ပထမဆုံး ကမ်းလွန်ရေနက်ပိုင်း ထုတ်လုပ်မှုစီမံကိန်း

mdn

သတင်းဆောင်းပါး - အငြိမ်းစားရေနံပညာရှင်တစ်ဦး

 

မြန်မာပြည်အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင် (West Myanmar Offshore) အောက်တွင် သဘာဝဓာတ်ငွေ့ သယံဇာတများ ခိုအောင်းနေမှုကို ရွှေသဘာဝဓာတ်ငွေ့သိုက်က သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ သယံဇာတဆိုသည်မှာ ထိုက်သူသာခံစားခွင့်ရှိသော ဆုလာဘ်တစ်ခုဖြစ်ပေရာ ယခင်နှစ်ပေါင်းများစွာက အနောက်ဘက်ကမ်းလွန်ဒေသ၏ ရေနံသယံဇာတ သမိုင်းကြောင်းကို ၂၀ဝ၄ ခုနှစ်တွင် မြန်မာ့ကမ်းလွန်၏ တတိယမြောက်ဖြစ်သော ရွှေစီမံကိန်းမှ စာမျက်နှာသစ် ဖွင့်လှစ်ပြသနိုင်ခဲ့ပါသည်။

 

မြောက်ဘက်နှင့် အရှေ့ဘက်ကုန်း မြေထုများဆီမှ ပို့ချလာသည့် အနည်ကျ ကျောက်လွှာများမှာ အနောက်ဘက်ကမ်း -လွန် ပင်လယ်ပြင်တွင် ထူထပ်စွာတည်ရှိ -နေပြီး လွန်ခဲ့သောနှစ်ပေါင်း ၅ သန်း မှ ၁၀ သန်းခန့်အတွင်း အနည်ပို့ချခဲ့သည့် ပလိုင် အိုဆင်း (Pliocene) နှင့် မိုင်အိုဆင်း (Miocene) သဲကျောက်လွှာများတွင် သဘာဝ ဓာတ်ငွေ့သိုက်များကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကုန်းတွင်းပိုင်းတွင်လည်း သက်တမ်းရင့် မိုင်အိုဆင်း (Miocene)၊ အော်လီဂိုဆင်း (Oligocene) အီယိုဆင်း (Eocene) ကျောက်လွှာများအတွင်း သဘာဝဓာတ်ငွေ့ နှင့် ရေနံတည်ရှိမှုကို ရှေးယခင်ကာလများ ကပင် သိရှိခဲ့ပြီး ယခုထက်တိုင် အနောက် ဘက်ကမ်းခြေ၊ ရမ်းဗြဲကျွန်းပေါ်တွင် ရေနံ တွင်း တိမ်ပေါင်းများစွာမှရေနံများ ဆက်လက် ထွက်ရှိနေဆဲ ဖြစ်သည်။ ကျောက်လွှာထုက ပင်လယ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဆင်း သွားလေရာ ရေနက်ပိုင်း ရောက်လေလေး ကျောက်လွှာထုမှာ ပိုနက်လေလေဖြစ်လာ ပါသည်။ မြန်မာပြည် အနောက်ဘက်ကမ်း လွန် ရေနက်ပိုင်း၏အနက်မှာ မီတာ ၂၀ဝဝ မှ ၂၅၀ဝ ခန့်အထိ နက်ရှိုင်းလှပေရာ ထိုရေ နက်ပိုင်းရှိ သဘာဝဓာတ်ငွေ့ တည်ရှိမှု အလားအလာကိုထပ်မံကြိုးစား ရှာဖွေဖော် ထုတ်ရန် ကြိုးစားခဲ့ကြပါသည်။

 

မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့သယံဇာတများ ရှာဖွေထုတ်လုပ်ရန် စုစုပေါင်း လုပ်ကွက် ၅၁ ကွက်ဖြင့် ဖွဲ့စည်းထားပြီး ယေဘုယျအားဖြင့် အဆိုပါ လုပ်ကွက် ၅၁ ကွက်ကို မြန်မာနိုင်ငံ ၏ ပထဝီအနေအထားဖြင့်လည်းကောင်း၊ ကမ်းဦးရေတိမ်ပိုင်းနှင့် ရေနက်ပိုင်းပေါ်မူ တည်၍လည်းကောင်း၊ အမည်နာမများ သတ်မှတ်ပြီး မတူညီသော PSC စာချုပ်များ ဖြင့် နိုင်ငံတကာမှ Operator ရေနံကုမ္ပဏီ များကို လုပ်ကိုင်ခွင့်ပေးထားသည်။ လက်ရှိ အချိန်တွင် ထုတ်လုပ်ရေး လုပ်ငန်းများကို လုပ်ကွက် ရှစ်ခုတွင် စီမံကိန်းလေးခုဖြင့် ဆောင်ရွက်နေကြပြီး လုပ်ကွက် ၂၁ ခုတွင် သက်ဆိုင်ရာ Operator များမှ ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်နေကြပါသည်။

