ တို့ တည်ဆောက်ထားပြီး နှစ်စဉ်   ပင်လယ်ထဲသို့  စီးဆင်းလျက်ရှိသည့် ရေထုထည် ပမာဏ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့်ကို     အသုံးပြုလျက်ရှိကြောင်း။

 

သီးနှံမျိုးစုံစိုက်ဧက ၃၃ ဒသမ ၂ သန်းရှိ

တစ်နိုင်ငံလုံးတွင် သီးနှံမျိုးစုံ စိုက်ဧက ၃၃ ဒသမ ၂ သန်းခန့်ရှိပြီး   မိုးကောင်း ရေသောက်၊ ဆည်ရေသောက်၊ မြစ်ရေတင် စိုက်ပျိုးမြေသည် ၂၅ ဒသမ ၅၁၇ သန်းခန့် ရှိကာ  မိုးစပါးစိုက်ဧက  ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက  ၃ သန်းခန့်ရှိကြောင်း၊ အဆိုပါ စိုက်ပျိုးမြေများထဲမှ  ရေသွင်းစိုက် ဧရိယာဧက ၆ ဒသမ ၇၁ သန်းရှိသည့် အတွက်  သီးနှံမျိုးစုံ   စိုက်ပျိုးနေသည့် အသားတင်စိုက်ဧရိယာ  ဧက ၃၃ ဒသမ ၂ သန်း၏    ၂၀  ရာခိုင်နှုန်းကျော်ကို ဆည်ရေပေးဝေလျက်ရှိသည်ကို   တွေ့ရ ကြောင်း၊  ရေအသုံးချမှု   စနစ်တကျ ပြုလုပ်ပြီး ရေသွင်းစိုက်ဧက  ၆ သန်းကျော် ကို စပါး၊ ပဲ၊ စပါး/ စပါး၊  နေကြာ၊ စပါး/စပါး၊ နှမ်း၊ စပါး/ အခြားစပါးနှင့်တွဲပြီး သီးထပ်နှစ်မျိုးစသည်ဖြင့်  မိမိကြိုက်နှစ် သက်ရာသီးနှံများကို သုံးသီး  စိုက်ပျိုးသွား နိုင်မည်ဆိုပါက တောင်သူများ၏ လူမှု စီးပွားဘဝသည် များစွာပြောင်းလဲသွား မည်ကိုတွေ့မြင်နိုင်ကြောင်း။

 

စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်း ရန်၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်    ဆောင်ရွက်ရာတွင် ဆည်ရေပေးဝေမှုလုပ်ငန်းသည် လွန်စွာအရေးပါသည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့်လည်း   ဆည်မြောင်းစီမံကိန်းများကို အလေးထား  ရင်းနှီးမြှုပ်နှံပေးလျက်ရှိ ကြောင်း။

 

ရေမရပါက သီးနှံမဖြစ်ထွန်းနိုင်

စိုက်ပျိုးရေးဆိုသည်မှာ  ရေနှင့်မကင်း ကြောင်း၊  စိုက်ပျိုးရေ၊  အောင်ရေမရဘဲ ရာသီသီးနှံများ  မဖြစ်ထွန်းနိုင်သကဲ့သို့ ရေမရပါကလည်း မည်သည့်သီးနှံမျှ မဖြစ် ထွန်းနိုင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်    ဆည်မြောင်းဝန်ကြီးဌာနသည်        ဆည်မြောင်းစီမံကိန်းလုပ်ငန်းများဖြစ် သည့် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေတံခါးများ၊   ရေပေးမြောင်းများနှင့် ရေထိန်းအဆောက် အအုံများ၊  လျှပ်စစ် မြစ်ရေတင်လုပ်ငန်းများ၊  မြေအောက်ရေ ထုတ်ယူသုံးစွဲသည့်  လုပ်ငန်းများ၊ ရေအား လျှပ်စစ် ထုတ်လုပ်ခြင်းနှင့်  နေရောင်ခြည် စွမ်းအင်သုံး    ရေပေးဝေမှုလုပ်ငန်းများ၊ မြေအောက်ရေထိန်း   ရေလှောင်တမံ လုပ်ငန်းများကို  နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်    ဆောင်ရွက်ပေး လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခဲ့သည့်     ဆည်ရေ အရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင်အသုံးချပြီး  မိမိတို့၏ စိုက်ပျိုးမွေးမြူရေး ကဏ္ဍ    တိုးတက်ပြောင်းလဲလာအောင်    ရှေးရှုဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

