ပြုံးလိုက်စမ်းပါ

သိုက်စိုးထွန်း (နတ်ရွာ)

လုပ်ငန်းအကူအညီတစ်ခုလိုအပ်ချက်အရ ဌာနဆိုင်ရာရုံးတစ်ခုကို ရောက်သွားခဲ့တယ်။ မြို့နယ်အဆင့် ရုံးတစ်ရုံးရဲ့ ဒုတိယအကြီးအကဲနဲ့ တွေ့ရတာ။ တစ်ခါမှ စကားလက်ဆုံမပြောဖူးသေးတဲ့သူမို့ “ဒါလေး ကူညီပေးနိုင်မလား” လို့ မေးလိုက်တယ်။ စားပွဲရှေ့မှာထိုင်နေတဲ့သူကို ဂရုမထားလေဟန်နဲ့ ကိုယ်တင်ပေးလိုက်တဲ့ စာရွက်တွေကို မျက်မှောင်တွေ ကျုံ့ရင်း အကြာကြီးကြည့်နေပြီးတော့မှ ကိုယ့်စာရွက်ပေါ်မှာလည်း ခဲတံနဲ့ မျဉ်းတွေနှစ်ကြောင်းလောက် ခြစ်ပစ် လိုက်ပြီးတော့ “ဒီအသုံးအနှုန်းနဲ့မရဘူး” တဲ့။

ဘာကြောင့်ငြင်းလိုက်သလဲ

အလုပ်တစ်ခုလုပ်ရင် စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်တတ်တဲ့ အကျင့်ရယ်၊ အထောက်အထား၊ အကိုး အကားရှာပြီးမှ၊ သက်ဆိုင်ရာကျွမ်းကျင်သူရဲ့အကြံဉာဏ်ကို ယူပြီးမှ လုပ်ကိုင်တတ်တဲ့ အကျင့်ရယ်ကြောင့် ဖြစ်သလိုလုပ်ထားတာမဟုတ်တာ သေချာတယ်။ အခု ကိစ္စအတွက် ခရိုင်အဆင့်အကြီးအကဲကို တစ်ဆင့်ပြသ၊ တိုက်ဆိုင်၊ အတည်ပြုချက်ယူပြီးတဲ့အပြင် မြို့နယ်အဆင့် အကြီးအကဲဆီမှာလည်း မူကြမ်းပြပြီးတော့ သူတို့တွေ က အတည်ပြုပါပြီဆိုမှ အချောသတ်ပြင်ဆင်လိုက်တဲ့ စာရွက်စာတမ်းတွေဆိုပါတော့။ ခရိုင်အဆင့် အကြီးအကဲ ကလည်း ပြည်ထောင်စုအဆင့်က ထုတ်ပြန်ထားတဲ့ စာအုပ်ထဲက စာမျက်နှာတွေကိုပါ ကောက်နုတ်ပြီး ပေးထားသေးတာ။ “ဒီအတိုင်းလုပ်လိုက်ပါ” ဆိုပြီးတော့ပေါ့။ ဒါပေမယ့် မြို့နယ်ရုံးတစ်ခုရဲ့ ဒုတိယအကြီးအကဲ ရှေ့မှာကျမှ မရဘူးဆိုတော့ ခက်ကုန်ရော။ “ဒီအတိုင်း လုပ်လို့ဖြစ်၊ မဖြစ် အပေါ်ကို မေးကြည့်ပေးပါလား” ဆို တော့ “ဘယ်အပေါ်လဲ၊ ကျွန်မတို့ဆီမှာတော့ မရဘူး” တဲ့။ ဒါနဲ့ပဲ “ဟုတ်ကဲ့ပါ၊ ဒါဆိုရင်လည်း တခြားရုံးပဲ သွားလိုက် တော့မယ်” လို့ပြောပြီး ပြန်ခဲ့လိုက်တော့တယ်။