 

MPRL E&P ကုမ္ပဏီသည် ၁၉၉၆ ခုနှစ်မှစ၍ မန်းရေနံမြေအထွက်တိုးစီမံကိန်း ကို PCC စာချုပ်ဖြင့် MOGE နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ရာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ရရှိသောအကျိုးအမြတ် ဝင်ငွေအား ပြန်လည်ရင်းနှီးမြှုပ်နှံမှု (ReInvestment) လုပ်သည့်အနေဖြင့် ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလတွင် မြန်မာပြည် ဧရာတီ အနောက်ဘက်ကမ်းလွန် လုပ်ကွက်အမှတ် A-6 ကို ထုတ်လုပ်မှု အပေါ် အကျိုးတူခွဲဝေ ခံစားခြင်းစာချုပ် (PSC) ကို လက်မှတ်ရေး ထိုးခဲ့ပါသည်။ ကနဦးတွင်လုပ်ကွက်အမှတ် A-5 (သို့မဟုတ်) A-7 ကို MPRL E&P မှ လုပ် ကိုင်ခွင့် အဆိုပြုလျှောက်ထားခဲ့သော်လည်း A-6 ကိုသာ လုပ်ကိုင်ခွင့်ရခဲ့ပါသည်။ လုပ်ကိုင် ခွင့်ပေးအပ်သော လုပ်ကွက်အမှတ် A-6 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေလေ့လာ မှုများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ခဲ့ပြီး PSC စာချုပ်ချုပ်ဆိုသည့် ၂၀ဝ၇ ခုနှစ်မှ စတင်ကာ ကမ်းရိုးတန်းတစ်လျှောက် မြေပြင် ဘူမိဗေဒလေ့လာရေးများကို လေးကြိမ်တိုင် တိုင် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀ဝ၉ ခုနှစ်တွင် ၁၉၅၅ကီလိုမီတာရှိ 2D ဆိုက်စမစ်ကို တိုင်းတာခဲ့ပြီး ၂၀၁၀ ပြည့် နှစ်တွင် လေ့လာမှုရလဒ်များပေါ်မူတည်၍ ၅၅၄ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိ 3D ဆိုက်စမစ်ကို တိုင်းတာကာ၊ ဘူမိဗေဒ/ ဘူမိရူပ အချက်အလက်များကို ပညာရှင်များ ဖြင့် အသေးစိတ်လေ့လာခဲ့ပါသည်။

 

မြန်မာနိုင်ငံသားများ အဓိက ဦးဆောင်နေသည့် ရေနံကုမ္ပဏီတစ်ခုအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားပြီး စွန့်စားရန်မလွယ်ကူသော ကမ်းလွန်ရေနံ ရှာဖွေရေးလုပ်ငန်းတစ်ခုကို ၁၀ဝ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံကာ ဆောင်ရွက် ခဲ့ခြင်းလည်းဖြစ်သည်။ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်း တွင် “ပြည်သာ-၁” ရှာဖွေရေးတွင်းကို တစ်ဖွဲ့ တည်း စွန့်စားရင်းနှီး တူးဖော်ခဲ့ပါသည်။ ရေ အနက်မီတာ ၂၀ဝ ကျော်ခန့်တွင် “ပြည်သာ-၁ (က)” ကို အနက် ၄၅၈၅ ပေ (၁၃၉၈ မီတာ) အထိ တူးဖော်ခဲ့ပြီး အဆိုပါတွင်း၏ တိုင်းတာ တွေ့ရှိချက်များအရ သဘာဝဓာတ်ငွေ့ သဲကြော ရှာဖွေတွေ့ရှိမှုကို အတည်ပြုနိုင်ခဲ့ပါသည်။

 

