‘ပုဂံ’ ကမ္ဘာ့အမွေအနှစ်

၂၆ ဇူလိုင်

 

ပုဂံကို ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်လိုက်သည့်အတွက် မြန်မာနိုင်ငံသားတို့  ဂုဏ်ယူရ၊  ရွှင်မြူးဝမ်းမြောက်ဖြစ်ရခြင်းတို့နှင့်အတူ သတိထားကာ   ဉာဏ်ပညာနှင့်ယှဉ်၍ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်တို့လည်း ရှိလာခဲ့ပြီ။ ယင်းတာဝန်ကား အလွန်ပင်ကြီးမားလှသော တာဝန်ဖြစ်သည်ဟူ၍ ခံယူကြရမည်လည်း ဖြစ်ချေ၏။

 

ပုဂံ၏ အမွေအနှစ်တန်ဖိုးကလည်း စေတီပုထိုး၊ ကျောင်း၊ ဂူအစရှိသည့် အဆင့်အတန်း အလွန်မြင့်သော ဗိသုကာလက်ရာများဖြင့် ထုံလျှမ်းနေသည့် သာသနိကအဆောက်အအုံများသည် အဆောက်အအုံများအဖြစ် တည်ရှိ နေရုံသက်သက်မျှသာမက ယနေ့ထက်တိုင် ရိုကျိုးကြည်ညိုကိုးကွယ်ရာများအဖြစ်  ရှိနေဆဲဖြစ်သည်။  အာနန္ဒာဘုရားပွဲကဲ့သို့သော  ရိုးရာဓလေ့ ပွဲလမ်းများ ယနေ့ထိ ပြုလုပ်နေဆဲဒေသ ဖြစ်သည်။ ဆိုရပါလျှင် ထုနှင့် ထည်နှင့် ဆုပ်ကိုင်ဖော်ပြနိုင်သော ဒြပ်ရှိအမွေအနှစ်များရော ဓလေ့ထုံးစံ ကိုးကွယ်ယုံကြည်မှုတို့နှင့်    ဆက်စပ်နေသည့် အမူအလေ့အစရှိသော ဒြပ်မဲ့အမွေအနှစ်များပါ ကုံလုံကြွယ်ဝလှသည့် ယဉ်ကျေးမှုဒေသကြီး ဖြစ်ပါသည်။

 

ထို့ပြင်  ယခုအခါ  ပုဂံသည်  မြန်မာအမျိုးသားတို့၏    ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သာမက  ကမ္ဘာသူ  ကမ္ဘာသားတို့ကပါ    တန်ဖိုးထား မြတ်နိုးရသည့် အမွေအနှစ်များအဖြစ် သတ်မှတ်ခြင်းခံရပြီ ဖြစ်ပါသည်။

 

ထိုသို့ သတ်မှတ်ခြင်းခံရရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အတူ ပုဂံကို ချစ်မြတ်နိုးတန်ဖိုးထားကြကုန်သော ပြည်တွင်းပြည်ပက  အသိပညာရှင်  အတတ်ပညာရှင်များ၊  ပုဂံဒေသခံ ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ မြန်မာနိုင်ငံအတွင်းမှ ပုဂံချစ်သူ ပြည်သူလူထုနှင့် ပုဂံကို နှလုံးသားထဲထည့်ကာ အလေးအမြတ်ပြုကြသူ အစရှိသူ အားလုံးက ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါသည်။

 

‘ပုဂံယဉ်ကျေးမှုဒေသကို  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်  ဖြစ်ရေးအတွက်  ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့်  ပုဂ္ဂိုလ်များနှင့်  အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ညစာစားပွဲအခမ်းအနား’ ကို နေပြည်တော် တွင်  ၂၃  ဇူလိုင်၊  ၂၀၁၉  နေ့က  ကျင်းပခဲ့ပါသည်။  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများ၊    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများနှင့် ဝိုင်းဝန်းကြိုးပမ်း ကူညီခဲ့ကြသည့်  ပြည်တွင်းပြည်ပ ပညာရှင်များ၊  အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။  နိုင်ငံတော်အဆင့်  ဂုဏ်ပြုသည်ဆိုခြင်းမှာ အမွေအနှစ်များကို  တန်ဖိုးထားခြင်း၏  လေးနက်မှုကို  ဖော်ပြခြင်းပင် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ  ပုဂံယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ခဲ့ရသည်မှာ နိုင်ငံတကာအလယ်တွင် အမျိုးသားဂုဏ်သိက္ခာ များစွာမြင့်မား ခဲ့ရသည်သာမက နိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း အရေးကြီးသော အခွင့် အလမ်းများ ပိုမိုရရှိလာခဲ့ပါသည်။