ပုထုဇဉ်သဘာဝအရ အငြင်းပယ်ခံရတာကို စိတ်ထဲမှာတော့ တော်တော်လေး ဘဝင်မကျဖြစ်သွားတယ်။ တကယ်ဆို အကူအညီတောင်းခံတဲ့ကိစ္စက ဥပဒေနဲ့ ဆန့်ကျင်နေတဲ့ ကိစ္စကြီးလည်းမဟုတ်၊ တစ်ခုခုကို အာမခံ ပေးရမယ့် ကိစ္စမျိုးလည်းမဟုတ်၊ သူလုပ်နေကျ အလုပ်မျိုးကိုပဲ လုပ်ပေးဖို့ တောင်းဆိုခဲ့တာ။ သူ့ဌာနရဲ့ ခရိုင်၊ မြို့ နယ်အဆင့် အကြီးအကဲတွေဆီမှာ အကူအညီတောင်း ပြီးတော့မှ စိစစ်ထားတဲ့ကိစ္စ၊ ဘာမှတော့ ငြင်းစရာ အကြောင်း ရှိလိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့။ ဒါပေမယ့် ငြင်းလိုက်တယ်။ ဘာကြောင့်များ ဒီလိုငြင်းရသလဲဆိုတာကို စဉ်းစားမရအောင် ဖြစ်သွားတယ်။

ငြင်းတယ်ဆိုတာက ထားပါတော့။ လူတိုင်းမှာ ကိုယ်မလုပ်ချင်တာ၊ ကိုယ်မလုပ်နိုင်တာတွေကို ငြင်းပယ်ခွင့် ရှိကြတာပါပဲ။ ဒါတောင်မှ ဒီငြင်းပယ်ခွင့်ဆိုတာ ကိုယ် ရေးကိုယ်တာကိစ္စနဲ့ဆိုင်တဲ့ အရာမျိုးတွေလောက်သာ ငြင်းရမှာပါ။ ကိုယ့်ရဲ့ပင်မလုပ်ငန်းကိုတော့ ငြင်းပယ်ခွင့် ရှိလိမ့်မယ်လို့ မယူဆပါဘူး။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခု မှာ သန့်ရှင်းရေး ရာထူးကို ယူထားပြီးမှ တံမြက်စည်း လှည်းဖို့၊ အမှိုက်သိမ်းဖို့ ငြင်းပယ်နေတာမျိုး၊ ယာဉ်မောင်း ရာထူးယူထားပြီးမှ “ကျွန်တော်ကားမမောင်းချင်ဘူးဗျ” လို့ ငြင်းနေတာမျိုးက ကျိုးကြောင်းဆီလျော်တဲ့ ငြင်းပယ် မှုမျိုးလို့တော့ မယူဆနိုင်ပါဘူး။ ဒါက ကိုယ်ပိုင်လွတ်လပ် ခွင့်နဲ့ သွားရောလို့ မရနိုင်ပါဘူး။ နေမကောင်း ထိုင်မသာ ဖြစ်နေလို့ဆိုတာမျိုးကတော့ ထားလိုက်ပါတော့။ အခုလည်း သူ့ရဲ့ပင်မလုပ်ငန်းတစ်ခုကို ဆောင်ရွက်ပေးဖို့ အကူအညီတောင်းလိုက်တာပါပဲ။ ဒါကို ဥပဒေနဲ့ မညီလေ ဟန်ပြောပြီး ငြင်းလိုက်တာ။ သက်ဆိုင်ရာအကြီးအကဲ တွေက စိစစ်ထားတဲ့ကိစ္စဖြစ်ပါတယ်လို့ ပြောပြပြီး မေတ္တာရပ်ခံတာကို မရတော့ဘူး။