 

ရေသယံဇာတများ မဆုံးရှုံးစေရန်

တစ်ဖက်တွင်လည်း   ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့်  ကမ္ဘာနှင့် အဝှမ်း ရေသယံဇာတ များဆုတ်ယုတ်ခြင်း၊ ရှားပါးခြင်းများ    ဖြစ်ပေါ်ခံစားနေကြရကြောင်း၊    ထို့ကြောင့်   လူနှင့်  သစ်ပင်၊ တိရစ္ဆာန်များအတွက် မရှိမဖြစ်ဖြစ်သည့် ရေသယံဇာတများကို အကျိုးမဲ့အလဟဿ မဆုံးရှုံးစေရန်နှင့် အနာဂတ်တွင် ရေရှည်သုံးစွဲနိုင်ရန်အတွက် ခြိုးခြံချွေတာခြင်း၊ ထိရောက် အကျိုးရှိစွာ  သုံးစွဲခြင်းများကို မဖြစ်မနေဆောင်ရွက်ကြရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၏  အင်အားနှင့် ဆောင်ရွက်၍မရဘဲ အားလုံး တစ်စိတ် တစ်ဝမ်းတည်း ပူးပေါင်းပါဝင်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း။

 

မျိုး၊ မြေ၊ ရေ၊ နည်း

ယနေ့ အခမ်းအနားကို တက်ရောက် လာကြသူများသည် ဆည်ရေကို  အသုံးပြုကြသူ များဖြစ်ကြောင်း၊ ရေ၏တန်ဖိုးကို ရေအသုံးချသူတိုင်း သိကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းပင်ဖြစ်စေ၊ မွေးမြူရေးလုပ်ငန်းပင် ဖြစ်စေ မိမိလေ့လာသုံးသပ်တွေ့ရှိချက်မှာ မျိုး၊  မြေ၊  ရေ၊  နည်းသည်   လုပ်ငန်း အောင်မြင်မှုအတွက် အခရာဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်၊  စိုက်ပျိုးရေးတွင် မြေဩဇာ(မွေးမြူရေးတွင် အစာ)၊ စိုက်ပျိုး ရေနှင့် အောင်ရေ၊ စိုက်နည်းစနစ်တို့ပင်ဖြစ် ကြောင်း၊ ထိုအထဲတွင် အရေးအကြီးဆုံး၊ အဓိက အကျဆုံးမှာ “ရေ” ပင်ဖြစ်ကြောင်း၊ ရေမရှိဘဲ၊  ရေမပြည့်စုံဘဲ   အောင်မြင် ဖြစ်ထွန်းသည့်  စိုက်ပျိုးရေးကို  မရနိုင် ကြောင်း၊  ရေကိုအကျိုးရှိစွာ   အသုံးချ နိုင်ခြင်းတွင် ကမ္ဘာမှာ အစ္စရေးနိုင်ငံသည် အကောင်းဆုံးဟု  လေ့လာသိရှိရသည့် အတွက်   မိမိတို့လည်း  ၎င်းနိုင်ငံတွင် သွားရောက်လေ့လာသင်ကြားခဲ့သည့် လူသားအရင်းအမြစ်များကို  ထိရောက်စွာ အသုံးချ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေအသုံးချနိုင်မည့် စိုက်ပျိုးရေးအင်ဂျင် နီယာပညာရပ်ကို ကျောင်းအသီးသီးတွင် အဆင့်လိုက်  ကျယ်ပြန့်စွာသင်ကြား ပေးရန်နှင့်  ထိရောက်စွာအသုံးပြုရန်လို ကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင် တည်ဆောက်ထားသည့်  ဆည်မြောင်း တာတမံများက  ထုတ်လွှတ်ပေးသည့် စိုက်ပျိုးရေများကို   စနစ်တကျစီမံခန့်ခွဲ အသုံးပြုနိုင်ရန်အတွက်    စိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားကြီး များကိုယ်တိုင် ထိရောက်စွာပါဝင်ကြရန် လိုအပ်ကြောင်း။

