ပူဇော်ပန်းမို့ လန်းဆန်းသည်

ညိုညိုယဉ် (ဒိုက်ဦး)

 

ပူဇော်ပန်း

 

အမည်က ပူဇော်ပန်းတဲ့။ မဂ္ဂဇင်းတစ်စောင်၏အမည်ပါ။ တိတိကျကျရေးရလျှင် ဒိုက်ဦးမြို့၊ အထက(၁) ကျောင်းသား ကျောင်းသူဟောင်းများ၏ (၂၁) ကြိမ် မြောက် အာစရိယပူဇော်ပွဲအမှတ်တရ လက်ဆောင်အဖြစ် ထုတ်ဝေခဲ့သော မဂ္ဂဇင်းဖြစ်ပါသည်။

 

ဒိုက်ဦးသူ

 

ဒိုက်ဦးသူ ကျွန်မအနေနှင့်ဒိုက်ဦးမြို့သို့ ပြန်မရောက် တာ အတော်ကြာပါပြီ။

 

ဒိုက်ဦး အထက (၁) ကျောင်းသူဟောင်းဖြစ်သည်မို့ နှစ်စဉ်ကျင်းပသော အာစရိယပူဇော်ပွဲသို့ တက်ရောက်သင့်တာအမှန်ပါ။ ပွဲတက်ချင်သောစိတ်တွေ ကိန်းအောင်းပြီး အဝေးက လွမ်းနေခဲ့ရတာကြာပါပြီ။

 

ငယ်စဉ်ဘဝက ပညာသင်ပေးခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးတွေကို ထာဝရလွမ်းဆွတ်ပြီး ကျေးဇူးတရားတွေကို အောက်မေ့နေသည်မှာလည်း အစစ်အမှန်ပါပဲ။

 

သို့သော်ငြားအပြောင်းအလဲဘဝ။ ငယ်ရာမှပျို။ ကိုယ့်ဘဝနှင့် ကိုယ်အိမ်ထောင်သည်ဘဝ။ အိမ်ဦးနတ်နှင့် ဝန်ထမ်းဘဝမှာ နယ်တကာအစုံ တာဝန်ထမ်းရင်း ဒေသအစုံသွားနေရသူ။ သားတွေ၊ မြေးတွေနှင့် အိမ်ထောင့်တာဝန် ကျေအောင်ထမ်းနေရသူ။ တစ်ရက် ကလေးမျှ သားကျွေးမှု၊ မြေးကျွေးမှု၊ အိမ်ဦးနတ် ကျွေးမှု အစုစုတွေ၊ မီးဖိုချောင်အလုပ်တွေကလည်းရေးပြ၍ မကုန်အောင်၊ ကိုယ်ဝါသနာပါသော သစ်ခွပန်းကလေး တွေ ပြုစုငေးမောရတာတစ်ဖက်၊ ပန်းပျိုးသူ ရေ ကြည်ကြည်လောင်းသည့် အလုပ်ကတစ်သွယ်၊ ညဘက် မှာ ရုပ်သံအစီအစဉ်ကလာသော ကိုရီးယား အချစ် ဇာတ်လမ်းကလေးတွေငေးမော။ ဝါသနာပါသည့် ဝတ္ထု တိုကလေးတွေ ရေးချင်စိတ်နှင့်အချိန်လု၍ရေး။ ဘယ် နားသွားပြီးရေးရပါ့ စသည်စသည်ဖြင့်။ ဘဝအမော တွေလားရှင်။

 

“မအားလပ်နိုင်ပါပေသူငယ်ချင်းရေ” ဟု ဖုန်းဆက် မေးလာသူ ကျောင်းနေဖက် သူငယ်ချင်းတွေကို ပြန် ဖြေရတာအမော။ ပြော။ မပြောချင်တော့ပါဘူးရှင်။ ဒီလိုနှင့်၊ ဒီနှစ်တော့၊ ဘယ်လိုပဲမအားအား။ ရောက်အောင်သွားမည်ဟုအားခဲ၍ အိမ်ဦးနတ်ကို အိမ်စောင့် ထားပြီးဒိုက်ဦးအာစရိယပွဲသို့ မပျက်မကွက် ရောက်ခဲ့ပါပြီ။

 

မဂ္ဂဇင်း စီစဉ်သူများစကား

 