ငြင်းလိုက်တဲ့မျက်နှာအမူအရာ

ငြင်းတာထက်ပိုဆိုးတာက ငြင်းပယ်သူရဲ့မျက်နှာချီ မျက်နှာထားပါ။ လုပ်မပေးနိုင်ရင် ဘာ့ကြောင့် မလုပ်ပေး နိုင်ရတယ်ဆိုတာကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်သင့်တာပါ။ အငြင်းခံလိုက်ရပေမယ့် စိတ်ချမ်းသာ ကိုယ်ချမ်း သာနဲ့ အငြင်းခံရတာမျိုးပေါ့။ အခုတော့ အောက်သိုးသိုး မျက်နှာ၊ တုံးတိတိလေသံ၊ အံကြိတ်ထားသလား အောက် မေ့ရလောက်အောင် တင်းနေတဲ့ မျက်နှာထားမျိုးနဲ့ ဆက်ဆံလွှတ်လိုက်တော့ နားမလည်နိုင်အောင် ဖြစ်ရတယ်။ ဒီကိစ္စမှာ ကိုယ်များ ဘာမှားသွားပြီလဲဆိုတာကို တော်တော်စဉ်းစားယူရတယ်။ ပြီးတော့ မူဘောင်နဲ့ ကိုက် မကိုက်၊ ဥပဒေနဲ့ညီ မညီကလည်း ဘာမှတော့ အငြင်းပွား နေရမယ့် အရာမျိုး မဟုတ်ပါဘူး။ သံသယရှိတယ်ဆိုဦး တော့ ကိုယ့်အထက်လူကြီးကို ဖုန်းလေးဘာလေးဆက်ပြီး မေးကြည့်လိုက်ရင်ပြီးနေတဲ့ဟာ။

ဒီအဖြစ်အပျက်နဲ့နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရချိန်မှာ နိုင်ငံ့ဝန်ထမ်းလောကအတွက် ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိနေပါသေးလားဆိုတာကို တွေးမိလာတယ်။ ဒီအဖြစ်အပျက်ထဲမှာ “ငါ့ကိုမှ ဒီလို လုပ်ရက်လေခြင်း” ဆိုတဲ့ ငါစွဲတွေများနေ၊ မနေကိုလည်း သေသေချာချာတော့ ဖွင့်ဖောက်စစ်ဆေးကြည့်မိပါရဲ့။ ကိုယ့်ကို ဒီလိုလုပ်လို့၊ မလုပ်လို့ဆိုတာထက် တခြားပြည်သူတွေဆိုရင် သူဘယ်လိုများ ပြောဆိုဆက်ဆံနေပါလိမ့်မလဲဆိုတဲ့ အတွေး ကြောင့် စိတ်ကသိကအောက်ဖြစ်နေတာက ပိုပါတယ်။ တကယ်ဆိုရင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်း။ ဒီဝန်ထမ်းတစ်ယောက်က ကိုယ့်ဆီကို ဝန်ဆောင်မှု လာတောင်းတဲ့သူကို ဒီလိုပဲ ဆက်ဆံ ရသတဲ့လား။ ဒီလိုပဲ ဘူးကန်ပြီး အပြတ်ငြင်းလွှတ်လိုက် ရသတဲ့လား။ ဒီလိုပဲ မှုန်တေတေ ရှစ်ခေါက်ချိုးမျက်နှာနဲ့ ဆက်ဆံရသတဲ့လား။ ဒီလိုပဲ ခနဲ့သံ ရွဲ့သံနဲ့ ပြောရသတဲ့လား။ လားပေါင်းများစွာသော မေးခွန်းတွေက ကိုယ်တစ်ယောက်တည်း စိတ်ထဲကပြော၊ ကိုယ်တစ်ယောက်တည်း စိတ်ထဲကကြားပြီး နားထဲမှာ ပဲ့တင်သံတွေ ထပ်နေခဲ့တယ်။ “သူ တခြားလူ တွေကိုလည်း ဒီလိုပဲ အမြဲဆက်ဆံနေတာများလားမသိ ဘူး” ဆိုတဲ့အတွေးကလည်း စိုးရိမ်စိတ်အဖြစ် ပြောင်းလာ ခဲ့တယ်။