“ပြည်သာ-၁ (က)” တွင်းမှ လုပ်ကွက် အမှတ်A-6၏ သဘာဝဓာတ်ငွေ့ခိုအောင်းမှုနှင့် အတူလုပ်ကွက်အမှတ် A-6တွင် ယခင်ဘူမိဗေဒ ပညာရှင်များ ယူဆထားသော သဘာဝဓာတ်ငွေ့ များ ခိုအောင်းနိုင်မည့်သဲကြာ (Reservoir) မရှိနိုင်ဟုဆိုသော အချက်ကိုလည်းချေဖျက်နိုင် ခဲ့သည်။ အရှေ့မှအနောက်သို့ အနည်ပို့ချသည့် Channel Systemos တည်ရှိကြောင်းကို အတည် ပြုပေးနိုင်ခြင်းဖြင့် မြန်မာ့အနောက်ဘက်  ကမ်းလွန်သ၏ဘာဝဓာတ်ငွေ့ သယံဇာတများ တွေ့ရှိနိုင်ရန် စိတ်ဝင်စားဖွယ် အနာဂတ်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါသည်။ ရေနံရှာဖွေရေး လုပ်ငန်း၏ သဘောသဘာဝသည် စွန့် စားနိုင် မှသာ အောင်မြင်မှုကိုရရှိနိုင်မည်ဖြစ်ရာ စွန့်စားရကျိုးနပ်ခဲ့ပြီး “ပြည်သာ-၁ (က)” အောင်မြင်မှု သည် နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ၏ စိတ်ဝင်စားမှုကိုဖြစ်ပေါ်စေခဲ့ပါသည်။

 

တိုင်းတာထားသော အချက်အလက်များ အရ လုပ်ကွက်အမှတ် A-6 ၏ ရေနက်ပိုင်းတွင် အလားအလာကောင်းများရှိနိုင်ကြောင်းသတိပြု မိခဲ့သည်။ ထို့နောက် ရေနက်ပိုင်းတူးဖော်မှုတွင် အတွေ့အကြုံရင့်သည့် Partner တစ်ဦးဖြစ် သည့် ဩစတြေးလျနိုင်ငံရှိ Woodside Energy ရေနံကုမ္ပဏီမှ ၂၀၁၃ ခုနှစ်တွင် MPRL E&P နှင့် ၅၀ ရာခိုင်နှုန်း အချိုးကျ ပါဝင်ပူးပေါင်းလာ ခဲ့ပါသည်။ လုပ်ကွက်အတွင်း အလားအလာ များကို ပိုမိုသိရှိနိုင်ရန် သုံးဖက်မြင် 3D ဆိုက် စမစ်တိုင်းတာမှုများ ဆောင်ရွက်ခဲ့သည်။ တိုင်း တာတွေ့ရှိချက်များအရ လုပ်ကွက်၏ ရေနက် ပိုင်း မီတာ ၂၀ဝဝ ခန့်တွင် နောက်ထပ် အလား အလာရှိသည့်ရေနံနှင့်သဘာဝဓာတ်ငွေ့ခိုအောင်း နိုင်မည့် အနေအထားကို စူးစမ်းတွေ့ရှိခဲ့ပါသည်။ သို့သော် တိကျသည့်အဖြေထုတ်နိုင်ရန် အတွက်မူ ရှာဖွေရေးတွင်းတူးဖော်မှသာ သိရှိ မည်ဖြစ်ရာ ပင်လယ်ရေနက်ပိုင်းတွင် တည်ရှိ သဖြင့် ရေနက်ပိုင်းတွင်း တစ်တွင်း၏ ပျမ်းမျှ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ပေါင်းရာကျော်ရှိမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် တွင် ရေနက်ပိုင်း ရှာဖွေထုတ်လုပ်မှု အတွေ့ အကြုံရှိသည့် Total ရေနံကုမ္ပဏီမှထပ်မံပါဝင် လာခဲ့ရာ အတွေ့အကြုံရှိသောလုပ်ဖော်ကိုင်ဖက်များ လက်တွဲမိပြီး Woodside (၄၀ ရာခိုင်နှုန်း)၊ Total (၄၀ ရာခိုင်နှုန်း) နှင့်လုပ်ကွက် Operator ဖြစ်သည့် MPRL E&P (၂၀ ရာခိုင်နှုန်း) အမျိုး ကျပါဝင်ခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

 

