ပူပေါင်းအဖြေရှာ စိန်ခေါ်မှုများကျော်လွှား

နေပြည်တော် ၁ စက်တင်ဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စစ် ဘီဒီယာဒေဗီဘန်ဒါရီ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံတွင်တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေပြီး ဩဂုတ်လ ၃၀ ရက်နေ့ကကျင်းပသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊အစိုးရအဖွဲ့ဝင်အကြီးအကဲများ စုပေါင်းတွေ့ဆုံဆွေးနွေးပွဲနှင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးခဲ့သည်။

 

နိုင်ငံတော်သမ္မတသည် ဆွေးနွေးပွဲသို့ တက်ရောက်စဉ် နီပေါနိုင်ငံသမ္မတနှင့် ဝန်ကြီးချုပ်တို့ကို တွေ့ဆုံပြီး မြန်မာ-နီပေါနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန်လည်ပတ်မှုမြှင့်တင်ရေးနှင့် နှစ်နိုင်ငံပြည်သူများ ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် အပြန်အလှန် အထောက်အကူပြုရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးအဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေသော်လည်း စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို များစွာအလေးထားပြီးဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံသည် “၂၀ဝ၉ ခုနှစ် ဘင်းမ်စတက်အကြမ်းဖက်မှု၊နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာစာချုပ်” တွင် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က အတည်ပြုပါဝင်ခဲ့သည်။ စာချုပ်တွင် ပါဝင်နိုင်ခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား လုံခြုံရေးဆိုင်ရာတို့တွင် ဆွေးနွေးနိုင်ရုံသာမက လက်တွေ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများကိုပါ ဆွေးနွေးအဖြေရှာနိုင်သဖြင့် ဘင်းမ်စတက်အကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍအတွက် များစွာအရေးပါခဲ့သည်။

 

မျက်မှောက်ကာလ၌ ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုပြဿနာများ၊မူးယစ်ဆေးဝါးပြဿနာများကို ဖြေရှင်းနေရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုပြဿနာများကို ရင်ဆိုင်နေရ သည်။ မြန်မာနိုင်ငံသည် “ဘင်းမ်စတက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဓာတုပစ္စည်းများ”အဖွဲ့ခွဲ၏ ဦးဆောင်နိုင်ငံအဖြစ်တာဝန်ယူထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးများကို လက်ခံကျင်းပပေးခဲ့သည်။ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကိုလည်းဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းလက်တွဲ ဆွေးနွေးအဖြေရှာခြင်းဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

 

ဘင်းမ်စတက်ကို အရှေ့တောင်အာရှနှင့် တောင်အာရှဒေသမှနိုင်ငံများ၊ ဘင်္ဂလားပင်လယ်အော်ဒေသမှ နိုင်ငံများနှင့် စုပေါင်းဖွဲ့စည်းထားသည်။ အဖွဲ့ဝင်နိုင်ငံများမှာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ဘူတန်၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ ဘင်းမ်စတက်အဖွဲ့ကို၁၉၉၇ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ဖွဲ့စည်းရခြင်း မူလရည်ရွယ်ချက်မှာ ဒေသတွင်းစီးပွားရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဖလှယ်နိုင်ရန်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြားနည်းပညာ၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းစသည့် နယ်ပယ်၁၄ ခုတွင် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ရာ ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးကိုစိန်ခေါ်နေသောမူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုပြဿနာများကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ညီညွတ်သော လက်တွဲပူးပေါင်း ညှိနှိုင်းဆွေးနွေးအဖြေရှာနိုင်မှုများဖြင့် ဖြေရှင်းကျော်လွှားနိုင်လိမ့်မည်ဟု ရှုမြင်ပါကြောင်း။ ။