ဝန်ထမ်းယန္တရားကို ပြောင်းလဲဖို့ဆိုရင်

တစ်လျှောက်လုံး စဉ်းစားခဲ့ဖူးတဲ့အတွေးက ဝန်ထမ်းယန္တရားကို ပြုပြင်ပြောင်းလဲနိုင်ဖို့ဆိုရင် ဥပဒေတွေကို ပြင်မှရမယ်၊ တာဝန်တွေပေးရမယ်၊ တာဝန်နဲ့ လိုက်လျော ညီထွေဖြစ်တဲ့ လုပ်ပိုင်ခွင့်တွေလည်း အပ်နှင်းရမယ်၊ ယုံယုံ ကြည်ကြည်နဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ ပေးရမယ်၊ လုံလောက်တဲ့ ထောက်ပံ့ချီးမြှင့်မှုတွေလည်း လုပ်ရမယ်၊ ဒါမှသာ ရှေ့ကို အင်နဲ့အားနဲ့ ခရီးဆက်ရင်း ပြုပြင်ပြောင်းလဲနိုင် မယ်လို့ ယုံကြည်ထားခဲ့တာ။ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ မပြင်နိုင်သေးသမျှတော့ ဒါ့ထက် ဘာများပိုပြီးတတ်နိုင်ဦးမှာမို့လဲလို့ တစ်ချိန်က ထင်ခဲ့မိသေးတာ။ “ငါတို့ပေးထားတဲ့ လစာစားနေပြီးတော့ ငါတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံစမ်းပါ၊ ငါတို့ခိုင်းတာကို လုပ်စမ်းပါ” ဆိုတဲ့ အပေါ်စီးလေသံမျိုး ကြားရလေ တိုင်း မခံမရပ်နိုင်တွေတောင် ဖြစ်ခဲ့မိသေးတာ။ ဝန်ဆောင်မှု အရည်အသွေးဆိုတာ ပြဋ္ဌာန်းသတ်မှတ်ချက်တွေ မပြင် နိုင်သမျှ ဘာမှကို အရည်အသွေးမြှင့်လို့ မရနိုင်ဘူးလို့ကို ထင်ခဲ့မိသေးတာ။ အခုကျမှ “ဪ၊ ဒီလိုလည်း မဟုတ် သေးပါလား၊ ဒီဥပဒေ၊ ဒီလုပ်ထုံးလုပ်နည်းဘောင်အတွင်းကနေပဲ ဝန်ဆောင်မှုအရည်အသွေးကို ဒီထက် မြှင့်လို့၊ နှိမ့်လို့ ရနိုင်သေးပါလား”ဆိုတာကို နားလည်လာမိတယ်။

တကယ်တော့ ဝန်ထမ်းဆိုတာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့် ညွှန်ကြားချက်တွေကို သွေဖည်ပြီး လုပ်ကိုင်ဆုံးဖြတ်ခွင့်ရရိုးထုံးစံ မရှိပါဘူး။ ပြဋ္ဌာန်းထုတ်ပြန်ထားတဲ့ အရာတွေနဲ့အညီပဲ လုပ်ကြ ကိုင်ကြရတာပါ။ ဒီအချိန်မှာ ဝန်ဆောင်မှုရလိုသူတွေက ကိုယ်နဲ့ဆိုင်တာကို အကူအညီတောင်းချင်ရင်လည်း လာတောင်းမယ်။ ဒါမှမဟုတ် ကိုယ်နဲ့ ဘာမှမအပ်စပ် တာကြီးကိုမှ ဆောင်ရွက်ပေးဖို့ အရေးဆိုလာတာမျိုးလည်း လုပ်ချင်လုပ်မယ်။ ဒါ ဘာမှပြဿနာမရှိပါဘူး။ ကိုယ်နဲ့ဆိုင်တဲ့အပိုင်းဆိုရင် ကိုယ်တာဝန်ယူပေးလိုက်ရုံပါပဲ။ ကိုယ်နဲ့မဆိုင်တာဆိုရင်လည်း ဘယ်ကိုသွားပါ၊ ဘယ်သူနဲ့ တွေ့လိုက်ပါဆိုတာမျိုးကို လမ်းညွှန်ပေးလိုက် ရုံပါပဲ။ အဲဒီမှာအရေးကြီးတဲ့အချက်က ကိုယ်ဟန်အမူ အရာနဲ့ မျက်နှာချီ မျက်နှာထား၊ လေယူလေသိမ်းတွေပါ။

