ပုဂံဒေသရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ အောင်ပွဲဖြစ်ပါတယ် (ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို)

သတင်း- သီသီမင်း

ဓာတ်ပုံ- နေလင်း

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ကြောင်း ဇူလိုင် ၆ ရက်က ကြေညာခဲ့သည်

ထိုသို့ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ကြေညာခဲ့ခြင်းနှင့်ပတ်သက်၍ ဒေသခံများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်-

 

mdn

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပတဲ့ (၄၃) ကြိမ်မြောက် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးမှာ ပုဂံဒေသကြီးကိုနိုင်ငံအဆင့်၊ အမျိုးသားအဆင့်ကနေပြီးတော့ ကမ္ဘာ့အဆင့်အဖြစ်နဲ့ အသိအမှတ်ပြုလိုက်တာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ကန့်ကွက်သူမရှိ အတည်ပြုကြေညာ လိုက်နိုင်ခဲ့ပါတယ်။ တစ်တိုင်းပြည်လုံး ရဟန်းသံဃာတွေရော၊ ပြည်သူတွေပါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရတယ်။ ပုဂံဒေသရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ အောင်ပွဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အစိုးရနဲ့ပြည်သူ လက်တွဲဆောင်ရွက်မှုရဲ့ရလဒ်ပဲဖြစ်ပါတယ်

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။ သို့သော် ၂၀၁၄ ခုနှစ်ကစပြီး ယူနက်စကို ပညာရှင်တွေနဲ့ ယူနက်စကိုရဲ့ နည်းပညာပိုင်းဆိုင်ရာရော ငွေကြေး ဆိုင်ရာရော၊ ဂျပန်နိုင်ငံ၊ ကိုရီးယား၊ အီတလီ စသဖြင့်နိုင်ငံများက ပညာရှင်တွေ အကြိမ်ကြိမ်ညှိနှိုင်းပြီးတော့မှ ပုဂံဒေသကို အမွေအနှစ်အဖြစ်နဲ့ စာရင်းတင်သွင်းခဲ့တာပါ။ အဲဒီလိုတင်သွင်းဖို့အတွက်ကို အတွဲ ၁၊ အတွဲ ၂၊ အတွဲ ၃၊ အတွဲ ၄ စသဖြင့်စာမျက်နှာ၂၀ဝဝ ကျော်ပါတဲ့ ပုဂံတည်ကတည်းကစလို့ ယနေ့အချိန်အထိ သမိုင်းအထောက်အထားတွေနဲ့ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းဆောင်ရွက်ပြီး အပင်ပန်းခံကာ ဆောင်ရွက်ခဲ့ကြတယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့အတွက် ပုဂံဒေသဟာ အောင်မြင်မှုရသွားပါပြီ။ ဒါဟာ အစိုးရနဲ့ ပြည်သူတွေရဲ့ ညီညွတ်တဲ့ရလဒ်ဖြစ်ပါတယ်။

 

mdn

ဦးသက်လွင်တိုး(ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း)

အခုဆို ပုဂံကို မြန်မာတွေချည်းပဲမပိုင်တော့ဘူး၊ ကမ္ဘာကပါ ပိုင်ဆိုင်သွားပြီ။ ပိုင်သွားတဲ့အခါကျတော့သူ့ရဲ့ အထောက်အပံ့တွေရှိမယ်၊ စီမံချက်တွေရှိမယ်။ ကိုယ်လုပ်ချင်တိုင်း ကိုယ့်သဘောကိုယ်ဆောင်လို့ မရတော့ဘူး၊ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အမွေအနှစ်ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့က စနစ်တကျ ထိန်းသိမ်းတဲ့နည်းလမ်းနဲ့ သွားရမယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့လုပ်ရမယ်။ ကျွန်တော်တို့မှာက ၂၀ဝ၈ ခုနှစ်ကတည်းက ဥပဒေရှိတယ်။ ပုဂံနဲ့ပတ်သက်တဲ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ဥပဒေရှိတယ်။ ဒီဥပဒေ အတိုင်း သွားရမှာဆိုတော့ ဥပဒေနဲ့ကွဲလွဲနေရင်လည်း ပြန်လည်ညှိနှိုင်းပြီးတော့ ပြင်ဆင်ရမယ့် ကဏ္ဍတွေလည်း လုပ်ရမှာပါ။

ကျွန်တော်တို့ဘာမှ ကြော်ငြာစရာမလိုဘဲနဲ့ ပုဂံကို လေ့လာချင်တဲ့သူတွေ၊ လည်ပတ်ချင်တဲ့သူတွေ၊ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ လာတော့မယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ယူနက်စကို စာရင်းဝင်ဖြစ်သွားတဲ့ နေရာတွေဟာ ခရီးသွားအတွက်ရော၊ ဒေသနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော များစွာအထောက်အကူပြုတယ်။ ဒါကို ကြိုဆိုနေရုံနဲ့မရဘူး၊ လေးစားလိုက်နာဖို့၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ကမ္ဘာ့အမွေအနှစ် ဝင်တယ်ဆိုတာ ပုဂံမှာရှိတဲ့ဘုရားစေတီတွေကိုပဲ ပြောတာ မဟုတ်ဘူး၊ ဒီဒေသမှာ နေထိုင်သွားတဲ့သူတွေ၊ ယဉ်ကျေးမှုတွေ၊ နံရံတွေက ပြောတဲ့သမိုင်းတွေကို အသိအမှတ်ပြုတာ၊ ဒီဟာတွေကိုထိန်းသိမ်းဖို့ လိုသလို ဒီဟာတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ပုဂံဖြစ်အောင် ဆောင်ရွက်သွားဖို့လုပ်တာ ဖြစ်ပါတယ်။