 

အဓိကသီးနှံဖြစ်သည့်  စပါးတစ်ဧက အောင်မြင်စွာဖြစ်ထွန်း အောင်မြင်ရန်အတွက်   မြေအမျိုး အစားပေါ်မူတည်ပြီး ပျမ်းမျှ    ရေလိုအပ်ချက်မှာ ၅   ဧက ပေခန့်ဖြစ်သည့်အတွက်     ရေဂါလန် အားဖြင့် ၁၃ ဒသမ ၅ သိန်းဂါလန်  လိုအပ် သည်ဟု    ပညာရှင်များကပြော ကြောင်း၊ အထူးသဖြင့် နွေရာသီရေခန်းခြောက်ချိန်၊ ရှားပါးချိန်တွင် ရေကုန်သက်သာစေရန်နှင့် ရေအလေအလွင့်   မရှိစေရန်အတွက် နည်းပညာအခြေခံသည့်  ရေပေးဝေမှု စနစ်များကို  ကြံဆသုံးစွဲကြရမည်ဖြစ် ကြောင်း၊ ဥပမာအားဖြင့် ရေအလေအလွင့် နည်းပါးစေသည့်  ရေပက်ဖျန်းသည့်စနစ် (Sprinkler)၊ အစက်ချရေပေးသည့့်စနစ် (Drip Irrigation) အမျိုးမျိုးကို  သီးနှံနှင့် ရေမြေအခြေအနေပေါ်မူတည်  အသုံး ပြုပြီး စိုက်ပျိုးရေကို ထိထိရောက်ရောက် အကျိုးအရှိဆုံး အသုံးပြုကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ရေချိုးရာတွင် ရေပုံးဖြင့် ချိုးခြင်း၊ ရေခွက်ဖြင့် လောင်းချိုးခြင်းထက် ရေပန်းနှင့်ချိုးခြင်းက   ရေကုန်ကျမှုကို သက်သာစေနိုင်သည်ကို    မြင်တွေ့နိုင်ကြောင်း။

 

လေလွင့်ဆုံးရှုံးမှုများစွာဖြစ်ပေါ်မည်

ယခု  တောင်သူအများစုဆောင်ရွက်နေကြသည့်  ဆည်ရေသောက်လုပ်ငန်းတွင် “ခွက်ဆင့်သောက်”  လမ်းကြောင်းအလိုက်    ရေပေးသွင်းခြင်း(Furrow Irrigation) ကိုသာ  ကျင့်သုံးနေမည်ဆိုပါက လေလွင့်ဆုံးရှုံးမှုများစွာဖြစ်ပေါ်မည်ဖြစ်ကြောင်း၊  အထူးသဖြင့်  မိမိလယ်အတွင်း လယ်ကြားမြောင်းစနစ်များကို သေချာစွာ ပြုပြင်မွမ်းမံမှုမရှိခြင်းနှင့်   ပင်မမြောင်း ကြီးမှသွားသည့်      မြောင်းလက်တံ အဆင့်ဆင့်ကို     ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့်    တန်ဖိုးရှိသည့် ရေများ လေလွင့်မှုမဖြစ်စေရန် အားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

အလားတူ     ရေပေးမြောင်းများ တစ်လျှောက် ရေစိမ့်ဝင်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရန်  လိုင်နင်စီခြင်းကိုလည်း   ဓန အင်အားပေါ်မူတည်ပြီး   ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခြင်းဖြင့်လည်း  ရေလေလွင့်မှု နည်းပါးအောင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ တူးမြောင်းများတွင်     လိုင်နင်စီခြင်း အားဖြင့် ရိုးရိုးမြေသားမြောင်းများထက် ရေလေလွင့်မှု ၂၀ ရာခိုင်နှုန်းခန့်            လျော့နည်း သက်သာသွားစေမည်ဖြစ်ကြောင်း။

 

