ပြဋ္ဌာန်းထားသော ဥပဒေများကိုလူတိုင်း လေးစားလိုက်နာ

နေပြည်တော် ၁၈ နိုဝင်ဘာ 

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအနက် စိစစ်ပြီးသူများအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ပြန်လည်လက်ခံရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့ သဘောတူထားပြီးဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ယခုအချိန်အထိ ပြန်လည် ပို့ဆောင်ရေး ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

 

ယင်းကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးထားသည့် လုံခြုံစွာ၊ မိမိသဘောဆန္ဒအလျောက်နှင့် သိက္ခာရှိစွာဖြင့် နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေး နှစ်နိုင်ငံသဘောတူညီချက်အား အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားမှုအပေါ်တွင် ထပ်လောင်းကတိကဝတ်ပြုခဲ့ကြသည်။

 

နေရပ်စွန့်ခွာသူများ ပြန်လာမည်ဆိုပါက ၎င်းတို့ကိုယ်တိုင်ပြန်လိုကြောင်း ဆန္ဒပြုရမည့်အပြင် သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းလက်မှတ် ရေးထိုးရန်လည်း လိုအပ်သည်။ သို့ရာတွင် UNICEF မှ တွေ့ဆုံမေးမြန်း ထားသောလူ ၁၅၀ အပါအဝင် နေရပ်စွန့်ခွာသူ ၂၂၆၀ တို့၏ သတ်မှတ်ပုံစံများကို ပေးပို့ရာတွင် လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ထားမှုမရှိသည်ကိုတွေ့ရသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မကြာမီ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည့်အတွက် ပြန်လည်လက်ခံ  ရေးလုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း၌သာ ပြန်လည်စတင်မည်ဟုသိရသည်။

 

ပြန်လည်လက်ခံရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ နှစ်နိုင်ငံအစိုးရ၏ သဘောတူညီချက်နှင့်အညီ သက်ဆိုင်ရာနိုင်ငံ၏ ပြဋ္ဌာန်းထားသော ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။ နေရပ်စွန့်ခွာသူများကြားတွင် အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် UNHCR ကဲ့သို့ အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ထားသောပုံစံများကို အဆင်ပြေစွာဖြည့်စွက် နိုင်ရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်သည်။ ဒုက္ခသည်စခန်းများတွင် ဥပဒေနှင့်မညီသော လှုံ့ဆော်မှုများရှိနေပြီး ပုံစံဖြည့်ရန် လက်ဝယ်တွင်မရှိခြင်း၊ ပုံစံဖြည့်ခွင့် မရခြင်း၊ ပြန်လိုသူများအား တားမြစ်ခြင်း၊ အပြစ်ရှာခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အသက်အန္တရာယ်ပြုရန်ရှာခြင်းစသည်တို့ကို ပြန်လိုသူများကြုံတွေ့ခံစားနေကြရကြောင်း ကြားသိရသည်။

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်များနှင့် အညီ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာဖြင့် မိမိသဘောဆန္ဒအလျောက်ပြန်လာနိုင်ရေး တက်တက်ကြွကြွ ဆောင်ရွက် ပေးလျက်ရှိသည်။ စိစစ်လက်ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကိစ္စများကို အဆင်သင့် ဖြစ်အောင်ဆောင်ရွက်ပြီး အသင့်စောင့်ကြိုလျက်ရှိသည်။ ယင်းအခြေအနေကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းအသိပေးလျက်ရှိပြီး ဆန္ဒအလျောက်ပြန်လာလိုသောနေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံ ရန် အသင့်ရှိနေဆဲဖြစ်သည်။ ဥပဒေနှင့်အညီ လိုက်နာနေထိုင်မည့် ပြန်လာလိုသူများအား လှိုက်လှဲပျူ ငှာစွာဖြင့် ကြိုဆိုလက်ခံရန် အသင့်ရှိနေသည်။

 

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း နိုင်ငံသားများ မှီတင်းနေထိုင်ကြသူများအားလုံး လိုက်နာရန် ပြဋ္ဌာန်းထားသောဥပဒေများရှိသည်။ မည်သည့်နိုင်ငံတွင် မဆို ထိုနိုင်ငံတွင်နေထိုင်ကြသောသူများသည် ထိုနိုင်ငံက ပြဋ္ဌာန်းထားသော ဥပဒေ၊စည်းကမ်းများ အတိုင်း လိုက်နာနေထိုင်ကြရမည်ဖြစ်သည်။ ထိုအခါ လုံခြုံစိတ်ချသော နေထိုင်မှုဘဝကို ရရှိနိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဖြင့်မြန်မာနိုင်ငံတွင် နေထိုင်ကြသော မည်သူ့ကိုမဆို ဥပဒေနှင့်အညီ အကာအကွယ်ပေးလျက်ရှိသည်။ ဥပဒေနှင့်အညီ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ဥပဒေဘောင်အတွင်း အေးချမ်းစွာရပ်တည်နေထိုင်နိုင်အောင်ပူးပေါင်းကူညီ လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ။

 

ကြေးမုံ