ပန်းတောင်းမြို့နယ်၌ နွေစပါး ၁၈၄ ဧကလျာထားပြီး ယနေ့အထိ ၅၂ ဧက စိုက်ပျိုးပြီးဖြစ်

ပန်းတောင်း   မတ်   ၁၁

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နွေစပါး ၁၈၄ ဧက လျာထားပြီး မတ် ၁၁ ရက်အထိ ၅၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၈၄ ဧက ပြည့်မီအောင် တောင်သူများနှင့် ပူးပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပန်းတောင်းမြို့နယ် တုံကင်းအုပ်စု၊ နတ်မောက်အုပ်စု၊ ငါးဆယ်ပေးအုပ်စု၊ ကျောက်ဖူးအုပ်စုတို့တွင် ဒီဇင်ဘာ လကုန်ပိုင်းမှစတင်၍ ရတနာတိုး၊ ထိုင်းနှံကောက် စသည့် ရက် ၁၂၀ စပါးမျိုးများ စိုက်ပျိုးကြကာ စိုက်ပျိုးမြေ အနေအထားအရ တစ်ဧကလျှင် နွေစပါးအထွက်နှုန်း တင်း ၈၀ ခန့် ထွက်ရှိနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း ကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ် မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ သုံးစွဲတတ်စေရေးနှင့် ပိုးမွှားကျရောက်မှုမှ ကာကွယ်နှိမ်နင်းခြင်းတို့ကို နည်းပညာပေး ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းထံမှ သိရသည်။

 

သင်းသင်းအေး(ပြန်/ဆက်)