ပုလဲမြို့နယ်တွင် တရားမဝင်သစ် ၈ တန်ကျော် ဖမ်းဆီးရမိ

ပုလဲမြို့နယ်တွင် တရားမဝင်သစ် ၈ တန်ကျော် သယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီးကို  ယနေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားမဝင် သစ်များ ခုတ်လှဲခြင်း၊ ခိုးယူခြင်း၊ သယ်ဆောင်ခြင်း လုပ်ငန်းများကို  တားဆီးကာကွယ်   ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်က တရားမဝင် သစ် ၈ တန်ကျော် သယ်ဆောင်လာသော မော်တော်ယာဉ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပုလဲမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် ဝန်ထမ်းများ၊ ပုလဲမြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူး မြင့်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်နှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၅ နာရီက  ပုလဲမြို့အထွက် ပုလဲ-ဂန့်ဂေါ ကားလမ်းဘေးရှိ  ဌာနဆိုင်ရာ  ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် သစ်များ ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးဆောင်ရွက်နေစဉ် ဦးဇော်နိုင်ထွန်း (၄၂)နှစ် (ဘ) ဦးမိုးကို မောင်းနှင်ပြီး ကိုဝင်းကျော် (၃၃)နှစ် (ဘ) ဦးမြတ်ကျော် လိုက်ပါလာသည့် ၁၀ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ကျွန်းသစ်ခွဲသား ဆိုဒ်ဆုံ ၁၃၆ ချောင်း (၅ ဒသမ ၇၅၉၈) တန်နှင့် ပျဉ်းကတိုးသစ်ခွဲသား ဆိုဒ်စုံ ၈၂ ချောင်း (၂ ဒသမ ၉၉၈၆) တန်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

ဖမ်းဆီးရမိသော သစ်များကို ပုလဲမြို့နယ် သစ်တောဦးစီးဌာနတွင် ထိန်းသိမ်းထားရှိပြီး ယာဉ်မောင်းဖြစ်သူ ဦးဇော်နိုင်ထွန်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူ ကိုဝင်းကျော်တို့အား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)