ပဉ္ဓမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာ အသီးသီး၌ ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်-

 

ဦးစိန်ဝင်း

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ နည်းစနစ်နှင့် ခုံသမာဓိကော်မတီဝင်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ မြန်မာ့သိုင်းပြိုင်ပွဲကို ပါဝင်ကျင်းပပေးတာဟာ မြန်မာ့ရိုးရာသိုင်းပညာ ပိုမိုအဆင့်မြင့်မားလာပြီး အရှေ့တောင်အာရှအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပထမခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ ကလေးတွေလည်း ပြိုင်ပွဲဝင်ရတဲ့အတွက် အားကစား စိတ်ဓာတ်တွေ တက်ကြွလာမယ်။ အားကစားအဆင့်အတန်းလည်း ပိုမိုမြင့်မားလာမယ်။ မြန်မာ့သိုင်းပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော် အဆင့်ပြိုင်ပွဲတွေ မကျင်းပနိုင်ရင်တောင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ပြိုင်ပွဲတွေ မကြာမကြာ ကျင်းပပေးဖို့လိုပါတယ်။ အခုလို မြန်မာ့သိုင်း (အပြ) ပြိုင်ပွဲတွေတင်မဟုတ်ဘဲ အတိုက်ပြိုင်ပွဲတွေလည်း ကျင်းပပေးစေချင်ပါတယ်။ အဲဒီလိုကျင်းပပေးရင် နိုင်ငံတကာအထိ ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာတော့ သိုင်းပညာရှင်စွမ်းရည်ပြ ပြိုင်ပွဲမှာ လက်သိုင်း၊ ဓားတစ်လက်၊ ဓားနှစ်လက်၊ တုတ်ရှည်လှံရှည်၊ ၁+၂ ကျားမ အတွဲလိုက်၊ ၁+၃ ကျားမ၊ တစ်ကိုယ်တော်အပြပြိုင်ပွဲတွေလည်း ပါဝင်ပါတယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မှာ မြန်မာ့သိုင်းကို ထည့်သွင်းကျင်းပပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေ၊ အားကစား ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ကို ကျေးဇူးတင်ပါတယ်။

 

မောင်ဝင်းကျော်

အမျိုးသားဘော်လီဘောပြိုင်ပွဲဝင်

မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု

နိုင်ငံတော်အဆင့်ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော်ကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာ ဂုဏ်လည်းဂုဏ်ယူသလို မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသားဘော်လီဘော အသင်းနဲ့အတူ ရွှေတံဆိပ်ဆုရတော့ ပိုပြီးဝမ်းသာပါတယ်။ ဘယ်အသင်းကိုမှ လျှော့တွက်လို့ မရတဲ့အတွက် အတော်လေးလေ့ကျင့်ခဲ့ရတယ်။ စွမ်းရည်မြင့်တဲ့ အသင်းတွေကို ကျော်ဖြတ်ပြီးမှ ရွှေတံဆိပ်ဆုရခဲ့တော့ ပိုပြီးပျော်ပါတယ်။ ဒီလိုပြိုင်ပွဲတွေ များများကျင်းပပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ အားကစားသမားတွေအတွက် အများကြီးအကျိုးရှိတာပေါ့။ မျိုးဆက်သစ် အားကစားသမားတွေလည်း အများကြီးပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘော်လီဘောအားကစားကို စိတ်ဝင်စားလို့ အသက် ၁၄ နှစ်ကတည်းက လေ့ကျင့်ခဲ့တာပါ။ အခုရရှိတဲ့ရွှေတံဆိပ်နဲ့ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးပြိုင်ပွဲတွေကရတဲ့ ရွှေတံဆိပ်အပါအဝင် ရွှေတံဆိပ်စုစုပေါင်း သုံးခုရှိသွားပါပြီ။

 