ဤသို့ဖြင့် “ရွှေရည်ထွန်း-၁” ရှာဖွေရေး တွင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် စတင်တူးဖော်ခဲ့သည်။ ရေအနက်ပေ ၆၆၆၀ ခန့် (မီတာ ၂၀၃၀) တွင် ရေနက်ပိုင်း တွင်းတူးသင်္ဘောဖြင့် တူးဖော်ခဲ့ရာ သဘာဝဓာတ်ငွေ့သဲကြာကို တိုင်းတာတွေ့ရှိပြီး အသားတင် သဘာဝဓာတ်ငွေ့ သဲကြာ (Net Pay) အထူ ၁၀၈ ပေ (၃ မီတာ) ခန့်တွေ့ရှိခဲ့ပါသည်။ သဘာဝဓာတ်ငွေ့ နမူနာများကို လည်း စမ်းသပ် ရယူနိုင်ခဲ့ခြင်းကြောင့် ရေနက် ပိုင်းတွင် အလားအလာကောင်းသည့် သဘာဝ ဓာတ်ငွေ့သိုက်တည်ရှိမှုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ရက်တွင်အတည်ပြုနိုင်ခဲ့ပါသည်။ အဆိုပါတွင်းအား အနက်ပေ ၁၇၄၀၈ (မီတာ ၅၃၀၆) အထိ၊ အောင်မြင်ချောမွေ့စွာ တူးဖော် နိုင်ခဲ့သည်။

 

၂၀၁၇ ခုနှစ် ဇွန်လတွင် တတိယမြောက် ရှာဖွေရေးတွင်း “ပြည်သစ်-၁” ကို ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၏အနောက်မြောက် ဘက်ကီလိုမီတာ ၉၀ ခန့်အကွာ၊ ပင်လယ် ရေနက် ၆၅၆၅ ပေ (၂၀ဝ၁ မီတာ) တွင် တူး ဖော်ခဲ့သည်။ တွင်းအနက် ၁၄၉၉၃ ပေ (မီတာ ၄၅၇၀) အထိတူးဖော်ခဲ့ပြီး အဆိုပါတွင်း၌ တိုင်းတာရရှိသော အချက်အလက်များအရ အသားတင်ဓာတ်ငွေ့ သဲကြောအထူ ၁၁၈ ပေ (၃၆ မီတာ) ခန့်ကို တွေ့ရှိခဲ့သည်။ ထုတ်လုပ်မှု စမ်းသပ်ရာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀ခန့် စမ်းသပ်ထုတ်ယူရရှိခဲ့ပါသည်။

 

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် “ပြည်သာ ယာ-၁" ရှာဖွေရေးတွင်းကို ထပ်မံတူးဖော်ခဲ့ပြီး ဓာတ်ငွေ့သိုက်တည်ရှိမှု အလားအလာကို အတည်ပြုခဲ့ပြန်ပါသည်။ လုပ်ကွက်အမှတ် A-6 တွင် တွေ့ရသော သဘာဓာတ်ငွေ့ခိုအောင်းနိုင်သည့်အလားအလာရှိသည့် ကျောက်လွှာ အရေအတွက်မှာ လက်ရှိအချိန်ထိ ၁၄ ခု  ခန့်ရှိနိုင်ကြောင်း တွေ့ရှိရပါသည်။ ယင်းတို့အားလုံးကို တူးဖော်စမ်းသပ်ရမည်ဆိုပါက အချိန်နှင့်ငွေကြေးများစွာ ကုန်ကျမည်ဖြစ်ပြီး ပင်လယ်ပြင်၏ နက်ရှိုင်းမှုကလည်း အရှေ့အာရှ နှင့် ပစိဖိတ်ဒေသတွင် အနက်ဆုံး အခြေအနေ ဖြစ်ရာ အလွန်စွန့်စားရသည့်ရှာဖွေရေးလုပ်ငန်း တစ်ခု ဖြစ်ပါသည်။

 

မည်သို့ပင်ဆိုစေ စီးပွားဖြစ်ထုတ်လုပ်နိုင်မှုအတွက် အတည်ပြုရမည်ဖြစ်ရာ၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပဉ္စမမြောက်တွင်း “ရွှေရည်ထွန်း-" ကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်မြောက်ဘက်မိုင် ၆၀  ခန့်အကွာ ပင်လယ်ပြင်ရေအနက် ၇၆၂၈ ပေ (၂၃၂၅ မီတာ) တွင် တွင်းအနက် ၁၅၉၁၂ ပေ (မီတာ ၄၈၅၀) အထိ တူးဖော်နိုင်ခဲ့ပါသည်။

 