ပူဇော်ပန်းမဂ္ဂဇင်း၊ အမှတ်(၂)၊ စီစဉ်သူများက မိုးနေ၊ ကေဇော်မိုးတို့အဖွဲ့။ အမြို့မြို့အနယ်နယ်မှာ အာစရိယပူဇော်ပွဲများ ကျင်းပကြသည်။ ဆရာကန်တော့ပွဲများ ရှိသည်။ဆရာ ကန်တော့ပွဲ၏ ရည်ရွယ်ချက်များကား မိမိတို့၏ လက်ဦး ဆရာ၊ ငယ်ဆရာများကို ကိုယ်တိုင်ကိုယ်ကျ၊ ဦးနှိရိုကျိုး မြတ်နိုးကန်တော့လိုခြင်း အဓိကဖြစ်သည်။ ကမ္ဘာမှာမရှိ။ မြန်မာမှာသာရှိသည်။

 

ငယ်သူငယ်ချင်းများ ပြန်လည်ဆုံတွေ့ရခြင်း၊ ပျော်ရွှင်ရခြင်း၊ မွမ်းကျပ်မှုများမှ ခဏတာ လွတ်မြောက်ခြင်းလည်း ပါသည်။ ဆရာ ဆရာမကြီးများအားစာပေဖြင့် ပူဇော်ခြင်း၊ မိမိပူဇော်လိုသည့် အချက်အလက်များ အား စာနှင့်ပေနှင့် အမှတ်တရကျန်နေရစ်စေခဲ့ခြင်း တို့ဖြစ်သည်။

 

မဂ္ဂဇင်းကော်မတီ၏ အမြင့်ဆုံးရည်ရွယ်ချက်မှာ ဆရာကြီး၊ ဆရာမကြီးများအား မဂ္ဂဇင်း တစ်ယောက် တစ်အုပ်စီ ပူဇော်ကန်တော့နိုင်ခြင်းဖြစ်သလို အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးအနေနှင့်လည်း ဘယ်နှကြိမ် မြောက် ပူဇော်ပွဲမဂ္ဂဇင်း (ပူဇော်ပန်း)လေးလေဟု နှစ်သက်မြတ်နိုး ပီတိဖြစ်နေကြမည် ထင်ပါသည်။ ကျေနပ်သည်ဟု စီစဉ်သူများက ယုံကြည်ကြသည်။ ယုံကြည်ကြသူတွေထဲမှာ စာရင်းကောက်လျှင် ကျွန်မ ထိပ်ဆုံးကဖြစ်မည်ထင်သည်။

 

မျက်နှာဖုံး

 

မဂ္ဂဇင်းမျက်နှာဖုံးကိုရှုပါ။

 

မိုးမမိခင်ပွင့်တဲ့ ငွေပန်းလေးရယ်၊ မိုးထိလို့ ဖူးတဲ့ နှင်းဆီလေးရယ်၊ သူဆံနွယ်မှာ ငြိမ့်ငြိမ့်ညောင်းညောင်း၊ ကိုယ်ဟောင်းနေတာတွေအသစ်ဖြစ်သွား။ ထိုထိုသော အလှတရားမှာဒီညနေလေးဖျားခဲ့ပေါ့။

 

LIFE OF LIFE, Han Min HtunArtist ၊ ကဗျာ မြတ်မင်းအိမ်ဟု သရုပ်ဖော်ဖွဲ့နွဲ့ထားပေသည်။ သူတို့ စီစဉ်သူတွေက ကဗျာဆန်လိုက်ကြတာနော်။

 

ကျောင်းသမိုင်းအကျဉ်း

 

ဒိုက်ဦး အထက (၁)ရဲ့ သက်တမ်းအမှန်က (၁၉၄၅)၊ ကန်ဦး(အထက) က စတင်ရေတွက်မှသာ အမှန်။ အင်္ဂလိပ်အဆုတ် ဂျပန်အဝင်၊ ဂျပန်အဆုတ်၊ အင်္ဂလိပ်ပြန်အဝင် စစ်ဘေးစစ်ဒဏ် နှစ်ကြိမ်ခံခဲ့ရတဲ့ ဒိုက်ဦးမြို့လေးမှ ပညာရေးပြတ်တောက်နေလို့။ မြို့မိ၊ မြို့ဖများနှင့် ပညာရေးလိုလားသူ ဆရာ၊ ဆရာမများက သင်ကြားရေးပစ္စည်းများကို ရသမျှစုဆောင်းပြီး ကန်ဦး ကျောင်းတိုက်မှာ မူလတန်းလွန်ပညာရေးကျောင်း (SPPS) State Post Primary School ကို စတင်တည်ထောင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြရတာပါ။

 

