ညောင်လေးပင် ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ ရွှေဇာမြေ လူမှုကူညီရေးအသင်းမှ တာဝန်ယူဆောင်ရွက်သော ညောင်လေးပင် မြို့နယ်သုံး (ရွေ့လျား) အောက်ဆီဂျင်ထုတ်လုပ်ရေးစက် ရောက်ရှိ တပ်ဆင်ပြီးစီးလျက်ရှိပြီဖြစ်၍ သြဂုတ် ၂၀ ရက်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများအောက်ဆီဂျင်ကြောင့် အသက်ဆုံးရှုံးမှုမဖြစ်စေရန် ရည်ရွယ်၍ ပြွန်တန်ဆာမြို့ ရွှေဇာမြေ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများဦးဆောင်၍ စေတနာရှင် အလှူရှင်များ စုပေါင်းကာ ကြိုးစားဆောင်ရွက်မှုကြောင့် အောက်ဆီဂျင်ထုတ်လုပ်ရေးစက် (ရွေ့လျား)စက်ကို တရုတ်နိုင်ငံမှ ဝယ်ယူနိုင်ခဲ့ပြီး အဆိုပါ အောက်ဆီဂျင်စက်ရုံကို ပြွန်တန်ဆာမြို့၊ မြို့မ(၃) ရပ်ကွက်၊ ပန်ဒါဆန်စက်ဝင်းရှေ့ တည်ဆောက်ပြီး စက်တပ်ဆင်ပြီးစီးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြို့နိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အောက်ဆီဂျင်စက်တန်ဖိုးမှာ ငွေကျပ်သိန်း ၁၀၀၀ ဝန်းကျင်ကုန်ကျကြောင်း၊ နည်းပညာပိုင်းများကို ကျွမ်းကျင်သူများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကာ အောက်ဆီဂျင်စက်အနေဖြင့် တစ်ရက်လျှင် လီတာ ၄၀ အိုး ၆၆ လုံးအထိ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ ယခုပြွန်တန်ဆာ တိုက်နယ်ဆေးရုံတွင် အောက်ဆီဂျင် ၁၀ ငုတ် တပ်ဆင်ပေးထားပြီး အောက်ဆီဂျင် လိုအပ်သူလူနာများအား မကြာမီ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ စက်ရုံလည်ပတ်နိုင်ပါက ညောင်လေးပင်မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်သူပြည်သူများ သုံးစွဲနိုင်ပြီဖြစ်သလို ပိုလျှံမှုရှိပါက အခြားမြို့နယ်များမှ လိုအပ်သူများကိုပါ ဖြန့်ဝေလှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)