 

အဇာဘိုင်ဂျန်နိုင်ငံ  ဘာကူမြို့မှာကျင်းပသည့်  (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီက  ပုဂံဒေသကို  ကမ္ဘာ့အမွေအနှစ် တစ်ခုအဖြစ် ဆုံးဖြတ်သတ်မှတ်လိုက်သည့် သတင်းထွက်ပြီးသည်နှင့် ပုဂံသို့ ခရီးသွား  ဧည့်သည်များ  ချက်ချင်းဆိုသလို  တိုးတက်များပြားလာသည်ကို တွေ့ရပါသည်။

 

ပါရီ၊ ဗင်းနစ်၊ ရောမ၊ ဘာစီလိုနာ၊ ပရာ့က်၊ ကျိုတို၊ ဆီယမ်ရိ အစရှိသည့် နိုင်ငံတကာမြို့ကြီး၏ ဝင်ငွေအလွန်ကောင်းလှသော စီးပွားရေးလုပ်ငန်းမှာ ထိုမြို့ကြီးများ၏ ယဉ်ကျေးမှု အမွေအနှစ်များအပေါ်တည်မှီသော ခရီး သွားဧည့်သည်လုပ်ငန်း ဖြစ်ပါသည်။ နိုင်ငံ၏ အမျိုးသားစုစုပေါင်းဝင်ငွေ အချိုးအဆ၏ များပြားလှသော ငွေပမာဏကို သန်းနှင့်ချီသော ခရီးသွား ဧည့်သည်လုပ်ငန်းများက ရရှိနေခြင်း ဖြစ်ပါသည်။

 

ထိုသို့ နိုင်ငံ၏ စီးပွားရေးကို အထူးတလည်ဖြည့်ဆည်းနေသည့် အနေအထားဖြစ်သောကြောင့် ထိုမြို့ ကြီးများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုဂရုစိုက်ထိန်းသိမ်းရန် တာဝန်ရှိပါသည်။ များပြားလှသော ဧည့်သည် တို့ကြောင့်  မိမိတို့အမွေအနှစ်များ  ထိခိုက်ပျက်စီးမှု  မရှိအောင်လည်း သတိပြုထိန်းသိမ်းကြရပါသည်။  ဧည့်သည် အများအပြားလာကြသည့်အတွက် ဟိုတယ်များ၊ စားသောက်ဆိုင်များကလည်း လိုအပ်လာသည်ဖြစ်ရာ ၎င်းတို့ကို  စနစ်တကျစီမံခန့်ခွဲရန်  လွန်စွာအရေးကြီးပါသည်။  ခရီးသွားလုပ်ငန်းဖြင့် အသားကျနေသော နိုင်ငံတကာမြို့ ကြီးများတွင် အမွေအနှစ်များကို မထိခိုက် မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများဖြင့် တိတိကျကျ သတ်မှတ်ထားရပါသည်။ အမွေအနှစ်များ၏ ပတ်ဝန်းကျင်ကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းကြပါသည်။

 

ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး တင်သွင်းစဉ်ကတည်းက ယူနက်စကိုအဖွဲ့အစည်း၏ နိုင်ငံတကာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာစနစ်များကို လိုက်နာရမည်ဟူသည်ကိုလည်း နားလည်ခဲ့ပြီးဖြစ်ရာ အလွန်သတိထားကြရန်လိုပါမည်။

 

ကမ္ဘာ့အမွေအနှစ်ပုဂံသာမက  မြန်မာနိုင်ငံရှိ  များပြားလှစွာသော အမွေအနှစ်တို့ကိုပါ  တိုးတက်ဖွံ့ဖြိုးရေးနှင့်  အမွေအနှစ်  ထိန်းသိမ်း စောင့်ရှောက်ရေး အချိန်အဆကို နားလည်မှုကြီးကြီး၊ ပညာဉာဏ်ကြီးကြီးဖြင့် ဆောင်ရွက်ကြရန်လည်း လိုမည်ဟု နှိုးဆော်လိုက်ရပါကြောင်း။   ။

 

မြန်မာ့အလင်း