အပြုံးဝန်ဆောင်မှု

တစ်ခုခုလုပ်ပေးတယ်၊ ဝန်ဆောင်မှုပေးတဲ့သူက ပြုံးပြုံးလေးပြောဆိုနေတော့ ကြားရမြင်ရတဲ့သူက စိတ် ချမ်းသာနေတယ်။ ကိုယ့်မူကိုယ့်ဘောင်နဲ့ မကိုက်လို့ ငြင်းကြမယ်ဆိုတော့လည်း အေးအေးဆေးဆေးနဲ့ လိပ်ပတ်လည်အောင်၊ ဟိုတစ်ဖက်ကလူ သေသေချာချာနားလည်သွားအောင် တည်ငြိမ်အေးဆေးတဲ့ လေသံနဲ့၊ လှိုက်လှဲပျူငှာတဲ့ အမူအရာနဲ့ ပြောလိုက်ဆိုလိုက်မယ် ဆိုရင် ဟိုတစ်ဖက်ကလည်း ကျေနပ်သွားမှာပါ။ အခု တော့ ဒီလိုမဟုတ်ဘဲ ဆောင့်ကြီးအောင့်ကြီး ဝုန်းဒိုင်းကြဲနေ တတ်ကြတာတွေ တော်တော်များများမှာ တွေ့နေရပါ တယ်။ ဒါ အမြန်ပြင်ရမယ့်ကိစ္စပါ။

ဒီနေရာမှာ တချို့လူတွေရဲ့ခံယူချက်တွေ လွဲနေတာကိုလည်း ပြန်တည့်မတ်ပေးစရာ ကောင်းပါတယ်။ “ကိုယ့် ခွင်ထဲရောက်လာလို့မှ အထာမကိုင်နိုင်ရင် လူညံ့ကြီးဖြစ် သွားမှာပေါ့” ဆိုတာမျိုး ပြောတတ်ကြတယ်။ ကိုယ်လုပ် ပေးစရာရှိတာကို အမြန်ဆုံးနည်း၊ အကောင်းဆုံးနည်း လမ်းနဲ့ လုပ်ပေးလိုက်ရတာကို တန်ဖိုးမထားတတ်ဘဲ ဖြစ်နေကြတယ်။ အလွယ်တကူနဲ့ ထိုးလို့ရနိုင်မယ့် လက်မှတ်လေးတစ်ချက်အတွက် “မနက်ဖြန်မှလာခဲ့ပါ” တို့၊ “ဒီတစ်ပတ်အတွင်းတော့ အားမှာကိုမဟုတ်သေးဘူးဗျ” တို့နဲ့ အချိန်ဆွဲနေတတ်တာမျိုး။ ပြောကြသေးတယ်။ “လူဆိုတာ ကိုယ့်တန်ဖိုးကိုယ် ထိန်းတတ်မှ တစ်ဖက်က နားလည်မှာ” တဲ့။ ကိုယ့်တန်ဖိုးကိုယ် ထိန်း တယ်ဆိုတဲ့ စကားလုံးကတော့ ဘာမှငြင်းစရာမရှိပါဘူး။ အတော်ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် အဲဒီတန်ဖိုးဆိုတဲ့ စကားလုံးအပေါ်မှာ အဓိပ္ပာယ်ဖွင့်ဆိုပုံက လွဲနေတယ်။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တစ်ခုကို ဘာမှ ဆရာစတိုင်နဲ့ အထာကိုင်မနေဘဲ ရှောရှောရှူရှူလုပ်ပေးလိုက်ရတာမျိုးကို “အလို့ ခံလိုက်ရတယ်” လို့ သဘောပိုက်သူတွေ ရှိနေသေးတယ်။ နည်းနည်းလေး ရစ်ထားလိုက်ရမှ၊ ကျစ်ထားလိုက်ရမှ ကိုယ့်တန်ဖိုးက တက်လာပြီး ဟို တစ်ဖက်က ခခယယဖြစ်လာမယ်၊ လက်ဆောင်ပဏ္ဏာတွေ၊ ဘာတွေ ဆက်သွင်းလာမယ်ဆိုတာမျိုး တွေးခေါ် နေသူတွေက ရှိနေတယ်။ ဒီလိုတွေးရင်းကတစ်ဆင့် လုပ်ရပ်တွေကလည်း လွယ်တာကို ခက်အောင်လုပ်၊ မြန်တာကိုကြာအောင်လုပ်ဆိုတဲ့ ဒဿနမျိုးတွေ သူတို့ ခေါင်းထဲ စွဲသွားကြတော့တာ။