မနှင်းရတနာဝေ

မြန်မာ့သိုင်းအားကစားပြိုင်ပွဲဝင်

ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု

အခု ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြိုင်ပွဲမစခင် ရက်ပေါင်း ၅၀ ကြာစခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ မြန်မာ့သိုင်းပညာကို စိတ်ဝင်စားလို့ ဝင်ပြိုင်ဖြစ်တာပါ။ အခုလို နိုင်ငံတော်အဆင့်ကျင်းပတဲ့ပွဲတော်ကြီးမှာ တစ်ခါမှမယှဉ်ပြိုင်ခဲ့ဖူးပါဘူး။ ပထမဆုံးအကြိမ်ပါ။ အခုပွဲတော်မှာ မြန်မာ့သိုင်းကို ထည့်သွင်းကျင်းပပေးတာဟာ မြန်မာ့သိုင်းပညာကို အဆင့်မြှင့်တင်တဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။ အရင်တုန်းက မြန်မာ့သိုင်းကို သိပ်စိတ်မဝင်စားခဲ့ဘူး။ အခုလို ဝင်ပြိုင်ဖြစ်မှ ပိုပြီးစိတ်ဝင်စားလာတယ်။ မြန်မာ့သိုင်းကို လူငယ်တွေ သင်ယူလိုစိတ်ဖြစ်အောင်လည်း ပညာတွေဆက်သင်ပြီး မျှဝေသွားမှာပါ။ အခုလို ပွဲတော်ကြီး ကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

 

မသက်ထားဗို

အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲဝင်

မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု

အခုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် နှစ်လလောက် ပြင်းပြင်းထန်ထန် စခန်းသွင်းလေ့ကျင့် ခဲ့ရပါတယ်။ လက်ဝှေ့အားကစားကို ဝါသနာပါလို့ လေ့လာသင်ယူခဲ့တာပါ။ အရင်တုန်းကတော့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖူးပါတယ်။ အခုလိုနိုင်ငံတော်အဆင့်ပြိုင်ပွဲတွေမှာတော့ တစ်ခါမှ ပါဝင်ယှဉ်ပြိုင်ခဲ့တာမရှိပါဘူး။ ဒီနေ့ယှဉ်ပြိုင်ခဲ့တာကတော့ ကွာတားဖိုင်နယ် ပွဲစဉ်ဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွက်လာမယ်၊ ပြိုင်ပွဲအတွေ့အကြုံတွေလည်းရမယ်၊ အဲဒါကြောင့် နိုင်ငံတော်အဆင့် အမျိုးသားအားကစားပြိုင်ပွဲတွေ ကျင်းပပေးတာ ကောင်းပါတယ်။ နောက်လည်း အခုလို အားကစားပြိုင်ပွဲတွေ ဆက်လက်ကျင်းပပေး စေချင်သလို ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

 

မဖူးမြတ်ဝေ

ဂျူဒိုအားကစားပြိုင်ပွဲဝင်

မွန်ပြည်နယ်ကိုယ်စားပြု

ဂျူဒိုအားကစားကို စိတ်ဝင်စားလို့ လေ့လာသင်ယူခဲ့တာဖြစ်ပြီး အခုပဉ္စမအကြိမ် အမျိုးသား အားကစားပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် သုံးလလောက်စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ ဂျူဒိုအားကစားကို ဝါသနာပါလို့ လွန်ခဲ့တဲ့နှစ်နှစ် လောက်ကတည်းက လေ့ကျင့်ခဲ့တာပါ။ အခုလို နိုင်ငံတော်အဆင့်ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကလာတဲ့ အားကစားသမား‌တွေရဲ့ ကစားပုံကစားနည်းတွေကို လည်းတွေ့ရသလို ပြိုင်ပွဲဝင် အတွေ့အကြုံတွေလည်း ရပါတယ်။

 

မနွယ်နီထား

အမျိုးသမီးဘော်လီဘောပြိုင်ပွဲဝင်

တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု

အခုလို ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့ နှစ်လကျော်လောက် လေ့ကျင့်ခဲ့တာပါ။ အခုပြိုင်ပွဲကတော့ နိုင်ငံတော်အဆင့်ပွဲဖြစ်တာကြောင့် အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ အရင်ကတော့ ကျောင်းသားအားကစားပွဲတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ကျောင်းသား အားကစားပွဲတော်မှာတော့ ရွှေတံဆိပ်ဆုတွေလည်းရခဲ့ပါတယ်။ ဘော်လီဘော အားကစားကို ငယ်ငယ်ကတည်းက စိတ်ဝင်စားလို့ လေ့ကျင့်ခဲ့တာပါ။ နောက်လည်း အခုလိုမျိုး အားကစားပွဲတော်တွေ ဆက်လက်ကျင်းပပေးပါလို့ တောင်းဆိုချင်ပါတယ်။

 

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ

အလင်းသစ်၊ လင်းရာမ