မောင်သိန်းအောင် (နောင်တွင် ပဲခူးကောလိပ် ကျောင်းအုပ်ကြီး)၊ မောင်ဝင်းစိန်(ယခု ကန်ဦးဖောင်ဒေးရှင်း နာယကကြီး)၊ မောင်လှမြင့် (ဝဏ္ဏကျော်ထင် ဦးလှမြင့်၊ ကောင်းကင်မြေတိုင်း)၊ မောင်လှဖေ (ညွှန်မှူး၊ အကျဉ်း)၊ မောင်မောင်ဌေး (ရေနံဝန်)၊ မောင်ဘဝင်း (ဗိုလ်မှူးဘဝင်း)၊ မောင်တင်မြင့် (ဗိုလ်မှူးကြီးတင်မြင့်)၊ မောင်စံအုန်းတင် (တိုင်းပညာရေးမှူး)၊ မောင်စိုးဝင်း (ယခု ကန်ဦးပညာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌကြီး)၊ ဆရာကြီးဦးကျော် (ကုန်သည်လမ်း)၊ မောင်အောင်ဆန်း (ဗိုလ်မှူးအောင်သွင်)၊ မောင်ထွန်းလှိုင် (ယခင် ဖောင်ဒေးရှင်း အတွင်းရေးမှူး)၊ မောင်တင်နု (ယခင် ဒိုက်ဦးမြို့နယ်အသင်း ဥက္ကဋ္ဌ)၊ ဆရာကြီးဦးကြိုင် (စိုက်ပျိုးရေး)၊ ဆရာမကြီး ဒေါ်မြတ်ငြိမ်းနှင့် ဒေါ်ရီရီ သန်း (ဖောင်ဒေးရှင်းဘဏ္ဍာရေးမှူး) တို့သည် ကန်ဦး ကျောင်းသားဟောင်းကြီးများ ဖြစ်ကြပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် (၇၅) နှစ် စိန်ရတုတိုင်ခဲ့ပြီ၊ ကန်ဦး အထက နှင့် ဒိုက်ဦး အထက (၁)ဟာ တစ်ဆက်တည်းပါဟု မူ/အုပ်(ငြိမ်း)ဆရာဦးတင်ရှိန် က ပူဇော်ပန်းအမှတ် (၂) မဂ္ဂဇင်း(စာ-၁၃၅) တွင် ရေး၍ မော်ကွန်းထိုးခဲ့ပါသည်ရှင်။

 

ကန်တော့ခံဆရာ၊ ဆရာမကြီးများ

 

မဂ္ဂဇင်းရှေ့ပိုင်းတွင် ကန်တော့ခံဆရာ၊ ဆရာမကြီး များ၏ ဓာတ်ပုံ ၁၃၅ ပုံ၊ ကဗျာ ၅၂ ပုဒ်၊ ကာတွန်း ငါးပုဒ်၊ အမှတ်ရချက် ၁၆ ပုဒ်၊ အက်ဆေး တစ်ပုဒ်၊ သမိုင်းမှတ်တမ်း တစ်ပုဒ်၊ ဆောင်းပါး တစ်ပုဒ်၊ ဝတ္ထု ငါးပုဒ် ဝေဝေဆာဆာဖော်ပြပါရှိသည်။

 

အကြိုက်ဆုံးမှတ်မိသမျှ

 

မဂ္ဂဇင်းတစ်စောင်လုံးသစ်လွင်နေသည်။ တောက်ပ နေသည်။ ကဗျာဆောင်းပါး ဝတ္ထုအစုစု၊ ရင်နှင့်အမျှ ရေးခဲ့၊ စပ်ဆိုခဲ့ကြတာပါ။ (နေရာအတိုင်းအတာအရ) အားလုံးကိုသုံးသပ်မဖော်ပြနိုင်သော်ငြား။

 

အကြိုက်ဆုံးမှတ်မိသမျှတင်ပြရလျှင် ... မြန်မာတွေကို ကျေးဇူးစကား မဆိုတတ်သော လူများဟု စိတ်ထဲကလက်ညှိုးထိုး၊ ခေါင်းထဲက အထင် သေးနေကြသောလူတွေထက် ကျေးဇူးတရားက လက် တွေ့ကျင့်သုံးပုံ အကွာအဝေးကို မြန်မာတို့ဘဝ ထဲထဲ ဝင်ဝင်ကြည့်လျှင် မြင်ရမည်ဟု အရှင်ဇဝနရေးခဲ့သော ဆောင်းပါး (စာ-၅၉) ။

 

ငယ်သူငယ်ချင်းတွေအကြောင်း ပူဇော်ပွဲက ခေါင်း လောင်းသံရေးခဲ့သော နိုလှိုင်း (စာ-၆၀)။

 