တန်ဖိုးဆိုတာကိုသာ တကယ်နားလည်သဘော ပေါက်လာခဲ့ရင် ဒီလိုကျစ်တာ၊ ရစ်တာတွေ၊ ဟိန်းဟောက် မာန်ဖီနေတာတွေက ကိုယ့်တန်ဖိုးကို တက်မလာစေဘဲ ကျသထက် ကျသွားစေတယ်လို့သာ လက်ခံရမှာပါ။ လုပ်နိုင်တဲ့ အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်ကြရမှာပါ။ ကိုယ်ပေးနိုင်တဲ့ ဝန်ဆောင်မှုကို အဆင် အပြေဆုံးဖြစ်အောင် လုပ်ပေးကြရမှာပါ။

နိုင်ငံ့ဝန်ထမ်းနဲ့ ပုဂ္ဂလိကဝန်ထမ်း

နိုင်ငံ့ဝန်ထမ်းယန္တရားနဲ့ ပုဂ္ဂလိကယန္တရား အဓိကကွာနေတာ ဒီဆက်ဆံရေးကိစ္စကြီးကလည်း ကြီးကြီးမား မားကိစ္စရပ်ကြီးတစ်ခုအနေနဲ့ ပါဝင်နေလိမ့်မယ်လို့ ထင်ပါတယ်။ ပုဂ္ဂလိကဝန်ထမ်းတွေလည်း သူတို့မပေးနိုင်တဲ့ ဝန်ဆောင်မှုသွားတောင်းရင် မပေးပါဘူး။ ရေခဲမုန့်ဆိုင်မှာ အကြော်သွားဝယ်ရင် သူတို့ဆိုင်က အကြော်မရောင်းတဲ့ အကြောင်းပဲ ပြောလိုက်မှာပါပဲ။ ဒါပေမယ့် ဘာကွာသလဲ ဆိုတော့ ပြောတဲ့ဆိုတဲ့ လေယူလေသိမ်းကွာသွားပါတယ်။ ဒီတော့ အပြောခံရသူက ကျေနပ်ပြီးပြန်လာတယ်။ အမှန်တော့ သူအငြင်းခံလိုက်ရတာ။ သူသွားဝယ်တဲ့အကြော်ကို မရောင်းလိုက်ဘူး။ မရောင်းဆို ရှိမှမရှိတာ။ မရှိမှန်း ကလည်း အခုသိသွားပြီ။ ဒါ့အပြင် မရှိကြောင်း၊ မရောင်း ကြောင်းပြောလိုက်တဲ့သူရဲ့ ကိုယ်နေဟန်ထား၊ မျက်နှာ အမူအရာနဲ့ လေယူလေသိမ်းက သိမ်မွေ့ညင်သာနေတော့ အငြင်းခံရတာကိုက စိတ်ချမ်းသာစရာဖြစ်နေတာ။ ပုဂ္ဂလိကဘဏ်တစ်ခုကို၊ စျေးဝယ်စင်တာတစ်ခုကို ဝင်သွားလိုက်တာနဲ့ မင်္ဂလာပါခင်ဗျာတို့၊ မင်္ဂလာပါရှင်တို့ ဆိုတဲ့အသံက စကြားလိုက်ရတော့တာ။ ကျန်တာတွေ ဘာမှမဝယ်ရ၊ မမေးရသေးခင်ကို မင်္ဂလာပါဆိုပြီး ပြုံးပြ လိုက်တာလေးနဲ့တင်ကို နည်းနည်းတော့ ကျေနပ်သွားတာ။ စိတ်ချမ်းသာသွားတော့တာ။