တွင်းတိုင်းတာချက်အရ သဘာဝဓာတ်ငွေ့ ခိုအောင်းနေသော အသားတင်သဲကြာအထူ ( ၁၃၅ ပေ (၄၁ မီတာ) ရှိကြောင်းတွေ့ရသည်။ မိမိတို့မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန် သော အနေအထားဖြစ်ပြီးထုတ်လုပ်မှု စမ်းသပ် ရာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၅၃ သန်း ခန့် စမ်းသပ်ရရှိ ခဲ့သည်။ လုပ် ကွက်အတွင်း အလားအလာရှိသော သဲကြာ (Submarine Channel) ၁၄ ခု အနက် နှစ်ခု  ကို စမ်းသပ်နိုင်ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ခိုအောင်းနိုင်မှုကို အတည်ပြုနိုင်ခဲ့ပါသည်။ ပထမဆုံးကမ်းလွန်ရေနက်ပိုင်း စီမံကိန်းတစ်ခု။

 

မြန်မာပြည် အနောက်ဘက်ကမ်းလွန် ဒေသ၏ ဖြစ်စဉ်ကိုပြန်ကြည့်လျှင် အလွန် စိတ်ဝင်စားစရာကောင်းသလို စိတ်လှုပ်ရှား စရာလည်း ကောင်းလှသည်။ အထူးသဖြင့် ရေနက်ပိုင်းမှာ စိန်ခေါ်မှုကြီးမားလှသည်ဆိုရမည်။ မြန်မာပြည်အနောက်ဘက် ကမ်း လွန်မြောက်ပိုင်းတွင် တွေ့ခဲ့သော ရွှေသဘာ ဓာတ်ငွေ့သိုက်ဖြစ်တည်မှုသည် မြောက်ဘက် ဆီမှကျဆင်းလာသော အနည်ကျ သဲကျောက်များတွင် ခိုအောင်းနေခြင်း ဖြစ်သည်။ ဤအချက် သည် လုပ်ကွက်အမှတ် A-6 တွင် တွေ့ရှိသော သဘာဝဓာတ်ငွေ့ ခိုအောင်းသည့် ပုံသဏ္ဌာန် နှင့် ခြားနားနေပြီး လုပ်ကွက်အမှတ် A-6 တွင် သဘာဝဓာတ်ငွေ့များသည် အရှေ့ဘက်မှ အနောက်ဘက်သို့ ပို့ချသော အနည်ကျ သဲကျောက်လွှာများတွင် တွေ့ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် လက်ရှိဧရာဝတီ မြစ်ကြောင်းများဆီမှ ဘူမိသက်တမ်းတစ်ခု အတွင်း ပို့ချသောအနည်ကျ သဲကျောက်များ တွင် ခိုအောင်းဖြစ်တည်နေသည့် ရေနံဓာတ်ငွေ့ သိုက်တစ်ခုဖြစ်သည်။ ထိုဧရာဝတီအနည်ပို့ချမှု စနစ် တည်ရှိမှုက ပညာရှင်များအတွက် ရေနံ ရှာဖွေရေးဆိုင်ရာ ရှာဖွေတွေ့ရှိမှုအသစ်တစ်ခု လည်း ဖြစ်သည်။

 

မြန်မာနိုင်ငံလုပ်ကွက်အမှတ် A-6 ၏ သဘာဝတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်းသည် ပင်လယ်ရေနက်ပိုင်း မီတာ ၂၀ဝဝ ခန့်တွင် ဆောင်ရွက်မည်ဖြစ်ရာ ပထမဆုံး (History Making) ရေနက်ပိုင်းထုတ်လုပ်မှု (UltraDeepwater Development & Production) စီမံကိန်းတစ်ခုအဖြစ် မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းမှာပင် ရေနက် ပိုင်းမှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေသော စီမံကိန်းပေါင်း ၁၆ခုခန့်သာရှိရာ လုပ်ကွက် အမှတ် A-6 စီမံကိန်းသည် မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်း အတွက်ထူးခြားသော စီမံကိန်းဖြစ်လာပါ လိမ့်မည်။ ပညာရပ်ပိုင်းဆိုင်ရာနှင့် လုပ်ငန်း ပိုင်းဆိုင်ရာ အခက်အခဲများစွာရှိရာ လုပ်ငန်း များ အချိန်မီပြီးစီးရေးအတွက် ငွေအား လူအားများစွာ အသုံးချကာ ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်သည်။

 