ရွေးချယ်အသုံးပြု

ယခုနောက်ပိုင်း    ကုန်ကျစရိတ် သက်သာသည့်   Poly  Ethylene ကဲ့သို့ ပလတ်စတစ်အစများကို  အသုံးပြုလာ နိုင်ပြီဖြစ်သည့်အတွက်  ရေပေးမြောင်း များကို လိုင်နင်ပြုလုပ်ပါက ဆောင်ရွက်ရန် လွယ်ကူပြီး အချိန်တိုအတွင်း  ပြီးစီးနိုင် သည့်အပြင် ရေသွယ်ယူရာတွင်  လေလွင့် ဆုံးရှုံးမှုမရှိသလောက်  နည်းပါးသွားစေ မည်ဖြစ်ကြောင်း၊    မိမိတို့   စိုက်ပျိုး ထုတ်လုပ်သည့်  သီးနှံပုံစံ  အမျိုးအစား၊ စိုက်ပျိုးသည့်  မြေအခြေအနေတို့အပေါ် မူတည်ပြီး ရေအလေအလွင့်  နည်းပါးနိုင် မည့် နည်းလမ်းများကို ရွေးချယ်အသုံးပြု ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ထို့ကြောင့်  ရေပေးဝေသည့်မြောင်းများ၊ အဆောက်အအုံများ ရေရှည်တည်တံ့ပြီး ရေပေးဝေမှုစနစ်များ  တိုးတက်လာစေရေးအတွက် သက်ဆိုင်ရာတောင်သူ များစုဖွဲ့ကာ      ဆည်ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင်    ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်   သက်ဆိုင်ရာ ရေသောက်မြောင်းများအလိုက် ရေအသုံး ချသူများအဖွဲ့ (Water   User  Group-WUG)များကို ဖွဲ့စည်းခြင်း၊ အဆိုပါအဖွဲ့ များအချင်းချင်း  ပူးပေါင်းဆောင်ရွက်နိုင် စေရန်နှင့် ပိုမိုကျယ်ပြန့်  အားကောင်းလာ စေရန် ရေအသုံးချသူများအသင်း (Water User Association- WUA) အဖြစ်သို့လည်း အဆင့်မြှင့်    တိုးချဲ့ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။

 

ပူးပေါင်းပါဝင်

ထိုသို့ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ဆည်ရေပေးဝေမှုကဏ္ဍ၌  သက်ဆိုင်ရာ ဌာနများနှင့် ရေအသုံးချသူတောင်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထကောင်းများ  ဖြစ်ပေါ်လာ စေရေးအတွက်         “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်    (Participatory Irrigation Management– PIM)” တည်ထောင်ခြင်းဖြစ်ကြောင်း။

 

ယခုစနစ်တွင်     တောင်သူများ ကိုယ်တိုင်    ပါဝင်စီမံဆောင်ရွက်ရသည့် အတွက်  တောင်သူ အချင်းချင်းအကြား ရေကြောင့်ဖြစ်ပွားရသည့်  ပဋိပက္ခများ ကင်းဝေးခြင်း၊ ဆည်ရေကို  အကျိုးရှိစွာ အသုံးပြုနိုင်မည် ဖြစ်သည့်အတွက် ရေအလေအလွင့်နည်းပါးပြီး  ဆည်ရေ စိုက်ဧရိယာ ပိုမိုတိုးချဲ့ပေးဝေလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိလာစေ မည်ဖြစ်ကြောင်း။

 

