ပြုပြင်ပြောင်းလဲမှုဖြင့် ဖွံ့ဖြိုးမှုကို တိုးတက်ဖန်တီး

နိုဝင်ဘာ  ၁၅ 

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် (၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား၊ အာဆီယံ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အလားအလာများကို အာဆီယံ နိုင်ငံ့ခေါင်းဆောင်များထံ တင်ပြသည့် အခမ်းအနားသို့ တက်ရောက် ခဲ့သည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်လျက်ရှိသည့် စင်ကာပူနိုင်ငံတွင် ကျင်းပသော အစည်းအဝေးများသည် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာရေးကို ရှေးရှုဖော်ဆောင်သည့် အစည်းအဝေးများဖြစ်ရာ မြန်မာနိုင်ငံအတွက် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလားအလာကောင်းများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

မြန်မာနိုင်ငံသည် အာရှဒေသတွင် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် အလားအလာ ကောင်းများရှိသည့် ဒေသတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် အားလုံးပါဝင်ပြီး ပြည်သူကိုဗဟိုပြုသည့် အမျိုးသား စီးပွားရေးမူဝါဒ (၁၂)ချက်ကို ချမှတ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း ဆွဲဆောင်မှုရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေစေမည့် အခြေအနေကောင်းများကို ပြုပြင်ပြောင်းလဲ ဖန်တီးဖော်ဆောင်ပေးလျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၂၈ နှစ်ကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၀ဝခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၇၂ ဘီလီယံရှိကြောင်း သိရသည်။ အစိုးရသစ်လက်ထက် နှစ်နှစ်တာ ကာလအတွင်း ကဏ္ဍ ၁၀ ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆၀ ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၇ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့ကြောင့် နှစ်ပေါင်း ၃၀ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရသည်။

 

မြန်မာနိုင်ငံတွင်  စီးပွားရေးတိုးတက်မှု အလားအလာကောင်းများစွာရှိပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ လုပ်ပိုင်ခွင့်နှင့် အခွင့်အလမ်းများလည်း တိုးတက်ကောင်းမွန်လာသောကြောင့် အခြေအနေ ကောင်းများ ပေါ်ထွန်းလာသည်ဟု ဆိုနိုင်သည်။ ယခုအခါ ထိုအခြေအနေကောင်းများ ပိုမိုတိုးတက် ကောင်းမွန်ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ထောင်စု ဝန်ကြီးဌာနတစ်ခုကို ဖြည့်စွက်ဖွဲ့စည်းရန် နိုဝင်ဘာလ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

 

အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသော မျက်မှောက်ကာလ ကမ္ဘာ့စီးပွားရေး အခြေအနေအပေါ် မူတည်၍ မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာရေးကို ရှေးရှုဖော်ဆောင်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသစ် ဖွဲ့စည်းဖြစ်တည်ရေးမှာ အခြေအနေ အချိန်အခါအရ လျော်ကန်သင့်မြတ်သည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖြစ်ထွန်းလာသော အချိန်အခါ၌ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို အဆိုပါ ပြည်ထောင်စုဝန်ကြီးဌာန အသစ်က ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ အလယ်တွင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရာ၌လက်ရှိဖြစ်ထွန်းနေသော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများကို အခြေခံလျက် ပြုပြင်ပြောင်းလဲ ဖော်ဆောင်နိုင်မှုများသည် နိုင်ငံတကာနှင့် ပြည်သူများအကြား တာဝန်ကျေသော၊ တာဝန်သိသော နိုင်ငံအဖြစ် ပုံဖော်ထုဆစ် နိုင်လိမ့်မည်ဖြစ်ပါကြောင်း။        ။
(ကြေးမုံ)