နိုင်ငံ့ဝန်ထမ်းတွေကိုလည်း ပုဂ္ဂလိကဝန်ထမ်းတွေလိုပဲ ချိုသာပျော့ပျောင်းတဲ့ ဆက်ဆံရေးရှိသူတွေ ဖြစ်စေ ချင်ပါတယ်။ နေရာတကာ တွေ့ကရာလူကို အောက်ကျို့၊ မျက်နှာချိုသွေးပြီး ကပ်ဖားရပ်ဖားလုပ်နေရမယ်လို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ မချိုမချဉ်အပြုံးပြုံးဖို့ ပြောတာလည်း မဟုတ်ပါဘူး။ ကြာကြည့်အကြည့်ခိုင်း တာလည်း မဟုတ်ပါဘူး။ သိက္ခာရှိရှိ၊ ခိုင်ခိုင်မာမာရပ် တည်ပါ။ တည်တည်ငြိမ်ငြိမ်ပြောဆိုပါ။ လုပ်ပေးနိုင်တာ ကို လုပ်ပေးနိုင်ကြောင်း၊ မလုပ်ပေးနိုင်တာကို မလုပ်ပေး နိုင်ကြောင်း ရှင်းလင်းတိကျမှုအပြည့်နဲ့ ပြောလိုက်စမ်း ပါ။ လုပ်မပေးနိုင်တာကို လုပ်ပေးနိုင်လေဟန်နဲ့ ညာနေဖို့လည်း မလိုပါဘူး။ လိုရင်းကတော့ မမောက်မာဖို့ပါပဲ။ အလုပ်ကိစ္စနဲ့၊ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဗလုံးရှုပ်ထွေးရောပြီး ကိုယ့်ရုံးထဲဝင်လာတဲ့သူကို အော်ဟစ်မလွှတ် လိုက်မိဖို့ပါပဲ။ တကယ်ပါ။ တချို့က ရုံးထဲဝင်လာတဲ့သူ ကို အသားလွတ်ကြီး ငေါက်ငမ်းနေတာ။ ဟိုတစ်ဖက်က အငေါက်သာခံနေရတာ၊ ကိုယ့်မှာ ဘာအပြစ်ရှိလို့ အငေါက် ခံနေရမှန်းကို နားမလည်ဘူး။ ပြန်ပြောလိုက်ရင် ကိုယ့်ကိစ္စ လေး ချောင်အထိုးခံလိုက်ရမှာစိုးလို့သာ မချိသွားဖြဲ လုပ်ပြနေရတာ။ စိတ်ထဲကတော့ အတော့်ကို စိတ်ပျက် နေလှပြီ။ ဟိုတစ်ဖက်လူက ဘာမဆိုင် ညာမဆိုင်နဲ့ ကိုယ့်မကျေနပ်ချက်တွေကို သူကခံသွားရတာ။ သူ့မှာ ဘာအပြစ်မှရှိတာ မဟုတ်ဘူး။ ဒါနဲ့တင်ကို အားနာဖို့ ကောင်းလှပြီ။

