ပုံမှန်ဝင်ငွေ ဖော်ဆောင်ပေးနေသော ကြိုးကျစ်လက်မှုလုပ်ငန်း

ငါန်းဇွန် ၂၄ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် လယ်ကြီးသာကျေးရွာတွင် ကြိုးကျစ်လုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေ ဖော်ဆောင်လျက်ရှိရာ နေ့စဉ်ပုံမှန်ဝင်ငွေရရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လက်ရှိကာလ ကြိုးကျစ်လုပ်ငန်းတွင် နွားချည်ကြိုးအတွက် ပလတ်စတစ်ကြိုးများဖြင့်ကျစ်ကာ နွားလည်ပင်းကြိုးများကို ချည်ဖြင့်ကျစ်ကြသည်။ ချည်ကုန်ကြမ်းဝယ်ယူရာတွင် ချည်တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀၊ ပလတ်စတစ်ကြိုးမှာ တစ်ပိဿာလျှင် ၂၅၀၀ ဖြင့် ဝယ်ယူပြီး ကြိုးကျစ်ကြရသည်။ နွားချည်ကြိုး ငါးတောင်အရှည် ကုန်ချောတစ်စုံလျှင် ငွေကျပ် ၁၀၀၀ ဖြင့် ရောင်းချပြီး နွားလည်ပင်းကြိုးငယ် တစ်စုံလျှင် ငွေကျပ် ၂၅၀ ဖြင့် တစ်နှစ်ပတ်လုံး ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

ကြိုးကျစ်လုပ်ငန်းမှာ မိသားစုအိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး လူသုံးယောက်ပြုလုပ်ပါက တစ်နေ့လျှင် အရင်းနုတ်ပြီး ငွေကျပ် ၂၅၀၀၀ အထိ အမြတ်ကျန်ကာ တစ်ဦးလျှင် နေ့တွက်အနည်းဆုံး ကျပ် ၈၀၀၀ အထိ ရရှိကြောင်း လယ်ကြီးသာရွာမှ ကြိုးကျစ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြသည်။

ကြိုးကျစ်ရာတွင် လိုအပ်သော ပေအရှည်အတိုင်းဆွဲကာ လက်လှည့်ကြိုးကျစ်စက်ကလေးဖြင့် လှည့်ကာကျစ်ပေးကြရသည်။ ကြိုးကျစ်ရာတွင် ချည်အလိုက် ၁၀ ပင်၊ ၁၅ ပင်၊ ၂၀ အထိ ထည့်သွင်းကျစ်ကြရသည်။ ကြိုးကျစ်ရာတွင် နှစ်လွန်းတင်၊ သုံးလွန်တင်မှ ခြောက်လွန်းအထိ ကျစ်ကြရသည်။ အများစုမှာ ခြောက်လွန်းတင် ကျစ်ကြရသည်။ နွားချည်ကြိုးတစ်ချောင်းလျှင် ငါးတောင်အရှည်ကို ကျစ်ကြရသည်။ နွားချည်ကြိုးအပြင် ရာသီအလိုက် ထန်းတက်ကြိုးများလည်းကျစ်ကာ ရောင်းချကြသည်။ ထန်းတက်ကြိုးကိုမူ ချည်(၁၀)ပင်ဖြစ် ကျစ်လေ့ရှိသည်။ လက်ရှိကာလတွင် နွားချည်ကြိုးနှင့် နွားလည်ပင်းကြိုးကို အားထားကျစ်ကာ ကျောက်ဆည်မြို့နှင့် အခြားဒေသများသို့ တင်ပို့ပေးလျက်ရှိကြောင်း သိရသည်။  

တိမ်တမန်