ပိုမိုအကျိုးဖြစ်ထွန်းစေမည်

ဆည်ရေပေးဝေမှု    စနစ်များတွင် တောင်သူများအနေဖြင့်  အသင်းအဖွဲ့များ ဖွဲ့စည်းပြီး ညီညီ ညွတ်ညွတ်ဖြင့် စုပေါင်း ဆောင်ရွက်သည့် အလေ့အထများ ဖြစ်ပေါ်လာမည်ဆိုပါက  စိုက်ပျိုးရေး ကဏ္ဍများတွင်သာမက  မိမိတို့၏လူမှု စီးပွားဘဝ  တိုးတက်ရေးလုပ်ငန်းများ ကိုပါ စုပေါင်းဆောင်ရွက်လာနိုင်ကြမည် ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ  ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အကျိုးတူလယ်ယာ စနစ်ဖြင့်  အကောင်အထည်ဖော်ရာ၌ ယခုကဲ့သို့     အသင်းအဖွဲ့များဖြင့် ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ လက်ရှိ  နိုင်ငံတော် အနေဖြင့် လာမည့်ရာသီမှစပြီး နွေစပါး ဧက ၈ ဒသမ ၅ သိန်းနှင့်  ပဲတီစိမ်းဧက ၅ သိန်းကို အကျိုးတူ လယ်ယာစနစ်ဖြင့် ထိရောက်အောင်မြင်စွာ    ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ ငွေကျပ်ဘီလီယံ ၄၀ဝ အနက်မှ ငွေကျပ်ဘီလီယံ  ၂၃၀ မတည်ထူထောင် ပေးထားပြီးဖြစ်သည်ကိုလည်း  အသိပေးပြောကြားလိုကြောင်း။

 

စီးပွားရေးအသိုက်အဝန်းဖြစ်ပေါ်လာစေမည်

တောင်သူများအနေဖြင့် ရေအသုံးချ သူများအဖွဲ့/အသင်းတို့တွင် ပါဝင်ပြီး အဆိုပါ  အသင်းအဖွဲ့များမှ    တစ်ဆင့် နိုင်ငံတော်၏စီးပွားရေး   တိုးတက်ဖွံ့ဖြိုး ရေးအတွက်     တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိကြသည့်    အစိုးရ မဟုတ်သော စီးပွားရေးနှင့် လူမှုရေးအဖွဲ့ အစည်းများ၊ အခြားမိတ်ဖက်အဖွဲ့အစည်း များနှင့်  ပိုမိုချိတ်ဆက်ဆောင်ရွက်လာ နိုင်ခြင်းအားဖြင့်    ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သည့်  စီးပွားရေးအသိုက်အဝန်း ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း။

 

ကျင်းပရခြင်းဖြစ်

ထို့ကြောင့်  ရေအသုံးချသူတောင်သူ များအား  မိမိတို့ကြုံတွေ့နေကြရသည့် အခက်အခဲများ၊ ပြဿနာများကို ပူးပေါင်း ညှိနှိုင်း ဖြေရှင်းဆောင်ရွက်တတ်စေရန်၊ ဆည်ရေစီမံခန့်ခွဲမှု  နည်းပညာဆိုင်ရာ အသိပညာများ   တိုးပွားလာစေရန်နှင့် ပူးပေါင်းပါဝင်        ဆည်မြောင်းစနစ် ထွန်းကားလာစေရန်တို့အတွက်     ရေ အသုံးချသူများအဖွဲ့  အဖွဲ့ဝင်  တောင်သူ များကို သင်တန်းပေးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို  ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရေသောက်စနစ်များမှ ရေအသုံးချသူများ အဖွဲ့ခေါင်းဆောင်များကို    ဖိတ်ခေါ်ပြီး နေပြည်တော်တွင် ဆွေးနွေးပွဲအခမ်းအနား ကို ယခုကဲ့သို့ကျင်းပရခြင်းဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေ ပေးဝေမှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာတွင် တောင်သူလယ်သမားများအနေဖြင့် လည်း “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်” ဆိုသည့်  စကားရပ်နှင့်အညီ  လယ်ယာ ကဏ္ဍနှင့် တောင်သူတို့၏  လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက်  ဝိုင်းဝန်းကြိုးပမ်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