အပြုံးလက်ဆောင်

ဒီစာကိုဖတ်ပြီး “ဝန်ထမ်းအားလုံး ဒီလိုတွေ ဖြစ်နေလို့လား၊ တစ်ယောက်နှစ်ယောက်ကလေး တွေ့ရတာနဲ့ ဒီလိုမပြောပါနဲ့” လို့တော့ လာပြီးရန်ထောင်ချင် ထောင်ကြ ဦးမှာပါ။ ဒါပေမယ့်လည်း ဘယ်ပုဂ္ဂလိကဝန်ထမ်းကမှ သူ့ဆိုင်၊ သူ့လုပ်ငန်းခွင်ထဲ ရောက်လာတဲ့သူကို အော်တာ၊ ငေါက်တာ၊ ခနဲ့တာ၊ ရွဲ့တာတွေ လုပ်မလွှတ်ပါဘူး။ ပြုံးနေ တဲ့သူတွေသာ အတွေ့ရများပါတယ်။ သူတို့လည်း အမြဲ ပျော်နေကြတယ်လို့တော့ မထင်ပါဘူး။ သေချာတာက တော့ သူတို့ကို ကြည့်လိုက်ရင် စိတ်ကိုချမ်းသာသွားတယ်။ သူတို့တောင် အမြဲပြုံးနေနိုင်သေးရင် ကိုယ်လည်း ပြုံးနိုင်ရမှာပေါ့။ သူတို့တောင် ယဉ်ကျေးနိုင်ကြသေးရင် ကိုယ်တို့လည်း ယဉ်ကျေးနိုင်ကြရမှာပေါ့။ သူတို့တောင် သူတို့ဖောက်သည်ကို စိတ်ချမ်းသာအောင် ထားနိုင်သေးရင် ကိုယ်ကလည်း ကိုယ့်ရုံးရှေ့ရောက်လာတဲ့သူကို အဆင်ပြေအောင် ဆက်ဆံနိုင်ကြရမှာပေါ့။ အနည်းဆုံးတော့ မောလာသူကို ရင်ဝဆောင့်မကန်မိအောင် ထိန်းနိုင်သိမ်းနိုင် စောင့်စည်းနိုင်ကြရမှာပေါ့။
လူတစ်ယောက်ဟာ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် မကြာမကြာလုပ်နေမိရင် ကိုယ့်ရဲ့မူပိုင်အလေ့အကျင့်တစ်ခုလို စွဲလာတတ်ပါတယ်။ အမှတ်တမဲ့ကနေ ပြန်ဖျောက်လို့မရ လောက်အောင် စွဲလာတတ်တဲ့သဘောရှိပါတယ်။

စွဲချင်းစွဲရင် ကောင်းတာတွေစွဲအောင် ကြိုးစားလိုက် ကြစမ်းပါ။ ရှစ်ခေါက်ချိုးမျက်နှာထားကနေ ပြုံးပြုံးလေး နေတတ်တဲ့သူဖြစ်လာအောင် တဖြည်းဖြည်း လေ့ကျင့် ယူလိုက်ကြစမ်းပါ။

“ဟာ၊ မင်းဟာကလည်း အသားလွတ်ကြီး ပြုံးခိုင်းနေတာပါလားဟ၊ ကြာရင် ငါတို့တွေ စိတ်နုနေတယ်လို့ များ အပြောခံနေရပါဦးမယ်ကွာ”လို့များ ပြောကြမလားတော့ မသိပါဘူး။ ဘာပဲပြောပြော ပြုံးကြစေချင်တာကတော့ အမှန်ပါပဲ။ ပြုံးနေတဲ့သူတွေရှိနေတဲ့ ပတ်ဝန်းကျင်ကို ရောက်လာရသူအတွက် သူတခြားဘာမှရမသွားဘူး ဆိုရင်တောင် စိတ်ချမ်းသာမှုလေးတော့ ရသွားမှာပါ။ ။