ဆရာဟူသည် မိမိလက်ကိုအပူခံ၍ အလင်းရောင်ကို ထွန်းညှိသူများပင်။ အများအကျိုးအတွက် ကိုယ်ကျိုး စွန့် အနစ်နာခံသူများပင်။ တွေ့ချင်လှတဲ့ တပည့်တွေ၊ တွေ့ချင်လှတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ယနေ့တော့ တွေ့ရတော့မည်။ ပိန်သလား၊ ဝသလား၊ ဖြူသလား၊ မည်းသလား၊ မရေမရာအတွေးတွေနဲ့ ငယ်ကအရိပ် အယောင်ကို မှုန်တဝါးဝါး မြင်ယောင်နေမိသည်ဆို သော နေတင်မြင့် (စာ-၈၉)။

 

ဒိုက်ဦးဈေးထဲဝင်တော့လည်း ဟယ် . .. နင် . . . ဟယ် . .. ငါ ... နဲ့ တော်တော်နဲ့ကို ပြန်ထွက်မရ။ မတင်ဌေး၊ ဝင်းမာ၊ သန်းသန်းမြင့်တို့ရဲ့ လက်ဆောင် မုန့်တွေကိုလည်း ငြင်းမရခဲ့သော သူငယ်ချင်းမိုးသက် (ဒိုက်ဦး) ၏ အလွမ်း (စာ-၉၆)။

 

၁၉၈၇၊ ၈၈၊ ဒိုက်ဦး အ-ထ-က၊ ဒသမတန်း A တွင် ပညာသင်ကြားခဲ့ရသော သူငယ်ချင်းများကို အမှတ်ရနေသော အချစ်ဆုံးသို့ အမုန်းစကား ပြောသူသန်းထိုက် (ပင်လယ်ပြင်) (စာ-၁၀ဝ)။

 

ဆရာကိုသက်နိုင်၏ အိမ်ထဲရှိမီးဖိုဘေးတွင် ကျောင်းသား၊ ကျောင်းသူခြောက်ဦးတို့ ဝိုင်းဖွဲ့ပြီး စာအံနေကြ ပုံကို ဆရာ့ဂုဏ်၊ ဘဝဂုဏ်အဖြစ် ဖန်တီးသော ညိုမှိုင်း ဝေ (စာ-၁၀၅)။

 

အခြားဖတ်စရာမှတ်စရာ စုံစုံလင်လင်များစွာ။ နေရာ အတိုင်းအတာအရ ဤမျှသာ။

 

ဆရာကြီးဦးအောင်ကြိုင်

 

အသက် (၈၀) ကျော် ဆရာကြီးဦးအောင်ကြိုင် အပါ အဝင် ကန်ဦး အထက ကျောင်းသားဟောင်းများ များစွာ၏ ကျေးဇူးရှင်ဆရာကြီး၊ ဆရာမကြီးများရှိ နေပါသည်။ သူတို့နှင့်တွေ့ဆုံ၊ ရှေးဖြစ်ဟောင်း အောက် မေ့ဖွယ်၊ ယနေ့တိုင် ကျွန်မတို့အား တပည့်သားသမီး ငယ်လူငယ်ကလေးများသဖွယ်၊ ဆုံးမစကားသံများ။ သူငယ်ချင်းများပေါင်းဆုံမိ၊ ပြော၍မဝ၊ အမှတ်ရစရာ အဖုံဖုံ။ တစ်နှစ်ထက်တစ်နှစ် စုစည်းမှတ်တမ်းတင်နိုင်ရန် ကျွန်မတို့ ကြိုးပမ်းကြရပါဦးမည်။ နှစ်စဉ် အမြဲ တွေ့ဆုံကြရဦးမည်။

 

နောင်နှစ်များမှာလည်း

 

ဒိုက်ဦး အထက (၁) အာစရိယပူဇော်ပွဲ။ နောင်နှစ်များမှာလည်း အားခဲ၍လာမည်။ ဆရာ၊ ဆရာမ ကြီးများ အသက်ရှည်ကြပါစေ။ အဟောင်းအဟောင်း တို့သည် အသစ်အသစ် ဖြစ်လာပါသည်။ ပန်းတွေ ကတဝေဝေ။ ပန်းများက ပူဇော်ပန်းပါ။ ဒိုက်ဦး အ-ထ-က (၁) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၁) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အမှတ်တရလက်ဆောင် ပူဇော်ပန်းမို့ မွှေး၍၊ ကြိုင်၍ လန်းဆန်းသည်မှာ အသေအချာ။

 

ကြေးမုံ