ထို့ကြောင့် ဆည်ရေပေးဝေမှုလုပ်ငန်း များတွင်   တောင်သူကြီးများကိုယ်တိုင် ပါဝင်စီမံပြီး မိမိတို့၏ စုပေါင်းအင်အားများ ဖြင့် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန်နှင့်   မိမိအကျိုး၊ နိုင်ငံတော်အကျိုးမျှော်ကိုးပြီး  သာယာ ဝပြော၍ စားရေရိက္ခာပြည့်စုံကြွယ်ဝသည့် နိုင်ငံတော်အဖြစ် ရပ်တည်နိုင်အောင်ပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ပူးပေါင်းပါဝင် ဆည်မြောင်း စနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏      လူမှုစီးပွားဘဝမြှင့်တင်ရေး ဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများ သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များ သည်   အခမ်းအနားတက်ရောက်လာကြသည့် နိုင်ငံတစ်ဝန်းရှိ ရေအသုံးချသူများအဖွဲ့    ခေါင်းဆောင် တောင်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားပြီး    ဆည်မြောင်းနှင့် ရေအသုံးချမှု   စီမံခန့်ခွဲရေးဦးစီးဌာန၏ ရေအသုံးချသူများအဖွဲ့ လှုပ်ရှားဆောင်ရွက်မှု  မှတ်တမ်းပြခန်း၊ ငလိုက် ရေလှောင်တမံ ဆည်ရေသောက်စနစ် ပြခန်း၊    ဆည်မြောင်း ပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်းပြခန်း၊ ဘူမိဗေဒဌာနခွဲမှ    မြေအောက်စူးစမ်း လေ့လာခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်   အသုံးပြုသော       စက်ကိရိယာများ ပြခန်း၊ ရေလှောင်တမံများ၏ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် ပြခန်း၊ နေရောင်ခြည်စွမ်းအင်သုံး အနိမ့် တင်၊   အမြင့်တင်  ရေစုပ်စက်များဖြင့် ရေတင်ယူခြင်းပြကွက်၊ စက်မှုလယ်ယာ ဦးစီးဌာန၏ စက်မှုလယ်ယာ စနစ်တကျ လယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းပြခန်း၊ ပတ်လည်ရေဖျန်းစနစ်ဖြင့် စိုက်ခင်းများ ရေပေးဝေခြင်းပြခန်း၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့်    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့်     သဘာဝ မြေဩဇာထုတ်လုပ်မှု ပြခန်းများနှင့် ပြင်ပ ပြကွက်များ၌  ရေစုပ်စက်ကိရိယာ များ၊ ရေဖျန်းစက်ကိရိယာများ၊  လယ်ယာသုံးစက်ကိရိယာများ   မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ   (အင်းကုန်း)မှ ထုတ်လုပ်သည့် နေရောင်ခြည်စွမ်းအင်သုံး ရေပန့်စနစ်၊ Head Mist Sprinkler ရေမှုန် ဖျန်းကိရိယာ Water Supply Flimpipe (Drip)ရေအစက်ချကိရိယာ၊ Rootzone Mini-Sprinkler အသေးစား  အမြစ်ဇုန် ရေဖျန်းကိရိယာများအသုံးပြု၍ သီးနှံများ စိုက်ပျိုးထားရှိမှုများ၊ အမြင့်တင်နှင့် အနိမ့် တင် ရွေ့လျားဆိုလာစနစ်သုံး ရေတင်စနစ်၊ ရေစီးနှုန်းတိုင်းကိရိယာ Global Water Flow Probe ဖြင့် တိုင်းတာဆောင်ရွက်မှု၊ တူးမြောင်းများ အမျိုးအစားအလိုက် လိုင်နင်စီခြင်း    သရုပ်ပြသထားမှုများ၊ ရေထိန်းညှိရေတံခါးများတပ်ဆင်၍ ရေပေး ဝေမှု သရုပ်ပြသမှုများနှင့် ရေသွင်းစနစ် ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်း ဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

 

