“ ပထမအကြိမ် တရားလွှတ်တော်‌ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ်- ၁/၂၀၂၂ ကျင်းပ”

နေပြည်တော် ဇန်နဝါရီ ၁၇

 

ယနေ့ နံနက်ပိုင်းက တရားလွှတ်တော်‌ရှေ့နေများကောင်စီ၏ ပထမအကြိမ် အစည်းအဝေး အမှတ်စဉ်- ၁/၂၀၂၂ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက် အမှတ်(၆)ရှိ တရားလွှတ်တော်‌ ရှေ့နေများ ကောင်စီရုံးတွင် COVID– 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ Social Distancing နှင့်အညီ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရားလွှတ်တော် ရှေ့နေများကောင်စီ အဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးကင်းရှင်းစွာ ပြည်သူ့အကျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တရားလွှတ်‌တော်ရှေ့နေများ ကောင်စီ၏ အဓိကလုပ်ငန်းစဉ်များတွင် တရားလွှတ်‌တော်ရှေ့နေများအပေါ် တိုင်ကြားသည့် တိုင်ကြားစာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်စေရန် စိစစ်ပြီး လွှဲပြောင်းပေးသင့်သော တိုင်ကြားစာများကို လွှဲပြောင်းပေးကြောင်း၊ တရားလွှတ်တော်ရှေ့နေများ၏ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်မှုနှင့် စပ်လျဉ်း၍ တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှု ပြုလုပ်ရန် သင့်- မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထား တောင်းခံသည့်ကိစ္စရပ်များ၌ တရားလွှတ်တော် ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍  မျက်နှာစုံညီ အစည်းအဝေးများ ကျင်းပပြုလုပ်ပြီး ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာ၊ တာဝန်၊ အခွင့်အရေးများနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များ သဘောထား ပြန်ကြားရကြောင်း၊ တရားလွှတ်တော် ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားလာသော လျှောက်လွှာများကို တရားလွှတ်တော် ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ-မရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က သဘောထားတောင်းခံသည့် ကိစ္စကိုလည်း တရားလွှတ်တော်ရှေ့နေများကောင်စီ Enroll စိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ ဝင်ခွင့် နည်းဥပဒေနှင့်အညီ ကန့်ကွက်ရန် မရှိက မရှိကြောင်း သဘောထား ပြန်ကြားပေးခြင်း ပြုလုပ်ရကြောင်း။

 

ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများနှင့် ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေ ပညာဌာနမှ Online ဖြင့် ဖွင့်လှစ်သင်ကြားသော ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာ သင်တန်း (Post Graduate Diploma in Law) အောင်မြင်သူ များက တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကောင်စီကို သဘောထားတောင်းခံသည့် ကိစ္စများတွင် တရားလွှတ်တော်ရှေ့နေ ဝင်ခွင့်အချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်လေ့လာပြီး ဝင်ခွင့်နည်းဥပဒေများနှင့်အညီ ကန့်ကွက်ရန်မရှိက ကန့်ကွက်ရန် မရှိကြောင်း သဘောထား ပြန်ကြားဆောင်ရွက်ပေးကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်းများက လွှဲပြောင်းပေးပို့လာသော တရားလွှတ်တော်ရှေ့နေများအပေါ် တိုင်ကြားလာသော တိုင်ကြားစာများနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တိုင်ကြားစာများ လွှဲပြောင်းပေးရန်  အတည်ပြု ပေးရကြောင်းပြောကြားသည်။

 

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ တရားလွှတ်တော် ရှေ့နေများကောင်စီ ဥက္ကဋ္ဌနှင့် အတူ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော် ရှေ့နေများကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ တရားလွှတ်တော်ရှေ့နေများ ဖြစ်ကြသော ဦးမြသိန်း၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးမြင့်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် ကောင်စီအတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်တို့ တက်ရောက်ကြောင်းသိရသည်။

 

သတင်းစဉ်