 

mdn

ဦးဝင်းဇော်မြင့်(မန်နေဂျာ၊ ရွှေကံ့ကော် တည်းခိုရိပ်သာ၊ ပုဂံမြို့သစ်)

ကျွန်တော်တစ်ယောက်တည်းတင် မဟုတ်ပါဘူး၊ မြို့ခံတွေအားလုံး အတိုင်းထက်အလွန် ဝမ်းသာတာပါ။ ပုဂံမြို့သာမက မြို့သူမြို့သားတွေပါ တိုးတက်လာမယ်လို့ မျှော်လင့်တယ်။ ပုဂံကို ယူနက်စကိုဝင်ပြီလို့ ကြေညာလိုက်တာနဲ့ နောက်နေ့မှာတင် ဧည့်သည်တွေလာဖို့ ဆက်သွယ်တာ တွေရှိလာတယ်။ အခုချိန်က ခရီးသွားရာသီ မဟုတ်တော့ ပြည်တွင်းကပဲ လာတာများတယ်၊ ယူနက်စကို ဝင်သွားပြီးတဲ့နောက် ပြည်ပဧည့်သည်တွေ ပိုပြီးဝင်မယ်လို့ မျှော်လင့်ပါတယ်။ အရင်တုန်းကတည်းက ပတ်ဝန်းကျင် သန့်ရှင်းရေးတွေလည်း လုပ်ခဲ့ပါတယ်။ အခုတော့ ပတ်ဝန်းကျင် သန့်ရှင်းမှုထိန်းသိမ်းရေးရော ရှေးဟောင်းပစ္စည်းတွေ မပျက်စီးအောင်၊ ကမ္ဘာ့အမွေအနှစ်ဝင်စာရင်းမှာ ထာဝရတည်မြဲအောင် ပိုပြီးထိန်းသိမ်းရမယ်ဆိုတဲ့ စိတ်တွေပါ ဝင်လာတယ်။

 

mdn

ဧည့်လမ်းညွှန် ဦးနိုင်ထွန်း (ပုဂံ- ညောင်ဦးဒေသခံ)

ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ နှစ်နဲ့ချီပြီး ကြိုးစားလာခဲ့တာ အခုလို ပုဂံက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားတဲ့အတွက် အလွန်ဝမ်းသာတယ်။ အမွေအနှစ်လည်း ထိန်းသိမ်းတဲ့အခြေအနေ ဖြစ်အောင်၊ ကိုယ့်ဒေသခံတွေရဲ့ အခွင့်အရေးတွေလည်း တစ်ခါတည်းပါအောင် ယူနက်စကိုရဲ့ မူဘောင်တွေကိုပြင်တယ်။ ဥပဒေတွေကိုလည်း ပြင်ဖို့ကြိုးစားတယ်။ အဲလိုကြိုးစား ရင်းနဲ့ အခုလို အောင်အောင်မြင်မြင်နဲ့ရရှိလာတာပါ။

 

mdn

ဦးအောင်ထွန်းလင်း(မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ)

ဒီလို ပုဂံဒေသ ယူနက်စကိုဝင်ဖြစ်သွားတဲ့အတွက် ကျွန်တော်က ဧည့်လမ်းညွှန်တွေကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ပုဂံဒေသ ရေရှည်တည်တံ့ရေးဟာ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နယ်မြေဖြစ်လို့ ပြုပြင်ထိန်းသိမ်းတဲ့နေရာတိုင်း အရေးပါတယ်။ ရှေးဟောင်းလက်ရာတွေကို မပျက်စီးအောင် စောင့်ရှောက်ရတော့မယ်။ ဧည့်လမ်းညွှန်အသင်း အနေနဲ့ရော သွားလာနေတဲ့ သူတစ်ယောက် အနေနဲ့ပါပြောရရင် ကမ္ဘာ့အမွေအနှစ်ဒေသကို ခရီးသွားတွေဝင်ရောက်တဲ့အခါမှာ ပုဂံ- ညောင်ဦး ဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေ အပါအဝင် ဒေသအဖွဲ့အစည်းတွေက ခရီးသွားတွေကိုအသိပညာပေးရမယ်။

မျှော်လင့်ချက်အရတော့ ခရီးသွားလုပ်ငန်းမြင့်တက်လာနိုင်ပါတယ်။ နောက်တစ်ခုက ဗီဇာဖြေလျှော့မှုတွေရှိပါတယ်။ ဧည့်သည်တွေလာရင် ကျွန်တော်တို့ဘက်က လျင်မြန်၊ မြန်ဆန်သွက်လက်တဲ့ ဝန်ဆောင်မှုမျိုး လုပ်ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုမှာဖြစ်ပါတယ်။