အဆိုပါ  ပူးပေါင်းပါဝင် ဆည်မြောင်း စနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူ တို့၏    လူမှုစီးပွားဘဝ   မြှင့်တင်ရေး ဆွေးနွေးပွဲကို   မြန်မာနိုင်ငံ၏  ရေအရင်း အမြစ်များကို   စနစ်တကျစီမံခန့်ခွဲကာ စိုက်ပျိုးရေပေးဝေမှု    လုပ်ငန်းများကို အထောက်အကူပြုစေရန်၊  စနစ်တကျ တည်ဆောက်ထိန်းသိမ်းထားသည့် ဆည်တမံရေတင်လုပ်ငန်းများမှ ရေများကို စိုက်ကွင်းများအရောက် အသုံးပြုရာတွင် အလေအလွင့်အနည်းဆုံးနှင့် အကျိုးရှိထိရောက်စွာ   အသုံးချနိုင်ရေး အထောက် အကူပြုစေရန်၊ ရေစီမံခန့်ခွဲမှုတွင် ရေအသုံးချသူများကိုယ်တိုင်    ပူးပေါင်း ပါဝင်စီမံခန့်ခွဲသည့်စနစ်သို့    မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်၊  ရေအသုံးချသူများ အဖွဲ့(WUG)မှ ရေအသုံးချသူများအသင်း (WUA)များ မြှင့်တင်ဖွဲ့စည်းပြီး ဆည်ရေ စီမံခန့်ခွဲမှုကို တောင်သူများသို့ လွှဲပြောင်း နိုင်ရေးလုပ်ငန်းစဉ်များတွင် အထောက် အကူပြုရန် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရေအသုံးချ သူများအဖွဲ့(WUG)နှင့် ရေအသုံးချသူများ အသင်း(WUA)များတွင် တက်ကြွစွာပါဝင် ရေး စုပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများ    ပိုမိုထွန်းကားလာ စေရန် ရေစီမံခန့်ခွဲမှု ဆောင်ရွက်ရာတွင် ရေအသုံးချသူများအဖွဲ့တို့၏ အခန်းကဏ္ဍ အရေးပါမှုနှင့် ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများပြန့်ပွားရေး     မြှင့်တင် ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အထောက် အကူပြုရန်၊ အသင်းအဖွဲ့များအားကောင်း လာပါက အဖွဲ့ဝင်တောင်သူများအချင်းချင်း ညှိနှိုင်း၍ တူညီသည့် သီးနှံပုံစံရွေးချယ်ပြီး စိုက်ပျိုးရိတ်သိမ်းချိန်  တူညီစွာ တစ်ဆက် တစ်စပ်တည်း  စိုက်ပျိုးနိုင်ခြင်းကြောင့် ဈေးကွက်ဝင်ထုတ်ကုန်များ ပိုမိုတိုးတက် စိုက်ပျိုးထုတ်လုပ်လာနိုင်ပြီး အသင်းအဖွဲ့ အနေဖြင့် ခိုင်မာသောဈေးကွက်များနှင့် ချိတ်ဆက်၍ ဝင်ငွေတိုးတက်ရရှိလာစေရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖြန့်ဝေ ပေးနိုင်ရန်၊ WUG/WUA များဖွဲ့စည်းပြီး တောင်သူများ    ပူးပေါင်းပါဝင်မှုဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး  ဝိုင်းဝန်း ဆွေးနွေး  ဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ     ရေအသုံးချသူများအဖွဲ့ ခေါင်းဆောင် တောင်သူများနှင့် အဖွဲ့ဝင် တောင်သူ ၂၀ဝ တက်ရောက်ကြပြီး တောင်သူ ၂၅၀ က Online Virtual ဖြင့် တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲ   တက်ရောက်လာသည့် ရေအသုံးချသူများအဖွဲ့   ခေါင်းဆောင် တောင်သူများနှင့်  အဖွဲ့ဝင်တောင်သူများသည် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့်    တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ      အစီအစဉ် တက်ရောက်ပါဝင်       ဆွေးနွေးခြင်း၊ ခေါင်းဆောင်မှုဆိုင်ရာ   သင်တန်းနှင့် စိုက်ပျိုးရေး သုတေသနဆိုင်ရာ ပို့ချမည့် သင်တန်းများသို့လည်းကောင်း၊ ဆည်ရေ စီမံခန့်ခွဲမှုနှင့်  ရေအသုံးချသူ တောင်သူများ၏ အခန်းကဏ္ဍနှင့် စိုက်ပျိုးသီးနှံနှင့် မြေအသုံးချမှုဆိုင်ရာ    အသိပညာများ ပို့ချမည့်  သင်တန်းများသို့   လည်းကောင်း လေ့လာတက်ရောက်သွား မည်ဖြစ်ကြောင်း သိရသည်။                      

သတင်းစဉ်