ပုဇွန်တောင်ဈေး ရောင်းဝယ်ဖောက်ကားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ မြို့တော်ဝန်ကွင်းဆင်းစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၇


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် ၆ ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ ပုဇွန်တောင်ဈေးသို့ သွားရောက်၍ ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှု၊ ဈေးရုံများကြံခိုင်ကောင်းမွန်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက် ထားမှုတို့ကို  လိုက်လံကြည့်ရှုစစ်ဆေးပြီး ဟင်းသီးဟင်းရွက်နှင့် အသား/ငါးများ သန့်ရှင်းလတ်ဆတ်စေရေးနှင့် အလေးချိန်ခွင် တိကျမှန်ကန်စွာရောင်းဝယ်ရေး၊ ဈေးအတွင်းရှိ ပျက်စီးယိုယွင်းနေသည့် ဈေးရုံများ ဘဏ္ဍာရေးနှစ် အလိုက်ပြုပြင် တည်ဆောက်သွားရေး၊ အသား/ ငါးရုံများ သန့်ရှင်းရေးနှင့်  ရေစီးရေလာကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 

ယင်းနောက် ပုဇွန်တောင်ဈေး အနောက်ဖက် ပုဇွန်တောင်ချောင်းနှင့်သဲဖြူချောင်း ဘေးသံပန်းပါဝင်သော ခြံစည်းရိုး ကာရံခြင်းနှင့် မြေတားနံရံကာရံခြင်းလုပ်ငန်းခွင်သို့ သွား‌ရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ခန်းမ မြေညီထပ်ရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဝန်ထမ်းသက်သာ အရောင်းဆိုင်တွင် ဝန်ထမ်းများ ဈေးဝယ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ဝန်ထမ်းသက်သာအရောင်းဆိုင်တွင် ဆန်အချော ၅ ပြည်အိတ် တစ်အိတ်လျှင်  ငွေကျပ်၂၂၅၀၀ ၊ ဆန်ဖြူ ၅ပြည်အိတ် တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀ ၊ ကြက်ဥ ဆယ်လုံး ၂၂၀၀ ၊ ဘဲဉ ဆယ်လုံး ၃၂၀၀ ၊ ကြက်သွန်နီ ၅၀ ကျပ်သား ၁၈၀၀၊ အာလူး ၅၀ ကျပ်သား ၁၃၀၀ ၊ ဆားအုန်းဆီ ၅၀ ကျပ်သား တစ်ဘူး ၂၅၀၀ ၊ ဟင်းရွက်ဆီ ၅၀ ကျပ်သား တစ်ဘူး ၄၈၀၀ နှုန်းဖြင့်အခြား မီးဖိုချောင်သုံးပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)