မိမိတို့တိုင်းပြည်သည် စွမ်းအင် လိုအပ်ချက် အမြဲတိုးတက်နေသည်ဖြစ်ရာ မိမိတို့သယံဇာတကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်မှသာ ကုန်ကျစရိတ်သက်သာသည့်  စွမ်းအင်ကို သုံးစွဲနိုင်မည်ဖြစ်သည်။ အထူးသဖြင့် လျှပ်စစ်သုံးစွဲမှုသည် တစ်နှစ်လျှင် ( ၁၂ ရာခိုင်နှုန်းခန့် တိုးတက်နေပြီး ဘာ ဓာတ်ငွေ့ အပေါ်မှီခိုမှုမှာ ရေအားလျှပ်စစ်ပြီး လျှင် ဒုတိယနေရာတွင် ရှိနေသည်။

 

သို့ဖြစ်၍ MPRL E&P Total Woodside တို့မှ Development & Production ဖွံ့ဖြိုးရေးလုပ်ငန်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ခေါင်းချင်းဆိုင် ကြရသည်။ ရေနက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်း၏ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ဘီလီယံချီမည်ဖြစ်ရာ ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းကို ရှာဖွေရလိမ့် မည်ဖြစ်သည်။ ထို့အတွက် နိုင်ငံတော်၏ အားပေးကူညီမှုကလည်းအရေးကြီးပါသည်။

 

ယခု မြန်မာ့ကမ်းလွန်စီမံကိန်းကြီး လေးခုမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ -ကုဗပေသန်း ၁၈၀ဝ ခန့် ထုတ်လုပ်နေ သည်။ ကုဗပေသန်း ၄၀ဝ ခန့်သာ ကိုယ့် တိုင်းပြည်အတွက် အသုံးချနေပြီး ကုဗပေ သန်း ၁၄၀ဝ ခန့်က ပြည်ပသို့ ရောင်းချပေး နေသည်။ အရှေ့တောင်အာရှတွင် ပြည်ပသို့ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ပို့လွှတ် ရောင်းချနေသော နိုင်ငံများအနက် မြန်မာနိုင်ငံသည် ထိပ်ပိုင်းမှာ ရှိနေသည်။ အထူး သဖြင့် ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ပမာဏများစွာမှာ မြန်မာနိုင်ငံအပေါ် မှီခိုနေရသည်။ တရုတ်နိုင်ငံကလည်း ၎င်းတို့၏ အနဂတ် လိုအပ်လာမည့် စွမ်းအင်အတွက် မြန်မာပြည်က ပထဝီအနေအထားအရ မဟာဗျူဟာကျသော အခြေအနေဖြစ်သည်။ အိန္ဒိယကလည်း သဘာဝတ်ငွေ့ကို လိုချင် သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံသည် ထိုင်း၊ တရုတ်၊ အိန္ဒိယတို့အတွက် အဂတ်စွမ်းအင်နှင့်ပတ်သက်လျှင် ဒေသ တွင်း အရေးပါသောနိုင်ငံတစ်ခုအဖြစ်တည် ရှိနေသည်။

 

မြန်မာ့ကမ်းလွန်ရှိလက်ရှိစီမံကိန်းကြီး များ ထုတ်လုပ်မှုကျဆင်းလာချိန်တွင် လုပ် ကွက်အမှတ် A-6 မှ ပြည်တွင်း/ပြည်ပ အတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းကာ နိုင်ငံတော်၏ စီးပွားရေးကိုများစွာ အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။ ပထမဦးဆုံး ကမ်းလွန်တွင်း “ပြည်သာ-၁ (က)” မှ အစပြုခဲ့သည့် ကမ်းလွန်လုပ်ကွက် အမှတ် A-6 စီမံ ကိန်းသည် လက်ရှိ မြန်မာ့ ကမ်းလွန် ရေနံစီမံကိန်းများဖြစ်သော ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇောတိကတို့ပြီး လျှင် ပဉ္စမမြောက်ထပ်မံ ထွက်ပေါ်လာမည့် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတစ်ခုဖြစ်သလို အရှေ့တောင်အာရှဒေသတွင် ပထမ ဆုံး ထွက်ပေါ်လာမည့်ကမ်းလွန်ရေနက်ပိုင်း (Ultra-Deepwater) သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စီမံကိန်းကြီးတစ်ခု ဖြစ်လာ မည်ဟု ယုံကြည်ပါကြောင်း ရေး သားတင်ပြလိုက်ရပါသည်။