ပုဂံမြို့မှ အလှစီး လှည်းယာဉ်များအား ပြည်ပဧည့်သည်များ စိတ်ဝင်စား

ပုဂံ ၁၀ ဖေဖော်ဝါရီ

 

မြန်မာ့ရှေးဟောင်း သမိုင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ ပြည်တွင်းပြည်ပမှ ဧည့်သည်များ နေ့စဉ်လာရောက် လည်ပတ်ကြလျက်ရှိရာ ပုဂံမြို့မှ အလှစီး လှည်းယာဉ်များကို ပြည်ပခရီးသည်များ စိတ်ဝင်စားမှု များပြားကာ ငှားရမ်းစီးကြလျက် ရှိသည်ဟု သိရသည်။

 

 

 

“လှည်းယာဉ်ကတော့ ပြည်ပခရီးသည်တွေ ငှားစီးကြတာ များတယ်။ ကျွန်တော်တို့ ပြည်တွင်း ဧည့်သည်ကတော့ ငှားစီးတာ နည်းတယ်။ လှည်းယာဉ်တစ်စီးကို ၂ ယောက်စီးလို့ ရပါတယ်။ စီးခငွေ ကျပ်တစ်သောင်းပါ။ ဘုရားတစ်ဆူနဲ့ တစ်ဆူကြား တစ်ကြောင်းစာ မောင်းပြီး ပို့ပေးရတာပါ။” ဟု အလှစီး လှည်းယာဉ်ပိုင်ရှင် ဦးပိုက်က ပြောသည်။    

 

ပုဂံမြို့ဟောင်းတွင် လှည်းယာဉ်ပိုင်ရှင်များမှ လှည်းယာဉ်အသင်း ဖွဲ့စည်းထားရှိပြီး လှည်းယာဉ် ၂၅ စီးခန့် ရှိသည်ဟု သိရသည်။ လှည်းယာဉ် အစီးရေ နည်းပါးသည့်အတွက် မြင်းလှည်းများကဲ့သို့ ဂိတ်ထိုး ရပ်နားထားခြင်း မရှိဘဲ လှည်းယာဉ် စီးလိုပါက လှည်းယာဉ်ခေါင်းဆောင်နှင့် ချိတ်ဆက် ဆက်သွယ် ငှားရမ်းရသည်ဟု သိရသည်။

 

“လှည်းယာဉ် စီးချင်ရင် လှည်းခေါင်းကို ဖုန်းဆက်ပြီး ဆက်သွယ်လာတာပါ။ ခရီးသွား ကုမ္ပဏီတွေက လှမ်းပြီးချိတ်လာတာပါ။ နွားလှည်းစီးချင်ရင် မြင်းလှည်းလိုတော့ တန်းပြီးမရဘူး။ ၂ ရက် ၃ ရက်လောက် ကြိုပြောရတယ်။ လှည်းက ၂၀ ကျော်လောက်ပဲ ရှိတာပါ ခေါ်တဲ့အချိန် တိုက်နေရင်တော့ မရဘူး။ မြင်းလှည်းတွေကတော့ လှည်းအစီးရေများတော့ စီးချင်လို့ခေါ်ရင် တန်းခေါ်လို့ရတယ်။ ကျွန်တော်တို့ နွားလှည်းကတော့ ရက်ကြိုပြောရတယ်။ နွားလှည်းစီးရေက နည်းလို့ပါ။” ဟု ပုဂံမြို့ဟောင်းမှ လှည်းယာဉ်ခေါင်းဆောင် ဦးထွန်းအေးက ပြောသည်။

    
အိမွန်ဆွေ(ရေစကြို)