ပုဏ္ဏားကျွန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ

ပုဏ္ဏားကျွန်း နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာအုပ်စု တောင်သူ ဦးလှမောင်၏ လယ်မြေဧက သုည ဒသမ ၁၀ ဧက ဆင်းသွယ်လတ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို စိုက်ပျိုးရေးကြီးကြပ်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။ 

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မိုးစပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် စစ်တွေခရိုင် မျိုးစေ့တာဝန်ခံ၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ ပါဝင်ရိတ်သိမ်းခဲ့ကြပြီး ဆင်းသွယ်လတ် မိုးစပါးတစ်ဧကလျှင် စပါးတင်းအစို ၁၀၀ ဒသမ ၇၁ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
    
ပုဏ္ဏားကျွန်းမြို့နယ်၌ ရပ်ကွက်ကျေးရွာအုပ်စု ၉၆ အုပ်စုရှိပြီး ရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးသန့်စပါးဖြစ်သည့် ဆင်းသွယ်လတ်မျိုးစပါးနှင့် ပေါ်ဆန်းရင်မျိုးစပါးကို တောင်သူအများစုက ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)